Latest News

Thursday, April 27, 2017

ဒေါက်တာခင်မြင့်ဦး (ခ) စာရေးဆရာမ ခင်နှင်းပန်း ကွယ်လွန်

ဒေါက်တာခင်မြင့်ဦး (ခ) စာရေးဆရာမ ခင်နှင်းပန်း ကွယ်လွန်

ဒေါက်တာခင်မြင့်ဦး(ခ) စာရေးဆရာမ ခင်ပန်နှင်းဟာ မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံကြီးမှာ ဧပြီလ(၂၆)ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

“ရင်သားကင်ဆာနဲ့ ရန်ကုန်ဆေးရုံကြီးမှာတော့ ကုသခဲ့တယ်။ ကျွန်မရှိတဲ့စစ်ကိုင်းကိုလာပြီး သူအနားယူတုန်းမှာ ကျန်းမာရေးချို့ယွင်းလာတဲ့အတွက် မန္တလေးမှာကုသမှူခံယူပြီးတော့ ကွယ်လွန်သွားတာပါ” လို့ ဆရာမ ခင်ပန်နှင်းရဲ့  ညီမဖြစ်သူ ဒေါ်ခင်မြင့်အေးက ပြောကြားထားကြောင်း 7Day Daily ရဲ့ သတင်းတစ်ရပ်မှာ ရေးသားထားပါတယ်။

ကွယ်လွန်ချိန်မှာ (၆၈)နှစ်ရှိပြီဖြစ်ပြီး ဧပြီလ(၂၈)ရက် နံနက်(၁၁)နာရီမှာ မန္တလေးဆေးရုံကြီးမှတဆင့် တောင်အင်းမြောက်အင်းသုသန်သို့ ပို့ဆောင်သဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

ဆရာမ ခင်ပန်နှင်းကို မြောင်းမြမြို့မှာ အဖ ဦးတိုးမြင့်၊ အမိ ဒေါ်စန်းမြင့်တို့က မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းညီအမတစ်ဦးရှိပါတယ်။ရန်ကုန်မြို့ဆေးတက္ကသိုလ်(၁)မှ M.B.B.S ဘွဲ့ရရှိခဲ့ပြီး စန္ဒာမဂ္ဂဇင်းမှာ အိုဖခင် ကဗျာ စတင်ဖေါ်ပြခြင်းခံရပါတယ်။


၁၉၈၂ခုနှစ် ဒီဇင်ဘာလထုတ် “လမ်းလျှောက်သူများ” ၀တ္ထုတိုစုမှာ ပါဝင်ရေးသားခဲ့ပြီး ၁၉၈၅ခု အောက်တိုဘာလထုတ် လုံမလေးမဂ္ဂဇင်းမှာ ၀တ္ထုတိုစတင်ပါရှိကာ အဆိုပါနှစ်စက်တင်ဘာလထုတ် ရုပ်ရှင်မဂ္ဂဇင်းမှာ ဝေဖန်ရေးဆောင်းပါး စတင်ရေးသားခဲ့တာဖြစ်ပါတယ်။

၁၉၈၉ခုနှစ်မှာ ၀သုနြေ္ဒလက်ရေး ၀တ္ထုတိုစုမှာ ပါဝင်ရေးသားခဲ့ပါတယ်။   မဂ္ဂဇင်းတွေမှာ ပါရှိတဲ့ ၀တ္ထုတိုတွေကိုစုစည်းပြီး  “ပစ္စုပ္ပန်အလှ”မဂ္ဂဇင်း ၀တ္ထုတိုများကို ၁၉၉၂ ခုနှစ်မှာ ထုတ်ဝေခဲ့ပါတယ်။ဆရာမခင်ပန်နှင်းဟာ ဆရာဝန်အလုပ်တစ်ဖက်နဲ့ ၀တ္ထုတိုတွေ၊ ဝေဖန်ရေးဆောင်းပါးတွေ၊ ကဗျာတွေ ရေးသားခဲ့ပြီး ကွယ်လွန်ချိန်မှာ  ပြည်ထောင်စုနေ့စဉ်သတင်းစာတိုက် အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဆရာမောင်ခေတ်ထွန်းရေးသားတဲ့ မြန်မာအမျိုးသမီး စာရေးဆရာများ၏ စာပေရုပ်ပုံလွှာစာအုပ်မှာ ဆရာမခင်ပန်နှင်းနဲ့ ပက်သက်ပြီး “ဆရာမသည် သူပေးချင်သည့် လောကအမြင်(ဒသန)ကို ၀တ္ထုအတတ်ပညာဖြင့် အုံဖွဲ့ဖန်တီးကာ စာဖတ်သူကို သိမ်းသွင်းဆွဲဆောင်နိုင်စွမ်းရှိသည်။ တချို့သူ့ဝတ္ထုများသည် ၀တ္ထုအဖြစ် ရေးသားနိုင်လောက်အောင် ဇာတ်လမ်းမည်မည်ရရမရှိ။ မရေးတတ်လျှင် ဆောင်းပါးပုံစံမျိုးဖြစ်မည့် ၀တ္ထုဖြစ်သည်။ သို့သော် ၀တ္ထုရေးသားမှူအတတ်တွင် ကျွမ်းကျင်နိုင်နင်းမှူ့ကြောင့် လှပသော ၀တ္ထုကလေးဖြစ်လာခဲ့သည်ကို တွေ့ရသည်။ ထို့ကြောင့်ပင် ဆရာမခင်ပန်နှင်းကို ၀တ္ထုအရေးကောင်းသည် ဆိုကြခြင်းဖြစ်သည်။”ဟု မှတ်ချက်ပြုထားပါတယ်။

Photos & Source: 7Day Daily:Duwun

No comments:

Post a Comment