မော်တော်ယာဉ်အရောင်းစင်တာများကို စီးပွား/ကူးသန်းလိုက်စစ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မော်တော်ယာဉ်အရောင်းစင်တာနှင့် ပြခန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဧပြီလ ဒုတိယပတ်အတွင်းမှစ၍ လိုက်လံစစ် ဆေးမှုများ ပြုလုပ်နေကြောင်း အရောင်း စင်တာ ပိုင်ရှင်များထံမှ သိရသည်။
ယင်းသို့ လိုက်လံစစ်ဆေးရာတွင် မြေပြင်မော်တော်ယာဉ် အရောင်းစာရင်းနှင့် စီးပွား/ကူးသန်းတွင်ရှိသည့် စာရင်းများ ကွာဟမှု ရှိ မရှိ စစ်ဆေးခြင်း၊ ကျသင့် အခွန်များကို မည်သည့်ဘဏ္ဍာနှစ်အထိ ပေးဆောင်ထားပြီးဖြစ်ခြင်း၊ အစိုးရသို့ အပ်နှံငွေ (Deposit) ထားရမည့် ငွေကြေးများ မှန်ကန်စွာ ပေးထားခြင်းရှိ မရှိနှင့် အရောင်းစင်တာနှင့် ပြခန်းများရှိ မော်တော်ယာဉ်များ၏ စာရင်းများကို စီးပွား/ ကူးသန်းသို့ မှန်ကန်စွာ အရောင်းစာရင်း တင်ပြီးခြင်း ရှိ မရှိတို့ကို လိုက်လံစစ်ဆေး ခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။
“ကျွန်တော့် Showroom ကိုလည်း စစ်ပြီးသွားပါပြီ။ သူတို့လိုက်စစ်တာက Showroom တွေကိုစစ်ပြီး အရေးယူဖို့တို့၊ ဘာတို့တော့ မဟုတ်ပါဘူး။ အချက်အလက် သိချင်လို့ လိုက်စစ်ကြတာပါ”ဟု KL Seven မော်တော်ယာဉ် အရောင်းစင်တာပိုင်ရှင် ဦးကြည်သာဟန်က ပြောဆိုသည်။
ထိုသို့ လိုက်လံစစ်ဆေးခြင်းသည် ၂၀ဝ၀ မှ ၂၀ဝ၅ မော်ဒယ်လ်အထိ မော်တော်ယာဉ်များ၏ ရောင်းထွက်ခြင်း မရှိသေးသည့် မော်တော်ယာဉ် အစီးရေကို အတိအကျ သိရှိပြီး ယင်းမော်တော်ယာဉ်များအတွက် တိကျသည့်မူဝါဒတစ်ခု ထုတ်ပေးရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်းသာ ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။
ထို့ကြောင့် ရောင်းထွက်ခြင်း မရှိသေးသည့် မော်တော်ယာဉ်များ စာရင်းသည် အတိအကျ ထွက်ပေါ်လာနိုင်ပြီး လက်ရှိ စီးပွား/ကူးသန်း၏ စာရင်းဖြစ်သည့် အစီးရေ ၅၀ဝ၀ ကျော်ထက် လျော့နည်းသွားနိုင်ကာ ရာဂဏန်းခန့်သာ ရှိနိုင်တော့ကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်များက ပြောကြားသည်။
လက်ရှိ ၂၀ဝ၀ မှ ၂၀ဝ၅ အထိ မော်ဒယ်လ် မော်တော်ယာဉ်များကို စလစ်ကပ်၍ ရောင်းချခြင်းထက် အမြန်ဆုံး ရောင်းထွက်နိုင်စေရန် စလစ်အစား ကျပ်သိန်း ၃၀ မှ ၆၀ အထိ စီးပွား/ကူးသန်းသို့ပေးသွင်း၍ ရောင်းချခွင့်ပြုရန် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီက ဧပြီလ ၆ ရက်နေ့က မော်တော်ယာဉ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သော်လည်း ယင်းမူဝါဒမှာ တည်ငြိမ်ခြင်းမရှိဘဲ ဧပြီလ ၂၆ ရက်နေ့က ကျင်းပသော စီးပွား/ကူးသန်း၏ တစ်နှစ်တာ လုပ်ဆောင်ချက်များ ရှင်းလင်းပွဲတွင် ရောင်းမထွက်သေးသည့် မော်တော်ယာဉ် အစီးရေ ၅၀ဝ၀ ကို နိုင်ငံအချို့က လက်မခံနိုင်ဟု ယင်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ပြောကြားထားသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment