“ရွှင်ရွှင်လန်းလန်းသာ နေချင်တယ်“
စိတ်ညစ်စရာတစ်ခုခု ရှိနေပြီဆိုရင် ကျွန်မကတော့ပျော်ရွှင်အောင် ဘယ်လိုနေရမလဲ ဆိုတာကို အရင်ဆုံး စဉ်းစားနေမိတယ်။ တကယ့်ကိုပျော်ရွှင် လန်းဆန်းအောင် နေထိုင်ရင်းနဲ့ပဲ ပျော်ရွှင်လန်းဆန်းလာရတယ်ဆိုတာကို သိလာခဲ့ရတာကိုး။
ကျွန်မလည်း ဟိုအရင်တုန်းကတော့ မကြာခဏ စိတ်ညစ်တာတွေ စိတ်ဓါတ်ကျတာတွေနဲ့ ဘ၀ကို ဖြစ်သလို ရေစုန်မျောလိုက်ချင်တဲ့စိတ်တောင် ၀င်ခဲ့ဖူးတယ်။ ဒါပေမဲ့ တစ်ရက်တော့ကျွန်မကို အမှောင်ထဲကနေ အလင်းထဲ ရောက်အောင် ဆွဲတင်တဲ့စာပုဒ်လေးတစ်ပုဒ်ကို ဖတ်ခဲ့ရတယ်။
အမေရိကန်မီလျံနာ သူဋ္ဌေး J.Cook ဟာ အသက် ၅၂ နှစ်လောက်မှာ စီးပွားရေးကျပြီး မွဲသွားခဲ့တယ်။ ဒါပေမဲ့ သူက အခြားသူဋ္ဌေးတွေလို ကိုယ့်ကိုယ်ကို သတ်သေတာမျိုး၊ လူမွဲစာရင်းအသွင်းခံတာမျိုးနဲ့ဘ၀ကို အရှုံးမပေးခဲ့ဘူး။
သူက ကြိုးစားပန်းစားပြန်ပြီး အလုပ်လုပ်တယ်။ သူ့ကြွေးရှင် သုံးထောင်လောက်ကိုလည်း အကြွေးတွေပြန်ဆပ်လာနိုင်တယ်။ ပြီးတော့နဂို အခြေအနေထက်ပိုပြီး ကြွယ်ဝတဲ့အနေအထားတစ်ခုကို ပြန်ရောက်လာခဲ့တယ်။ ဒါကို သတင်းထောက်တစ်ဦးက သူ့ကို အင်တာဗျူးလုပ်ပါတယ်။ ဘာဖြစ်လို့ ပြန် ချမ်းသာလာတာလဲ ဆိုတဲ့ အကြောင်းကိုပါ။
“ရိုးရိုးလေးပါ၊ ငါ့ရဲ့မျှော်လင့်ချက်တွေကိုတော့ အဆုံးရှုံး မခံခဲ့ဘူးလေ၊ပြီးတော့ တွေဝေမှိုင်တွေနေပြီး စိတ်ဓါတ်ကျတာကို အကြာကြီး လက်မခံဘူး၊
ငါပြန်ကြိုးစားရင် ဖြစ်မှာပဲ လို့ယုံတယ်။ ငါ့ကိုယ်ကို ပျက်ဆီးစေမဲ့ အတွေးဆိုးတွေကို မောင်းထုတ်ပြီး ပြန်ကြိုးစားခဲ့တာ“ လို့ဆိုပါတယ်။
အဲဒီ စာလေးကို ဖတ်ရတော့ကျွန်မအတွက် စိတ်ခွန်အားဖြစ်လာရတယ်။ အဲဒီအချိန်ကစပြီး ကို်ယ့်အခြေအနေကို မကျေမနပ်ဖြစ်နေတာတွေ၊ ကိုယ့်ရဲ့ လုပ်ငန်းခွင် အဆင်မပြေမှုတွေကို မိသားစုနဲ့ တွေ့ဆုံချိန်တွေထိ သယ်ပိုးလာခဲ့တာတွေကို ရပ်တန့်ပစ်လိုက်တယ်။
