ချွတ်ချင်တဲ့သူ…
***
ကျွန်တော်က ငှက်ဖျားရောဂါရဲ့ ဒဏ်ကို အကြီးအကျယ် ခံစားခဲ့ရဖူးတယ်။
ငှက်ဖျားဆိုတာမျိုးဟာ ရောဂါပြင်းရင် ပြင်းသလို ဆေးကလဲ ပြင်းတော့ တရက်မှာတော့ လှေကားလက်ရမ်း တခုကို ငေးကြည့်နေရင်းနဲ့ လှေကားထစ်အတိုင်း မဆင်းပဲ အဲဒီ လက်ရမ်းအတိုင်း လျှောဆင်းလိုက်ရရင် အရသာ ရှိမှာပဲလို့ တွေးမိဖူးတယ်။
တခါ…၊ ပေါ်တာထမ်း ပါသွားခဲ့ဖူးတုန်းကလဲ ပေါ်တာထမ်းရတဲ့ အထုပ်ကတင် လေးလံတာ မဟုတ်ဘဲနဲ့ ကိုယ်ပေါ်မှာ ၀တ်ထားတဲ့ အ၀တ်တွေကပါ သိပ်လေးလံလွန်းတယ်လို့ ခံစားရဖူးတယ်။ ပြောရရင် ဘာအ၀တ်မှ ၀တ်မထားဘဲနဲ့ကို လမ်းလျှောက်ပစ်ခဲ့ချင်ဘူးတယ်။
***
တခါတလေ ကျွန်တော့် အိပ်မက်တွေထဲမှာ လမ်းမတွေပေါ် ဘာမှဝတ်မထားဘဲ တယောက်ထဲ လမ်းလျှောက်သွားနေတယ်လို့ ခဏခဏ မက်မိဖူးသေးတယ်။ အဲဒါ တခါတလေတောင် မကတော့ဘူး၊ ခဏခဏ မက်ဖူးနေတာ…။
စိတ်မလုံမခြုံ ဖြစ်သလို ခံစားရတာတွေ များတဲ့အခါ အဲဒီလို အိပ်မက်မျိုးတွေ မက်လေ့ ရှိတယ်လို့ သိရတယ်။ တော်သေးတာက အဲဒီလို ခံစားချက်မျိုးက အိပ်မက်ထဲ အထိလောက်ပဲ ဖြစ်သွားစေလို့ပေပဲ…။ အပြင်မှာသာ အဲဒီလိုပဲ ဘာမှမ၀တ်ဘဲ လျှောက်သွားပစ်ချင်တဲ့အထိ စိတ်တွေဖြစ်ကုန်ရင် မြင်မကောင်းရှုမကောင်း ဖြစ်လိုက်မယ့် အမျိုး…။
***
“ကိုယ်လုံးတီးခြင်း စိတ်ပညာ” “ကိုယ်လုံးတီး နေချင်ကြသူများ” ဆိုတဲ့ စကားလုံးကို ဘိလပ်လို ရေးပြီး ဂူဂယ်လ်မှာ မွှေနှောက်ဖတ်ရှုမိတော့ အကြောင်းရင်း တချို့ကို သွားတွေ့တယ်…။
တချို့က ကျွန်တော် အပေါ်က ပြောခဲ့သလို စိတ်မလုံခြုံတဲ့ ခံစားချက်တွေကနေ တဆင့် ပေါက်ထွက်လာတဲ့ စေ့ဆော်မှုကနေ ဘာကိုမှ ဂရုမစိုက်တော့ဘဲ အဲဒီလို ထလုပ်ပစ်မိတာမျိုးတွေ…။ စိတ်ပညာ ကျွမ်းကျင်သူရဲ့ စောင့်ရှောက်မှု လိုအပ်သူမျိုးတွေ…။ (အရူးလို့ မဆိုလိုပါ)
တချို့ကျတော့ ပေါ်ပြူလာဖြစ်ချင်တဲ့ တလွဲဆံပင်ကောင်း စိတ်ကနေ စေ့ဆော်တယ် လို့ ဆိုတယ်။ တော်ရုံလူ မလုပ်ရဲ၊ မဖော်ရဲတဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းကို သူတပါးကို မြင်စေခြင်းအားဖြင့် သူ့အပေါ်ကို ရောက်လာမယ့် အာရုံစိုက်မှုမျိုးကို မသိစိတ်ကနေ၊ ဒါမှမဟုတ်လဲ သိစိတ်ကနေကို လိုလား သာယာလို့ အဲဒီလို လုပ်သတဲ့…။
နောက်တခုကတော့ မူးယစ်ဆေးကြောင့် ဖြစ်တာ…။ မူးယစ်ဆေးတွေ သုံးစွဲတာ သိပ်များသွားတဲ့အခါ အသိစိတ်က လွတ်ထွက်သွားပြီး စိတ်ကူးတည့်ရာ လျှောက်လုပ်ပစ်တာ…။ ဒါမျိုးက ကိုယ်တုံးလုံး ချွတ်ပြီး လျှောက်သွားတာမျိုးတင် မက… သစ်ပင် အမြင့်ကြီးပေါ် တက်ပြီး သူ့ကိုယ်သူ ငှက်တကောင်လို အထင်နဲ့ ခုန်ဆင်းပျံသန်းတာမျိုးတွေ၊ မြစ်ကူးတံတားပေါ်ကနေ ဟိုးးအောက်ခြေက ရေထဲကို ခုန်ချပြီး သူ့ကိုယ်သူ ငါးကလေးလို ထင်ပြီး ကူးခတ်ချင်တာမျိုးတွေလဲ ရှိတယ်လို့ ဆိုတယ်။
***
အခုတလော ရွှေပြည်ကြီးမှာ လုံးတီးကိုယ်လုံးနဲ့ လမ်းသလားတဲ့ အမျိုးသမီးတွေအကြောင်း ခဏခဏ ဆိုသလို ပျံ့နှံ့လာတာကို တွေ့ရ…၊ မြင်ရ…။
လူပဲ…၊ မရှက်ဘဲတော့ သူတို့လဲ ဘယ်နေကြလိမ့်မလဲ လို့ တွေးမိတယ်။ အထူးသဖြင့် သူတို့က မိန်းကလေးတွေ…။
လမ်းမပေါ်မှာ အရှက်မရှိ ကိုယ်လုံးတီး လျှောက်သွားစရာလားလို့ ဒီအတိုင်းပဲ ပြစ်တင်ကဲ့ရဲ့လိုက်တာ၊ ရယ်မောလှောင်ပြောင်ကြတာထက် စာရင် ဖြစ်နိုင်ဖွယ်ရာ အကြောင်းရင်းကို လေ့လာပြီး သူတို့ကို သေသေချာချာ နည်းလမ်းတကျ ဂရုစိုက်ပေးတဲ့ နည်းလမ်း ရှာတာက ပိုကောင်းမလား…လို့…။
***
ချစ်ခြင်းမေတ္တာဖြင့်…
ကလိုစေးထူး
ဧပြီလ ၂ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မနက် ၃ နာရီ ၃၅ မိနစ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment