Latest News

Wednesday, April 26, 2017

တရုတ်၏ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောကို စတင်ပြသ

တရုတ်၏ ဒုတိယမြောက် လေယာဉ်တင် သင်္ဘောကို စတင်ပြသ

တရုတ်ရေတပ်အတွက် ကြီးမားသော အင်အားဖြည့်တင်းမှု တစ်ခုအဖြစ် ဒုတိယမြောက် လေယာဉ်တင် သင်္ဘောတစ်စီးကို ခင်းကျင်း ပြသခဲ့ကြောင်း သိရသည်။

တရုတ် အစိုးရ မီဒီယာများက နိုင်ငံအရှေ့ပိုင်း ဒါလီယန် ဆိပ်ကမ်းတွင် အဆိုပါ လေယာဉ်တင် သင်္ဘောအသစ်ကို တည်ဆောက်ပြီးစီးခဲ့ပြီဟု ဖော်ပြခဲ့သည်။ ထိုလေယာဉ်တင် သင်္ဘောအသစ်သည် ၂၀၂၀ ပြည့်နှစ်တွင် ရေတပ်၌ စတင်၍ အပြည့်အဝ တာဝန်ထမ်းဆောင်ဖွယ် ရှိနေသည်။

တရုတ်သည် ဆိုဗီယက်ခေတ်က လေယာဉ်တင်သင်္ဘော ကိုယ်ထည်အဟောင်းကြီး တစ်ခုကို ယူကရိန်းထံမှ ဝယ်ယူပြီးနောက် အဆင့်မြှင့် မွမ်းမံကာ Liaoning အမည်ဖြင့် လေယာဉ်တင် သင်္ဘော တစ်စီးကို တည်ဆောက်နိုင်ခဲ့သည်။ ယခုတစ်စီးကမူ တရုတ်၏ ရာနှုန်းပြည့် ပြည်တွင်းတွင် တည်ဆောက်သော တရုတ်ရေတပ်ပိုင် ပထမဆုံး လေယာဉ်တင်သင်္ဘော ဖြစ်လာသည်။

တရုတ်အနေဖြင့် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်တို့ကို စိုးမိုးနိုင်ရေးနှင့် ပစိဖိတ်တွင် အမေရိကန်၏ လွှမ်းမိုးမှုကို တုံ့ပြန်ရန်အတွက် လေယာဉ်တင် သင်္ဘောအသစ်များ လိုအပ်လျက် ရှိသည်။ အမေရိကန် ရေတပ်သည် အကြီးစား လေယာဉ်တင်သင်္ဘော ၁၀ စီးထိ ပိုင်ဆိုင်ထားသည်။

ရွေ့လျားနိုင်သော ရေပေါ်ခံတပ်ကြီးများဟု တင်စားလေ့ရှိသည့် လေယာဉ်တင် သင်္ဘောကြီးများသည် ခေတ်သစ် စစ်မက်ရေးရာ မဟာဗျူဟာ ခင်းကျင်းမှု ကဏ္ဍတွင် အထူးအရေးပါသော ယန္တရားကြီးများဟု ဆိုနိုင်သည်။ တရုတ်ရေတပ်သည် အသစ်တည်ဆောက်သည့် လေယာဉ်တင် သင်္ဘော၏ အမည်ကို မရွေးချယ်ရသေးချေ။

အဆိုပါ သင်္ဘောကြီးပေါ်တွင် Shenyang J-15 တိုက်လေယာဉ်များ ဖြန့်ကျက် တပ်စွဲထားမည် ဖြစ်သည်။ ကမ္ဘာ့ လက်နက်ရေးရာ ပါရဂူ အများစုက တရုတ်၏ လေယာဉ်တင်သင်္ဘော နည်းပညာသည် အမေရိကန်ထက် သိသိသာသာ နိမ့်ကျနေဆဲဟု ခန့်မှန်း သုံးသပ်ထားကြသည်။

တရုတ်၏ ပထမဆုံး လေယာဉ်တင် သင်္ဘောနှစ်စီးစလုံးတွင် အမေရိကန် ရေတပ် အသုံးပြုနေသည့် ရေနွေးငွေ့ တွန်းအားပေးပြီး လေယာဉ်များကို လွှတ်တင်သည့် နည်းပညာ မပါရှိသောကြောင့် လေယာဉ်တင် သင်္ဘောပေါ် တပ်စွဲထားသည့် တရုတ် တိုက်လေယာဉ်များသည် လောင်စာဆီ ပိုမို၍ သယ်ဆောင်ရန် လိုအပ်သလို လက်နက်ခဲယမ်းများ တပ်ဆင်ရာတွင်လည်း အကန့်အသတ် ရှိမည်ဟု သိရသည်။

မြောက်ကိုရီးယားနှင့် အမေရိကန်တို့ကြား တင်းမာမှုများ မြင့်တက်နေပြီး အမေရိကန် ရေတပ်၏ နျူကလီးယား စွမ်းအင်သုံး USS Carl Vinson လေယာဉ်တင် သင်္ဘောကြီး ကိုရီးယား ကျွန်းဆွယ်သို့ ဦးတည် ခုတ်မောင်းလာနေသည့် အချိန်တွင် တရုတ်က ၎င်းတို့၏ လေယာဉ်တင် သင်္ဘောအသစ်ကို စတင် ပြသခဲ့ခြင်းလည်း ဖြစ်သည်။

Ref: Bloomberg

7Day News Journal

No comments:

Post a Comment