မိသားစုနဲ့အတူတူ ပျော်ရွှင်ရမဲ့ အချိန်မှာ အလုပ်ဝန်ထုတ်ဝန်ပိုးကြီးက ကိုယ့်ကိုယ်သာမက သူတို့ကိုပါ လေးလံထိုင်းမှိုင်းသွားပြီး ပျော်စရာတွေပျက်သုန်းကုန်တယ်။ ဒီလို လုပ်နေလို့ လုပ်ငန်းကိုလည်း မတိုးတက်စေတော့ဘဲနဲ့ လုပ်ငန်းတွင်းသာမက မိသားစုတွင်းမှာပါ စိတ်ညစ်စရာတွေပဲ ဖြစ်လာစေတယ်။
ဒါကြောင့် ကိုယ့်ဘ၀ရဲ့သာယာမှုတွေကို ခံစားနေရမဲ့ အချိန်မှာ ကိုယ့်စိတ်ထဲက ညစ်နှူးမှုတွေ၊ အဆင်မပြေမှုတွေကို ရေစက်တွေလိုပဲ တဖျပ်ဖျပ်နဲ့ခါ ပစ်ဖို့ လိုတယ်ဆိုတာကို လက်ခံနားလည်ခဲ့တာပါ။
နောက်တစ်ချက်ကတော့ ရယ်မောခြင်းနဲ့ပျော်ရွှင်ခြင်း ဆိုတာ ကူးစက်တတ်ပါလားဆိုတာကိုလည်း သိလာရတယ်။ အဲဒီလိုပဲ ၀မ်းနည်းခြင်းဟာလည်း ကူးစက်တတ်ပါတယ်။
အီမာဆင်ပြောခဲ့ဖူးတဲ့စကားတစ်ခွန်းလည်း ရှိတယ်။ ဒါကတော့ ဘယ်တော့မှ စိတ်ညှိုးနွမ်းစရာ ရုပ်ပုံတွေ မချိတ်ပါနဲ့။ ကိုယ်ပြောတဲ့စကားထဲမှာလည်း စိတ်အားငယ်စရာတွေ စိတ်ပျက်စရာတွေ မပြောပါနဲ့တဲ့….။ အဲဒါတွေက ကူးစက်တတ်လို့ ထင်ပါရဲ့။
ပြီးတော့ အမြဲတမ်း ညည်းညူနေတဲ့သူတွေကို ဝေးဝေးရှောင်ပါ၊ အမြဲတမ်း အပြုံးရှိနေတဲ့ ပျော်ရွှင်တတ်တဲ့ ပျော်စရာ စကားဆိုတတ်တဲ့သူတွေ နားမှာပဲ နေပါ…တဲ့။
ကျွန်မသာ ညည်းညူစိတ်ပျက်နေမယ်ဆိုရင် ကျွန်မနားမှာ နေရတဲ့သူတွေရဲ့ဘ၀ဟာလည်း မတွေးဝံ့စရာပါလားလို့တွေးမိတော့ကိုယ့်ကိုယ်ကို ပြောင်းလဲရမယ်လို့နားလည်ခဲ့ရတယ်။
ကျွန်မကတော့ ကိုယ်ချစ်တဲ့သူတွေပဲ ဖြစ်ဖြစ် ဘယ်သူ့ကိုမဆို ပျော်ရွှင်ခြင်းတွေကိုပဲ လက်ဆင့်ကမ်းလိုက်ချင်တယ်။ ၀မ်းနည်းစရာတွေ မကောင်းတဲ့ ခံစားချက်တွေကိုတော့ဘယ်သူ့ကိုမှ မပေးချင်ပါဘူး။ ဘယ်သူ့ကိုမှ မခံစားစေချင်ဘူး။
ဘာကြောင့်လဲ ဆိုရင် ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူတွေကို တွေ့ရတဲ့အခါ လူတွေ စိတ်ချမ်းသာကြတယ်။ ဘ၀အမောတွေကိုမေ့ပြီး သူတို့ရဲ့ရွှင်လန်းပျော်ရွှင်နေတဲ့အပျော်တွေ ကူးစက်ပြီး ဘ၀ကို သာယာသလို ခံစားလာရတယ် မဟုတ်လား။ အဲဒီ ခံစားချက်ကို ကျွန်မ ခံစားခဲ့ရဖူးတယ်လေ။
တစ်ခါတုန်းကလည်း ခရစ်သျှန်ဘုန်းတော်ကြီးတစ်ပါးက ကျွန်မကို ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းရှိတယ်။ ခုချိန်ထိ မှတ်သားထားပါတယ်။
“အားငယ်စေတဲ့အမှောင်ကို ဘယ်တော့မှ မကြည့်ပါနဲ့၊ အရိပ်ထိုးနေတဲ့အမှောင်တွေကိုလည်း မကြည့်မိအောင် လေ့ကျင့်ပါ။ စိတ်ဓါတ်ကျပြီး အမှောင်ကို ကြည့်တတ်တာ ဘ၀မှာ ပျော့ညံ့ပြီး ဆုံးရှုံးမှုများစေပါတယ်။ ဒါကြောင့်အလင်းရောင်ရှိတဲ့ဘက်ကိုပဲ အမြဲတမ်းကြည့်နေပြီး ထွန်းလင်းတဲ့အတွေးတွေကိုပဲ လက်ခံတာက ဘ၀ရဲ့အကောင်းဆုံး နေထိုင်နည်းပါပ၊ကိုယ့်အတွက်ရော သူတပါးအတွက်ပါ အကျိုးရှိစေတယ်“လို့ သွန်သင်ခဲ့ဖူးတယ်။
ကျွန်မအနေနဲ့ဘယ်လိုလောကဓံပဲကြုံရပါစေ အမြဲတမ်း ပြုံးနေချင်တယ်။ ပျော်ရွှင် လန်းဆန်းစွာနဲ့ပဲ ရှင်သန်ရချင်မိတယ်။ ဒါကြောင့် စိတ်ညစ်စရာရှိရင် ပိုပြီး ပျော်အောင်နေသင့်တယ်လို့ ဆိုချင်ပါတယ်။
ပျော်ရွှင်မြူးတူးနေတဲ့ သူတွေရဲ့ပုံသဏ္ဍန်က တောက်ပလင်းလက်မှုကို မြင်တွေ့ရသလိုပါပဲ။ ကြည့်လိုက် မြင်လိုက်ရသူတွေမှာလည်း သူတို့ရဲ့ပျော်ရွှင်မှုတွေကူးစက်ပြီး စိတ်ထဲ သက်သောင့်သက်သာ ဖြစ်သွားရတယ်။
ဒီလို အမြဲတမ်း ရွှင်လန်းနေအောင် နေထိုင်တတ်တဲ့လူတွေက သူတို့ကိုယ်တိုင်လည်း ပျော်ရွှင်အောင် နေထိုင်တတ်ကြသလို၊ အခြားသူတွေကိုလည်း ပျော်ရွှင်မှု ပေးနိုင်ကြတယ်။ သူတို့က အမြဲတမ်း လောကကြီးကို အလင်းဘက်ကနေ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူတို့ကိုယ်တိုင်အတွက်လည်း ကောင်းမွန်သလို၊ သူတို့ကို မြင်တွေ့ရတဲ့သူတွေအတွက်လည်း ကောင်းမွန်စေပါတယ်။
ဒါကြောင့်စိတ်ညစ်စရာကို တကယ့်ပျော်ရွှင်ခြင်းနဲ့အနိုင်ယူပါနော်၊ အမြဲတမ်း လန်းလန်းဆန်းဆန်း ကံ့ကော်ပန်းဖြစ်အောင် နေပါလို့ပဲ တိုက်တွန်းပါရစေရှင်။
ကျေးဇူးတင်ပါတယ်။
မတူတဲ့အမြင်များရှိရင်လည်း ဆွေးနွေးပါနော်။
နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment