Latest News

Thursday, April 27, 2017

နွေးနွေးထွေးထွေးအိမ်ထောင်ရေး (၅)အိမ်ထောင်ကျပြီးပေမဲ့လည်း စိတ်ဓါတ်မကျပါနဲ့…

နွေးနွေးထွေးထွေးအိမ်ထောင်ရေး
(၅)အိမ်ထောင်ကျပြီးပေမဲ့လည်း စိတ်ဓါတ်မကျပါနဲ့…

လူတိုင်းလူတိုင်းမှာ အဆင်မပြေတာတွေ၊ ပြဿနာတွေ အခက်အခဲတွေ စုံလင်နေအောင် ရှိကြတယ်။ ဒီလို အဆင်မပြေမှုတွေပြဿနာတွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ အရေးကြီးတဲ့အချက်ဖြစ်တယ်လို့မြင်မိပါတယ်။

ကျွန်မတို့တွေက ငယ်တုန်းကတော့အရာရာတို်င်းကို ရိုးရိုးပဲ တွေး၊ ရိုးရိုးပဲမြင်ပြီး ရိုးရိုးသာနေထိုင်ခဲ့ကြတယ်။ အပျိုလူပျိုဘ၀မှာ ပြဿနာဖြစ်ရင် မိဘက ရှင်းပေးတဲ့အတွက် ပြဿနာဟာ ကိုယ့်ကို ကူမဲ့သူ ရှိတယ်ဆိုပြီး စိတ်အေးလက်အေးလည်း နေနိုင်တယ်။ အချို့ကတော့ အပျိုလူပျို ဘ၀မှာကတည်း မိဘကို အပူမပေးဘဲနဲ့ ကိုယ့်ကိုယ်ကို အားကိုးပြီး ဖြေရှင်းနိုင်တယ်။ ဒါမျိုးလူတွေကတော့  ဘယ်လိုပြဿနာ အခက်အခဲပဲကြုံပစေ ကိုယ့်ကိုယ်ကို အားကိုး ဖြေရှင်းလေ့ရှိကြပါတယ်။

အိမ်ထောင်ကျပြီးတဲ့အခါ ကိုယ်က ရိုးရိုးပဲမြင်နေ တွေးနေ နေနေတုန်းမှာကို ပြဿနာတွေ အဆင်မပြေတာတွေကများလာတယ်၊ဒါကလည်း အိမ်ထောင်သည်ဘ၀ဆိုတာ အကြောင်းအရာပေါင်းစုံပါဝင်နေတဲ့ဘ၀တစ်ခု ဖြစ်သွားပြီလေ၊ ဒါကြောင့်အဆင်မပြေတာတွေ လိုအပ်ချက်တွေ အများကြီး တွေ့လာရပြီး စိတ်ပျက်စရာကောင်းတယ်လို့မြင်လာမိတတ်ကြပါတယ်။

အိမ်ထောင်ရေးလို့ပြောရင် အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် ဖိအားတွေ၊ စိတ်ဖိစီးမှုတွေ အများကြီးနဲ့ ကြုံတွေ့ကြရတာပါပဲ။

အလုပ်ရဲ့ဖိအား၊ အိမ်ထောင်ရေးရဲ့ဖိအား၊ ဆွေရေးမျိုးရေးတွေရဲ့ဖိအား၊  ပတ်ဝန်းကျင်ရဲ့ဖိအားတွေ ..ဒီဖိအားတွေနဲ့နေ့စဉ်ရှင်သန်ရတော့စိတ်ပင်ပန်း ကိုယ်ပင်ပန်း ဖြစ်ရတာပေါ့။

ဒီလို ပင်ပန်းနေပေမဲ့  ကိုယ့်အိမ်ထောင်ဘက်က ကိုယ့်အပေါ်ကို နားလည်ပေးရင်၊ သူက ကူညီဖေးမပေးရင် အပြန်အလှန် ကူညီကြ၊ ဖေးမကြ၊ ကြင်နာကြနဲ့ ပျော်စရာကောင်းပေမဲ့ သူကလည်း မကူ၊ သူကလည်း နားမလည်၊ ပြဿနာ ရှာတယ်ဆိုရင်တော့ သွားပြီ။ သေလို့ရပြီလို့တောင် ဆိုချင်ပါတယ်။

မှတ်မိနေပါသေးတယ်။  ကျွန်မဘ၀ရဲ့ အခက်ခဲဆုံး အချိန်တွေကိုပါ၊

လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျော်လောက်တုန်းကပေါ့ ။ သမီးကြီးကို ကိုယ်ဝန်ဆောင်ထားတဲ့အချိန်၊ သားက  ၄မှစ်ကျော်ပြီး ကျောင်းတက်ဖို့ပြင်ဆင်နေချိန်၊ ခင်ပွန်းကလည်း အိန္ဒိယ နိုင်ငံမှာ ကျောင်းသွားတက်နေလို့အနားမှာ မရှိပြန်ဘူး၊ လုပ်ငန်းကလည်း ပိတ်ခံနေရတဲ့အတွက် ကြွေးပူတွေတင်နေချိန်၊ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာမှာပါ အကူညီပေးမဲ့သူ မရှိဘူး။  စိတ်ပင်ပန်းဆင်းရဲအောင် ဖိအားပေးနေတဲ့သူတွေရဲ့ကြားမှာ စက္ကန့်နဲ့အမျှ ဆင်းရဲခြင်းဆိုတာကို ခံစားရပါတယ်။

နေ့စဉ်နဲ့အမျှ ပင်ပန်း ဆင်းရဲလွန်းလို့ မနက်ဖြန်ဆိုတာ မရှိပါစေနဲ့တော့လို့တောင် ဆုတောင်းဖူးခဲ့တယ်။ သားကြီးကို လက်စွဲပြီး ကိုယ်ဝန်ကြီးနဲ့ ကားဘီးအောက် ပြေးဝင်လိုက်ရမလား။ အဆိပ်သောက်ပြီးတော့သားအမိတွေ အဆုံးသတ်လိုက်ရမလား လို့လည်း တွေးခဲ့ဖူးတယ်။

ဒါပေမဲ့  ဒီလို ပင်ပန်းဆင်းရဲတာ လူရောကိုယ်ပါ ချုံးချုံးကျသွားတာ တစ်နှစ်လောက်ပဲရှိတယ်။ သေလို့ မဖြစ်ပါဘူးလို့ စဉ်းစားပြီး ကျွန်မ ပြန်ထနိုင်ခဲ့တယ်။ ပြဿနာရှိနေချိန်မှာ ကျွန်မရဲ့သည်းခံစိတ်ကို မွေးမြူထားတယ်၊ အရာရာတိုင်းအပေါ်စိတ်ရှည်သည်းခံရတယ်။

အဝေးရောက်နေတဲ့ ခင်ပွန်းကို စာရေးပြီးတော့ပြောပြတော့သူ့ခမျာပိုပြီး စိတ်ပင်ပန်းရတယ်၊ သူက အဝေးမှာ ရှိနေတဲ့ အတွက် ကိုယ်ရင်ဆိုင်နေရတာကိုလည်း အသေးစိတ် မသိပါဘူး၊ဒါကြောင့်လည်း စိတ်ဆင်းရဲမှုတွေ မပေးချင်တော့ဘူး ဆိုတဲ့စိတ်နဲ့ အရာအားလုံးကို ကိုယ်ကပဲ သိမ်းကျုံးပြီး ခံပါတယ်။ ၀ဋ်ကြွေးဆိုရင်လည်း အပြီးဆပ်လိုက်တော့မယ်လို့သာ စဉ်းစားပြီး ဒုက္ခမှန်သမျှကို အဆိုးနဲ့ မတုန့်ပြန်ဘဲနဲ့ပေခံခဲ့တာပါ။

တစ်ဖက်ကလည်း ကလေးငယ်လေးတစ်ဖက်နဲ့  အလုပ်တွေ လုပ်တယ်။ ပင်ပန်းဆင်းရဲလွန်းလို့မြင်ရတဲ့သူများက သနားတာလည်း မခံချင်ဘူး၊ ဒါပေမဲ့ ဘယ်သူ့ကိုမှလည်း အကူအညီကို မတောင်းခဲ့ဘူး။ မကူညီတဲ့သူတွေကိုလည်း အပြစ်မတင်ပါဘူး။ကိုယ့်ပြဿနာ ကိုယ်ရှင်း၊ ကိုယ့်အားကို ကိုးပြီး ကြိုးစားခဲ့တာ။ တစ်ဖက်ကလည်း အကောင်းမြင်တဲ့စိတ်နဲ့ တစ်နေ့ကျရင် ဒီထက်ပိုကောင်းတဲ့ ဘ၀တစ်ခုကို ငါ ရတော့မယ်လို့  လက်ခံထားလိုက်ပါတယ်။

သူပြန်လာတဲ့ အချိန်မှာ သူကို ကိုယ့်ပြဿနာတွေပြောပြတော့သူက ဘာမှ မပြောပါဘူး၊ သူနဲ့ကိုယ်နဲ့ နှစ်ယောက်အတူတူ ကျောခြင်းကပ်ပြီး ကြိုးစားရင်းနဲ့ အကြွေးတွေကိုလည်း ၂ နှစ် ၃ နှစ်အတွင်းမှာ အကျေဆပ်နိုင်ခဲ့တယ်။ အရင်ကထက် ပိုပြီး မြင့်မားတဲ့ဘ၀အခြေအနေတစ်ခုလည်း ရောက်လာခဲ့တယ်။

ပြီးတော့ ဒီလို အခက်အခဲကြီးကြီးမားမားတွေကို ဖြေရှင်းပြီးတဲ့ အခါမှာ ကျွန်မဟာ တော်ရုံအဆင်မပြေတာ၊ တော်ရုံ အခက်အခဲလောက်ဆို မဖြုံတော့ဘူး။

ပြီးတော့ယုံကြည်မှု သူများတွေ ကိုယ့်ကိုယုံလို့ကျေနပ်တာထက် ကိုယ့်ကိုယ်ကို ယုံကြည်လို့စိတ်ချနေတဲ့ကျေနပ်မှုက ဘာနဲ့မှ မတူဘူး။အဲဒီစိတ် အဲဒီယုံကြည်မှု အဲဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်တဲ့အတွေ့အကြုံဆိုတာ ဒီလို ဒုက္ခတွေကြုံလို့သာ ရလိုက်ရတာ။ သိပ်အဖိုးတန်တယ်လို့ယူဆမိတယ်။

တကယ်တော့အားလုံးမှာ ရှိနေတဲ့ဖိအားတွေက ခေါင်းစဉ်သာမတူတယ်၊ စိတ်ဖိအားတွေရဲ့ပမာဏကတော့သိပ်မကွာလှပါဘူး။ သူရော ကိုယ်ပါ ဖိအားရှိတယ်။ အဲဒီဖိအားကို ခံနိုင်ရည်ရှိအောင် တင်းခံပြီး ဘ၀အရေးမှာလည်း တိုးတက်အောင် နေထိုင်နိုင်ဖို့ကသာ အရေးကြီးတာလို့ ကျွန်မကတော့နားလည်မိတယ်။

အချို့က ပြဿနာတွေ့တဲ့အခါ အိမ်ထောင်ဘက်ကို အပြစ်တင် ၊ ဟိုလူ့ကို အပြစ်တင် ဒီလူ့ကို အပြစ်ပြောပြီါ် ဖြေရှင်းကြတယ်။ ဖြေရှင်းလို့လည်း ပြီးရော မျက်နှာပျက်စရာတွေ နောင်တရစရာတွေ ကျန်ခဲ့တယ်။

အချို့ကတော့ပြဿနာ ဖြစ်လာတဲ့အခါ ဟို မိဘနဲ့ ဆွေမျိုး ဆီကနေ လှည့်ပတ်ပြီး အကူအညီတောင်းတယ်၊ သူတို့ရဲ့ကူညီမှုနဲ့ဖြေရှင်းချင်တယ်။မိဘနဲ့ဆွေမျိုးတွေဆီကနေ ရရင်တော့ကျေးဇူးတင်ရမှန်းတောင် မသိဘူး၊ မရဘူး ဆိုရင်တော့ မကူညီရကောင်းလား ဆိုပြီး အပြစ်တင်လို့စိတ်နာလို့ မဆုံးတော့ဘူး။

အချို့ကတော့ပြဿာနာ ဖြစ်တဲ့အခါ လင်မယားနှစ်ယောက် ကျောချင်းကပ်ပြီး ဖြေရှင်းတယ်။ ပြီးဆုံးသွားချိန်မှာ သူနဲ့ကိုယ်နဲ့ပိုပြီး နွေးထွေးတဲ့ ရင်းနှီးတဲ့အနေအထားဖြစ်သွားတယ်။ မိသားစုဘ၀ ပိုပြီး ခိုင်မာသွားတယ်။ တက်ညီလက်ညီကြိုးစားကြတဲ့အတွက် ပိုပြီးပြည့်စုံတဲ့ ဘ၀မျိုးကို ရောက်ရှိသွားတယ်။

အချို့ကတော့ပြဿနာဖြစ်တဲ့အခါ တစ်ယောက်တည်း ဖြေရှင်းရတယ်။ ပြီးသွားတဲ့အခါ အိမ်ထောင်ဘက်အပေါ်စိတ်နာသွားတယ်။ ငါ့ကို တစ်ယောက်တည်း ဖြေရှင်းရလေခြင်းဆိုတဲ့နာကြည်းမှုက အိမ်ထောင်စုကို မပြိုကွဲသွားခဲ့ပေမဲ့ စိတ်နာစရာတွေရှိသွားတတ်တဲ့အတွက် သာယာတဲ့မိသားစု ဖြစ်ဖို့ခဲယဉ်းသွားတတ်ပါတယ်။ဒကြောင့် ခွင့်လွှတ်နားလည်ပေးတာကို ပိုပြီး ကောင်းမွန်တဲ့နည်းလမ်းလို့ဆိုချင်ပါတယ်။

ပြဿနာဆိုတာ ဖြေရှင်းရင်းနဲ့လည်း ပြီးဆုံးသွားတတ်သလို၊ အချိန်တန်တော့လည်း သူ့ဟာနဲ့သူ ရှင်းပြီးသားလည်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်ဘာကြောင့်ပဲပြဿနာ ဖြစ်ဖြစ်ပါကိုယ့်အနေနဲ့နောင်တရစရာမလိုတဲ့ဖြေရှင်းနည်းလမ်းကိုပဲ
ရွေးသင့်တယ်လို့မြင်မိတယ်။

ဘ၀မှာ အစစအရာရာ အခက်အခဲမရှိဘဲနဲ့ပြီးဆုံးသွားတဲ့ အလုပ်တွေ အဖြစ်အပျက်တွေရှိသလို၊ အခက်အခဲတွေ တွေ့ပြီးမှ ပြီးသွားတဲ့ဖြစ်ရပါတွေလည်း ရှိတယ်။
အခက်ခဲဆုံး အချိန်ဆိုတာ လူတိုင်းမှာ ရှိပါတယ်။

လူတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့  အခက်အခဲဆုံးအချိန်တွေကို ကြိုးစားပြီး ဖြတ်သန်းကြတယ်၊ နေ့စဉ်တွေ့နေရတဲ့ ဖိအားတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားနေထိုင်နေကြတာပါပဲ။

ကျွန်မကောတ့ဖိအားတွေ။ အဆင်မပြေတာတွေဆိုတာ ရှောင်လို့ရတဲ့ကိစ္စတွေမဟုတ်ဘူး၊ ဒါကြောင့် ဒါတွေကို ပျော်ပျော်ရွှင်ရွင်နဲ့ဖြတ်သန်းမလား၊ စိတ်တိုဒေါသထွက်ပြီး ပူလောင်မှုတွေနဲ့ ဖြတ်သန်းချင်သလား ဆိုတာစဉ်းစားတယ်။

ကျွန်မအနေနဲ့ဆိုရင်တော့ပြုံးပြုံးလေးနဲ့သာ အရာရာကို ဖြတ်သန်းချင်တော့တာပါပဲ။

ပြီးတော့ပြဿနာ ဆိုတာ မြင်တတ်ရင် ကိုယ့်ကို် ပိုပြီး ကြံ့ခိုင်စေတဲ့အရာ၊ ပြဿနာဆိုတာ ကိုယ့်အတွက် အခွင့်အလန်း၊ ပြဿနာဆိုတာ ကိုယ့်အတွင် အင်အားတောင် ဖြစ်နေပါသေးတယ်။

မနက်ဖြန်မှာ ဆက်လျက်ရေးသားပါဦးမယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment