Latest News

Tuesday, April 11, 2017

ကယ်လ်လီဖိုးနီးယားပြည်နယ်ရှိ မူလတန်းကျောင်းတစ်ခုတွင် သေနတ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွား

ကယ်လ်လီဖိုးနီးယားပြည်နယ်ရှိ မူလတန်းကျောင်းတစ်ခုတွင် သေနတ် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွား


အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဘာနာဒီနိုမြို့ရှိ မူလတန်းကျောင်းတစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ အသက်ရှစ်နှစ်အရွယ် ကျောင်းသားငယ်တစ်ဦး၊ ဆရာမတစ်ဦးနှင့် ပြစ်မှုကျူးလွန်သူတို့ အသက်ဆုံးရှုံးသွားခဲ့ကြောင်း ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်ဟု AFP က ဖော်ပြထားသည်။

ပစ်ခတ်တိုက်ခိုက်ခဲ့သူ သေနတ်သမားသည် အသက် ၅၃ နှစ်အရွယ်ရှိ ဆီဒရစ်အန်ဒါဆန် အမည်ရပုဂ္ဂိုလ်ဖြစ်ပြီး ယင်းကျောင်းတွင် ဆရာမအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည့် ၎င်းနှင့်အတူ နေထိုင်ခြင်း မရှိတော့သော ဇနီးသည်ဖြစ်သူကို သေနတ်ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့ အကြီးအကဲ ဂျာရော့ဒ် ဘာဂူအန်က ကနဦး ရှင်းလင်း ပြောကြားထားသည်။

ပြစ်မှုကျူးလွန်သူ ဆီဒရစ်သည် ကျောင်းအတွင်းသို့ အလည်အပတ် လာရောက်သူတစ်ဦးအဖြစ် ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး သေနတ်ကို လုံခြုံစွာဝှက်၍ ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်း၏ဇနီးသည်ရှိရာ စာသင်ခန်းအတွင်းသို့ရောက်ရှိချိန်မှ ယင်းသေနတ်ကိုထုတ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ပွားရာ နေရာနှင့် မလှမ်းမကမ်းတွင်ရှိနေကြသော မျက်မြင်သက်သေများက ဖွင့်ဟ ပြောကြားသွားခဲ့ကြသည်။

သေနတ်ဖြင့်ပစ်ခတ်မှုတွင် ဆီဒရစ်၏ ဇနီးဟောင်းဖြစ်သူ ဆရာမ ကာရင်အီလိုင်းစမစ်နှင့် အသက်ရှစ်နှစ်အရွယ် ကျောင်းသားငယ် ဂျိုနသန်မာတီနက်ဇ်တို့ အသက် ဆုံးရှုံးခဲ့ရပြီး မာတီနက်ဇ်မှာ ဆေးရုံသို့ရောက်ရှိအပြီးတွင်မှ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်ဟု ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ပစ်ခတ်မှုတွင် အခြားသော အသက် ကိုးနှစ်အရွယ် ကျောင်းသားငယ်တစ်ဦး ထပ်မံ ထိခိုက်ခဲ့သေးသော်လည်း ယင်းကျောင်းသားငယ်မှာမူ ဆေးရုံသို့ရောက်ရှိပြီးသည့်နောက်၌ လိုအပ်သည့် ဆေးကုသမှုများ ခံယူအပြီးတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေတစ်ရပ်ကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။

ပြစ်မှုကျူးလွန်သူ ဆီဒရစ်သည် ၎င်း၏ဇနီးသည်နှင့် ကျောင်းသားငယ်နှစ်ဦးကို ပစ်ခတ်လိုက်အပြီးတွင် အခင်းဖြစ်ပွားရာနေရာ၌ မိမိကိုယ်ကို သေနတ်ဖြင့် ပြန်လည် ပစ်ခတ်၍ အဆုံးစီရင်သွားခဲ့ပြီး ဆီဒရစ် သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့သော စာသင်ခန်းအတွင်း၌ ကျောင်းသားငယ် ၁၅ ဦးအထိ ရှိနေခဲ့ကြောင်း ကျောင်းတာဝန်ခံပုဂ္ဂိုလ်က ရှင်းပြသွားခဲ့သည်။

The Voice

No comments:

Post a Comment