ပြုံယမ်း၏ နျူဒုံးကျည်ပစ်လွှတ်သည့်နေရာတွင် ဘော်လီဘောကစားသည့် လှုပ်ရှားမှုများတွေ့ရ
ပြုံယမ်း ဧပြီ ၁၉
မြောက်ကိုရီးယားနိုင်ငံ၏ နျူဒုံးကျည်ပစ်လွှတ်သည့်နေရာကို ဂြိုဟ်တုမှတစ်ဆင့် မကြာသေးမီက ရိုက်ကူးထားသော ဓာတ်ပုံအရ ယင်းနေရာတွင် ဘော်လီဘောကစားနေသည့် မြင်ကွင်းများတွေ့ရှိရသည်ဟု အမေရိကန်သုတေသီများက ပြောကြားခဲ့ကြောင်း အင်န်အိတ်ခ်ျကေ သတင်းတစ်ရပ် အရသိရသည်။
မြောက်ကိုရီးယား ဒုံးပစ်လွှတ်သည့်နေရာနှင့် ပတ်သက်ပြီး အမေရိကန်သုတေသီများက ဂြိုဟ်တုမှ တစ်ဆင့် ဓာတ်ပုံရိုက်ကူးပြီး အခြေအနေအကဲခတ်သည့်အခါ မြင်ကွင်းရှုပ်ထွေးစေရန်နှင့် ရလဒ်ခန့်မှန်းမှုများ သဲကွဲမှုမရှိစေရန် ပြုံယမ်းက ဘော်လီဘောကစားသည့် လှုပ်ရှားမှုများဖြင့် အာရုံလွှဲပြောင်းခြင်းဖြစ်သည်ဟု အမေရိကန်သုတေသီများက ထင်ကြေးပေးကြသည်။
ဂျွန်ဟော့ကင်းစ် တက္ကသိုလ်မှ အမေရိကန်သုတေသီ အဖွဲ့တစ်ဖွဲ့က မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း ပန်ဂေးရီနျူဒုံးကျည်ပစ်လွှတ်သည့်နေရာကို ၎င်းတို့ရိုက်ကူးထားသော ဓာတ်ပုံခန့်မှန်းအကဲဖြတ်မှုနှင့်ပတ်သက်ပြီး ဧပြီ ၁၈ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
အမေရိကန်သုတေသီများက ဧပြီ ၁၆ ရက်တွင် ဂြိုဟ်တုမှတစ်ဆင့် ရိုက်ကူးထားသောဓာတ်ပုံအရ ပြုံယမ်း၏ ဒုံးပစ်လွှတ်သည့်နေရာရှိ အဓိကနေရာသုံးနေရာတွင် ဘော်လီဘောကစားနေသည့် မြင်ကွင်းများကို တွေ့ရှိရ ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ ထိုမြင်ကွင်းအရ ပြုံယမ်းအနေဖြင့် နျူဒုံးကျည်ပစ်လွှတ်ရန် နောက်ထပ်စမ်းသပ်မှုများ ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိကြောင်း (သို့မဟုတ်) ၎င်းတို့၏ နျူဒုံးကျည်ပစ်သည့်နေရာကို မျက်ခြည်မပြတ်စောင့်ကြည့် အကဲခတ်နေသည်ကို သိရှိသည့်အတွက် အမေရိကန်နိုင်ငံအား လှည့်ဖြားနေခြင်း ဖြစ်နိုင်ဖွယ်ရှိကြောင်း သုတေသီအဖွဲ့က ဆိုသည်။
အဆိုပါ အမေရိကန်သုတေသီအဖွဲ့က ပြုံယမ်း၏ နျူဒုံးလက်နက်စမ်းသပ်ပစ်လွှတ်သည့်နေရာကို ဂြိုဟ်တုမှ တစ်ဆင့်ဓာတ်ပုံများရိုက်ကူးပြီး မျက်ခြည်မပြတ် စောင့်ကြည့်အကဲခတ်လျက်ရှိသည်။ ပြုံယမ်းအနေဖြင့် နောက်ထပ် နျူလက်နက်စမ်းသပ်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း သုတေသီအဖွဲ့ကပြောကြားခဲ့သည်။
ထို့ပြင် တောင်-မြောက်ကိုရီးယားပြန်လည်ပေါင်း စည်းရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လီဒက်ခ်ဟန်းက မြောက်ကိုရီးယားအနေဖြင့် မကြာမီ နျူဒုံးကျည်စမ်းသပ် ပစ်လွှတ်နိုင်ဖွယ်ရှိကြောင်း ၎င်း၏ထင်မြင်ချက်ကို ပြောကြားခဲ့သည်။
အင်န်အိတ်ခ်ျကေ
M O I
Subscribe to:
Post Comments (Atom)
No comments:
Post a Comment