Latest News

Friday, April 28, 2017

ဒုံးခွင်းဒုံးများဖြန့်ကြက်ထားရှိမှုအပေါ် ငွေကြေးတောင်းခံသည့်အတွက် သမ္မတထရန့်နှင့် တောင်ကိုရီးယားပြည်သူများအကြား အနည်းငယ်တင်းမာမှုရှိ

ဒုံးခွင်းဒုံးများဖြန့်ကြက်ထားရှိမှုအပေါ် ငွေကြေးတောင်းခံသည့်အတွက် သမ္မတထရန့်နှင့် တောင်ကိုရီးယားပြည်သူများအကြား အနည်းငယ်တင်းမာမှုရှိ

ဆိုးလ် ဧပြီ ၂၈

မကြာသေးမီက တောင်ကိုရီးယားနိုင်ငံအတွင်း အမေရိကန်၏ ဒုံးလက်နက်ကာကွယ်ရေး စနစ်တစ်ရပ်ဖြန့်ကြက်ခဲ့မှုနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်က တောင်ကိုရီးယားနိုင်ငံအား ငွေကြေးတောင်းခံမှုများပြုလုပ်ခဲ့သည့်အတွက် တောင်ကိုရီးယားပြည်သူများနှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်တို့အကြား တင်းမာမှုအနည်းငယ်ရှိနေကြောင်း ယနေ့သတင်းများအရ သိရသည်။

မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားဖွံ့ဖြိုးမှုအစီအစဉ်နှင့်ပတ်သက်ပြီး တင်းမာမှုများရှိနေချိန်တွင် အမေရိကန်နိုင်ငံက တောင်ကိုရီးယားနိုင်ငံအတွင်း THAAD ဒုံးလက်နက် ကာကွယ်ရေးစနစ်တစ်ရပ်ကို မကြာသေးမီက ဖြန့်ကြက်ခဲ့သည်။

ဧပြီ ၂၇ ရက်တွင် သမ္မတ ဒေါ်နယ်လ်ထရန့် က ရိုက်တာသတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ၎င်းအနေဖြင့် တောင်ကိုရီးယားနိုင်ငံအား ဒုံးခွင်းဒုံးစနစ်ဖြန့်ကြက်ခဲ့ခြင်းနှင့်ပတ်သက်ပြီး ခန့်မှန်းခြေဒေါ်လာ တစ်ဘီလီယံခန့် ပေးချေစေလိုကြောင်း ပြောကြားခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက သမ္မတထရန့်၏ ပြောကြားချက်နှင့် ပတ်သက်ပြီး ပြန်လည်ချေပပြောကြားခဲ့သည်။ တောင်ကိုရီးယားနိုင်ငံအနေဖြင့် THAAD ဒုံးလက်နက် ကာကွယ်ရေးစနစ်ဖြန့်ကြက်မှုအတွက် မြေနေရာပေးထားပြီးဖြစ်ကြောင်းနှင့် ယင်းစနစ်ထားရှိခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းတို့အတွက် အမေရိကန်နိုင်ငံတွင် တာဝန်ရှိကြောင်းကို နှစ်နိုင်ငံသဘောတူညီမှု လက်မှတ်ရေးထိုးထားကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။

ဒုံးခွင်းဒုံးများ ဖြန့်ကြက်ထားရှိမှုအတွက် ငွေပေးချေခြင်းနှင့်ပတ်သက်ပြီး ရွေးကောက်ပွဲ ကျင်းပပြီးသည့်အချိန်မှသာ ဆက်လက်ဆွေးနွေးစေလိုကြောင်း၊ ယခုအချိန်တွင် ယာယီဆိုင်းငံ့ထားစေချင်ကြောင်း တောင်ကိုရီးယားရွေးကောက်ပွဲတွင် ရေပန်းစားလျက်ရှိသည့် မွန်းဂျေအင်၏ ရုံးအဖွဲ့က မှတ်ချက်ပြုပြောကြားခဲ့သည်။ ယင်းကိစ္စရပ်နှင့် ပတ်သက်ပြီး ရွေးကောက်ပွဲတွင် အနိုင်ရမည့် အစိုးရအဖွဲ့က ဆုံးဖြတ်ပေးသင့်ကြောင်း ဆက်လက်ပြောကြားခဲ့သည်။

နှစ်နိုင်ငံသဘောတူညီခဲ့သည့်အတိုင်း အမေရိကန်နိုင်ငံကသာ ဒုံးခွင်းဒုံးများဖြန့်ကြက်မှုနှင့်ပတ်သက်ပြီး ငွေကြေးကျခံရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း အန်ချယ်ရီယိုဆိုး၏ပါတီက ဆိုသည်။ ပြန်/ဆက်

No comments:

Post a Comment