Latest News

Thursday, April 20, 2017

ဘားအံမြို့ရှိ ထန်းကိုးပင်သုဿာန်တွင် အကျွတ်အလွတ်ပွဲကျင်းပ

ဘားအံမြို့ရှိ ထန်းကိုးပင်သုဿာန်တွင် အကျွတ်အလွတ်ပွဲကျင်းပ

ဘားအံ၊ ဧပြီ(၂၀)ရက်။

ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ထန်းကိုးပင်သုဿာန်တွင် ဧပြီလ(၁၉) ရက် ညသန်းခေါင်ယံအချိန်က မာဃ လူမှုကူညီရေးအသင်းကြီးမှ ကြီးမှူး၍ အကျွတ်အလွတ်ပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါပွဲတွင် မာဃလူမှုကူညီရေးအသင်းမှ ထမင်း၊ အသားဟင်း၊ ငါးဟင်းများကို ဖက်စိမ်းများဖြင့် ခင်းကျင်း ကာ မကျွတ်မလွတ်သေးသည့် သတ္တ၀ါများအား ကျွေးမွေးဒါနပြုကြပြီး (၂၀)ရက် နံနက် (၅) နာရီခန့်တွင် ပင့်သံဃာ(၉)ပါးကို ဆွမ်းကပ်ခြင်း၊ လှူဖွယ်ဝတ္တုများဆက်ကပ်ခြင်း၊ အမျှအတန်းပေးဝေခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီလိုလုပ်ဖြစ်ကြတယ်ဆိုတာက အသင်းကြီးရဲ့ နာယကဆရာတော်များဖြစ်တဲ့ တောင်ကလေးဆရာတော်၊ ဇွဲက ပင်ဆရာတော်၊ ဒန့်သလွန်ပင်ကျောင်းဆရာတော်တို့ရဲ့ သြ၀ါဒခံယူပြီး လုပ်ဖြစ်ခဲ့ကြတာပါ။ အဓိက ကတော့ ကျွန်တော်တို့ မာဃလူမှုကူညီရေးအသင်ကြီးက သက်ရှိလူသားတွေရဲ့ သာရေးနာရေး၊ ပညာရေးကအစ စနစ် တကျ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသလို အကြောင်းအမျိုးမျိုးနဲ့သေဆုံးကွယ်လွန်ခဲ့သူတွေ မကျွတ်မ လွတ်ရှိနေကြမယ်ဆိုရင် ကျွတ်ကြပါစေ၊ လွတ်ကြပါစေ ဆိုတဲ့ရည်ရွယ်ချက်နဲ့လုပ်ကြတာပါ။” ဟု ဘားအံမြို့ မာဃလူမှုကူညီရေးအသင်းကြီး၏ ဥက္ကဌ ဦးအောင်သန်းက ပြောသည်။

အဆိုပါ အသင်းမှ သေဆုံးသူများအတွက် ရည်စူးပြုလုပ်သည့် အကျွတ်အလွတ်ပွဲကို နှစ်စဉ် မြန်မာနှစ်ဆန်း တစ်ရက်ရက်တွင် ပြုလုပ်လေ့ရှိကြောင်း သိရသည်။

 မောင်မောင်ငြိမ်း (မြစ်မခ)

No comments:

Post a Comment