င၀န်မြစ်အတွင်း ရေယာဉ်တိုက်မှုကြောင့် ခရီးသည် (၃၀) ဦးသေဆုံးခဲ့သည့် စစ်ဆေးတွေ့ရှိချက်ကို တိုင်းအစိုးရ ထံတင်ပြထား
ပုသိမ်၊ ဧပြီ (၂၀)ရက်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့အနီး င၀န်မြစ်အတွင်း ရေယာဉ်တိုက်မှုကြောင့် ခရီးသည် (၃၀) ဦးသေဆုံး ခဲ့ခြင်းနှင့် ပတ်သက်သည့် စစ်ဆေးတွေ့ရှိချက်များအစီရင်ခံစာကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြ ထားပြီး သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းအမှုစုံစမ်းစစ်ဆေးရေးအဖွဲ့မှ သိရှိရသည်။
အဆိုပါ ရေယာဉ်တိုက်မှုသည် ဧပြီ(၇)ရက်က နဒီရွှေစင်ကျောက်တင်သင်္ဘောနှင့် ငွေကြယ်ပွင့်စက်လှေ တိုက်မှု ဖြစ်ပြီး ယင်းကို စစ်ဆေးရန် မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိုင် ဥက္ကဌအဖြစ်ပါဝင် ဖွဲ့စည်း ထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် သင်္ဘောမောင်းသူနှင့် သင်္ဘောသားများ၊ စက်လှေပေါ်တွင်လိုက်ပါ လာပြီး အသက်ရှင်လွှတ်မြောက်ခဲ့သူများ စုစုပေါင်း ၁၄ ဦးအား စစ်ဆေးခဲ့သည့် တွေ့ရှိချက်ဖြစ်ကြောင်း သိရသည်။
“အစိုးရအဖွဲ့နဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ပေါင်းပြီး သတင်းစာရှင်လင်းပွဲပြုလုပ်သွားမှာပါ။ ဖြစ်စဉ်ကတော့မတော် တဆဖြစ်တာမှာ နောက်ထပ်ဒီလိုအဖြစ်မျိုးနဲ့ မကြုံရအောင် ကြိုတင်ကာကွယ်မှုတို့ ပြည်သူလူထုကို အသိပေး မှုတို့ စက်လှေပေါ်မှာလုပ်ဆောင်ရမယ့် အချက်တွေ၊ တွဲသင်္ဘောတွေမှာ လုပ်ဆောင်ရမယ့် အချက်တွေ ပြည့်စုံအောင် ဆောင်ရွက်သွားဖို့ ကျန်တဲ့ဌာနတွေကလည်း ပူးပေါင်းပါဝင်ဖို့ အကြံပြုတင်ပြထားပါတယ်။” ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဆိပ်ကမ်းအရာရှိ ဦးကိုကိုနိုင်ကပြောသည်။
အဆိုပါ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် စစ်ဆေးမှုများကို ဧပြီလ (၁၀) ရက်မှ ဧပြီလ (၁၃) ရက်အထိပြုလုပ် ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၊ ဥမ္မာဒန္တီဘောတံတားအနီး င၀န်မြစ်အတွင်း မင်္ဂလာဆောင်တစ်ခုမှ ပြန်လာသည့် ခရီးသည်များ တင် ဆောင်လာသော ငွေကြယ်ပွင့်စက်လှေနှင့် နဒီရွှေစင်ကျောက်တင်သင်္ဘောတို့ ဧပြီ(၇)ရက် ည(၇း၀၀) နာရီခန့် တွင် တိုက်မိခဲ့သဖြင့် စက်လှေမောင်းတစ်ဦး အပါအ၀င် ခရီးသည်စုစုပေါင်း (၃၀) ဦး သေဆုံးခဲ့ကာ စက်လှေ ပေါ် ပါသူ (၃၀) ဦး အသက်ရှင်ခဲ့ကြောင်း ပုသိမ်နယ်မြေရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။
“နဒီရွှေစင်ကျောက်သင်္ဘော မောင်းတဲ့သူကိုလည်း ဖမ်းဆီးထားပါတယ်။ ငွေကြယ်ပွင့်စက်လှေပိုင်ရှင်ကို ခေါ်မေးတာမှာတော့ သင်္ဘောမှာတာဝန်ရှိတာက နှစ်ယောက်ဖြစ်နေတဲ့အတွက် တစ်ယောက်ကို ဖမ်းဆီးထား ပြီး အမှုဖွင့်ထားခံရတဲ့သူတစ်ဦးက အလောင်းပြန်ပေါ်တဲ့အတွက် သေဆုံးသွားပြီလို့ပဲ အထက်ကို တင်ပြထားပါတယ်။”ဟု ပုသိမ်မြို့နယ်မြေရဲစခန်းမှူး ရဲအုပ်အောင်ဝင်းမြင့်ကပြောသည်။
ရေယာဉ်တိုက်မှုနှင့် ပတ်သက်၍ နဒီရွှေစင်ကျောက်တင် သင်္ဘောမောင်းသူဦးအောင်နှင့် ငွေကြယ်ပွင့် စက်လှေ မောင်းသူ ဦးသီဟအောင်တို့ကို ပုသိမ်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄(က)၊ ၃၃၇၊ ၃၃၈၊ ၂၈၀ တို့ဖြင့် အမှုဖွင့်ဖမ်းဆီးထိန်းသိမ်းထားကာ ငွေကြယ်ပွင့်စက်လှေမောင်းနှင့်ခဲ့သူ နောက်တစ်ဦးဖြစ်သည့် လင်းထိုက်ဆိုသူမှာ ရေနစ်သေဆုံးပြီး အလောင်းပြန်လည်ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
မျိုးမင်းထွန်း (မြစ်မခ)
Thursday, April 20, 2017
င၀န်မြစ်အတွင်း ရေယာဉ်တိုက်မှုကြောင့် ခရီးသည် (၃၀) ဦးသေဆုံးခဲ့သည့် စစ်ဆေးတွေ့ရှိချက်ကို တိုင်းအစိုးရ ထံတင်ပြထား
င၀န်မြစ်အတွင်း ရေယာဉ်တိုက်မှုကြောင့် ခရီးသည် (၃၀) ဦးသေဆုံးခဲ့သည့် စစ်ဆေးတွေ့ရှိချက်ကို တိုင်းအစိုးရ ထံတင်ပြထား
Reviewed by Ar Ti
on
5:18 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment