Latest News

Monday, April 24, 2017

လွှဲပေးဖို့ မြန်မာဘက်က မတောင်းတာကြောင့် လူသတ်မှုရဲ့ အဓိကသံသယတရားခံတစ်ဦး ဗြိတိန်မှာ လွတ်လပ်စွာနေထိုင်နေ

လွှဲပေးဖို့ မြန်မာဘက်က မတောင်းတာကြောင့် လူသတ်မှုရဲ့ အဓိကသံသယတရားခံတစ်ဦး ဗြိတိန်မှာ လွတ်လပ်စွာနေထိုင်နေ

ဖမ်းဆီးလွှဲပြောင်းပေးဖို့  မြန်မာဘက်က တောင်းဆိုမှု မရှိတာကြောင့် လူသတ်မှု သံသယတရားခံ ဗြိတိန်နိုင်ငံသားတစ်ဦးဟာ  နေရပ်မှာ လွတ်လပ်စွာ နေထိုင်နေတယ်လို့ သိရပါတယ်။

အသက် (၂၆)နှစ်အရွယ် ဟားရစ်ဘင်နော့တီဟာ  စကော့တလန်မှာ အပူအပင်မရှိ အေးဆေးစွာ နေထိုင်လျက်ရှိကြောင်း ဗြိတိန် အာဏာပိုင်တွေက အတည်ပြုပြောကြားထားတာ ဖြစ်ပါတယ်။


ရိုက်နှက်အသတ်ခံထားရတဲ့  အသက် (၄၇)နှစ်အရွယ် ဖာဂူဆန်ရဲ့အလောင်းကို နိုဝင်ဘာလက ရန်ကုန်မြို့က သူ့ရဲ့ တိုက်ခန်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး တစ်နိုင်ငံတည်းသာ လုပ်ဖော်ကိုင်ဖက် ကျောင်းဆရာ ဖာဂူဆန်ကို သတ်မှုအတွက် ဟားရစ် ဘင်နော့တီဟာ အဓိကအကျဆုံးတရားခံဖြစ်နေတာပါ။ဘင်နော့တီဟာ  ဖာဂူဆန် သေဆုံးပြီးပြီးချင်းမှာပဲ မြန်မာနိုင်ငံက ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်က ဘင်နော့တီဟာ လွတ်လပ်စွာ သွားလာလှုပ်ရှားနေကြောင်း ဗြိတိသျှသတင်းစာတစ်စောင်က ဓာတ်ပုံရိုက်ကူးဖော်ပြခဲ့တာကြောင့်  သေဆုံးသူဘက်က မိသားစုက ဒေါသတကြီး မေးခွန်းထုတ်ခဲ့ပြီး ဘင်နော့တီကို ဖမ်းဆီးပြီး လွှဲပြောင်းပေးဖို့ မြန်မာဘက်က တောင်းဆိုမှုမရှိသေးတာကြောင့် လွတ်မြောက်နေခြင်းဖြစ်တယ်လို့ စကော့တလန် ရဲတပ်ဖွဲ့က ဖြေရှင်းထားပါတယ်။ ရာဇဝတ်မှုကို တာဝန်ယူစုံစမ်းနေတဲ့ သက် ဆိုင်ရာ နိုင်ငံထံမှ တရားဝင်တောင်းဆိုမှုမရှိရင် ဘင်နော့တီကို ဖမ်းဆီးပိုင်ခွင့်မရှိဘူးလို့လည်း စကော့တလန်ရဲတပ်ဖွဲ့က ရှင်းလင်းထားပါတယ်။

‘‘အမှုကို တာဝန်ယူ စစ်ဆေး နေတာ မြန်မာအာဏာပိုင်တွေပါ။ အခုအချိန်ထိ သံသယတရားခံလွှဲပြောင်းပေးဖို့ သူတို့က မတောင်း ဆိုသေးပါဘူး’လို့  စကော့တလန် ရှေ့နေရုံးကလည်း သီးခြားကြေညာချက် ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။ ဘင်နော့တီကို သံသယရှိသူ တစ်ဦးအနေဖြင့် လူသတ်မှုဖြစ်ပြီး ငါးလအကြာ ဧပြီလကမှ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) အလိုရှိ စာရင်းမှာ ထည့်သွင်းခဲ့တာဖြစ်ပါတယ်။


သို့သော်လည်း လုပ်ထုံးလုပ်နည်းအရ ဘင်နော့တီကို စကော့တလန် ရဲတပ်ဖွဲ့က ဖမ်းဆီးဖို့ မြန်မာအာဏာပိုင်တွေက ဦးစွာတောင်းဆိုရမှာဖြစ်ပြီး ဒီ့အတွက် မှုခင်းနဲ့ပတ်သက်တဲ့ အထောက်အထားအချို့ကို ပူးတွဲပြသဖို့ လိုအပ်ကြောင်း သိရပါတယ်။

 ကျောက်တံတားရဲတပ်ဖွဲ့ဟာ သက်သေ အထောက်အထားတွေ၊ သတင်းအချက်အလက်တွေကို စုဆောင်းကာ နေပြည်တော်ရှိ အမျိုးသားရဲတပ်ဖွဲ့ထံ အစီရင်ခံ တင်ပို့ထားပြီးဖြစ်ကြောင်း အခင်းဖြစ်ရာ ကျောက်တံတား မြို့နယ်မှ ရဲအရာရှိတစ်ဦးက ပြောကြားထားတယ်လို့လည်း သိရပါတယ်။

Photos & Source: AFP, 7Day Daily, The Times

Duwun

No comments:

Post a Comment