ထရန့်အစိုးရက စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီအတွက် အခွန်များကို အလွန်အမင်း လျှော့ချသည့် အစီအစဉ် ထုတ်ပြန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီအတွက် အခွန်များ အလွန်အမင်း လျှော့ချခြင်းနှင့် ကော်ပိုရိတ်အခွန်ကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချခြင်း ပါဝင်သည့် အစီအစဉ်များအား ဧပြီ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် မျိုးဆက်တစ်ခုအတွင်း တစ်ကြိမ်သာ အကြီးအကျယ် ပြောင်းလဲမှုဖြစ်သော ယင်းအစီအစဉ်သည် ကွန်ဂရက်တွင် ဒီမိုကရက်များထံမှ ပြင်းထန်သော ဆန့်ကျင်မှုနှင့် ကြုံတွေ့ရမည်ဖြစ်သည်။
ထရန့်၏ သမ္မတသက်တမ်း ရက် ၁၀၀ နီးကပ်လာချိန်တွင် ရီပက်ဘလီကင်များသည် နိုင်ငံစီးပွားရေး၊ လုပ်ငန်းနှင့် အိမ်ထောင်စုများအတွက် အရှိန်အဟုန်ဖြင့် တိုးတက်မှု ရရှိစေရန်အတွက် အခွန်စနစ် ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည်ဟု ပေးထားသော ကတိကို ဖြည့်ဆည်းရန် ကြိုးပမ်းနေသည်။ ၀င်ငွေနှင့် စီးပွားရေး လုပ်ငန်းများအပေါ် အခွန်ကောက်ခံမှု အလွန်အမင်း လျှော့ချခြင်းသည် ထရန့်၏ ရွေးကောက်ပွဲအစီအစဉ်၏ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သည်။
ယင်းအစီအစဉ်၏ ကြီးမားသော အပြောင်းအလဲတစ်ခုမှာ ကော်ပိုရိတ်အခွန်များကို လက်ရှိနှုန်း ၃၅ ရာခိုင်နှုန်း ကောက်ခံနေရာမှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချမည်ဖြစ်သည်။ ယင်းကဲ့သို့ ရာခိုင်နှုန်း ၂၀ အထိ လျှော့ချခဲ့ခြင်းကြောင့် ဒေါ်လာ နှစ်ထရီလျံ သို့မဟုတ် ယင်းထက်ပိုသော ပမာဏသည် ဆယ်စုနှစ် တစ်ခုကျော်အတွင်း လိုငွေပြနိုင်ကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။
တစ်ဦးချင်းစီအား အခွန်ကောက်ခံမှုကိုလည်း ခုနစ်မျိုးမှ သုံးမျိုးအထိ လျှော့ချသွားမည်ဖြစ်ပြီး လတ်တလောတွင် ကောက်ခံနေသည့် အမြင့်ဆုံးနှုန်းဖြစ်သည့် ၃၉ ဒသမ ၆ ရာခိုင်နှုန်းထက် နည်းပါးသည့် ၁၀ ရာခိုင်နှုန်း၊ ၂၅ ရာခိုင်နှုန်းနှင့် ၃၅ ရာခိုင်နှုန်းစသည့် နှုန်းများဖြင့် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အတိုက်အခံအချို့က death tax ဟု ရည်ညွှန်းပြောဆိုကြသည့် အိမ် ခြံ မြေ အခွန်ကိုလည်း ယခုအဆိုပြုအစီအစဉ်တွင် ဖျက်သိမ်းထားသည်။ ယင်းအခွန်သည် သေဆုံးသူများထံမှ ၎င်းတို့၏ အမွေစားအမွေခံများထံ လွှဲပေးခဲ့သည့် ငွေသားနှင့် အိမ်ခြံမြေများ အပါအ၀င် ပစ္စည်းများအပေါ် ကောက်ခံခြင်း ဖြစ်သည်။
ယင်းအခွန်ကောက်ခံမှု ပြုပြင်ပြောင်းလဲသည့် အစီအစဉ်ကို အိမ်ဖြူတော်တွင် ဘဏ္ဍာရေးဝန်ကြီး စတီဗင်နူချင်းနှင့်အတူ ထုတ်ပြန်ခဲ့သော သမ္မတ၏စီးပွားရေး အကြံပေးခေါင်းဆောင် ဂါရီကိုက ယင်းအစီအစဉ်သည် ၁၉၈၆ ခုနှစ်နောက်ပိုင်း အကြီးမားဆုံး အခွန်ကောက်ခံခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဖြစ်ပြီး အမေရိကန်သမိုင်းတွင် အကြီးမားဆုံး အခွန်လျှော့ချမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအစီအစဉ်၏ ရည်မှန်းချက်မှာ အမေရိကန် စီးပွားရေးကို နှစ်စဉ် သုံးရာခိုင်နှုန်းဖြင့် တိုးတက်စေရန်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။
ယင်းအစီအစဉ်အား ကွန်ဂရက်တွင် အတည်ပြုမည့် နောက်ဆုံးသတ်မှတ်ရက်ကို ပြောကြားရန် နူချင်းက ပယ်ချခဲ့သော်လည်း ယခုနှစ်တွင် အတည်ပြုနိုင်ရန် ရည်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်း ပြုပြင် ပြောင်းလဲမှု အစီအစဉ်တွင် အဓိကကျသော တစ်ခုဖြစ်သည့် ပြည်ပမှရရှိသော အကျိုးအမြတ်များကို သတ်မှတ်မည့် အခွန်နှုန်းဖြစ်ပြီး ယင်း အခွန်နှုန်းကိုမူ မသတ်မှတ်ရသေးကြောင်း သိရသည်။ ထို့ပြင် ကလေးသူငယ် စောင့်ရှောက်မှုအတွက် လတ်တလော အခွန် သတ်မှတ်မှုကိုလည်း ပြန်လည်ပြင်ဆင်ခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးပေ။
Eleven Media Group
Thursday, April 27, 2017
ထရန့်အစိုးရက စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီအတွက် အခွန်များကို အလွန်အမင်း လျှော့ချသည့် အစီအစဉ် ထုတ်ပြန်
ထရန့်အစိုးရက စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီအတွက် အခွန်များကို အလွန်အမင်း လျှော့ချသည့် အစီအစဉ် ထုတ်ပြန်
Reviewed by Ar Ti
on
8:47 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment