မြောက်ကိုရီးယားအရေး တင်းမာမှုများက အချိန်မရွေး စစ်ပွဲဖြစ်နိုင်ကြောင်း တရုတ် သတိပေး
မြောက်ကိုရီးယားအရေး တင်းမာမှုများက အချိန်မရွေး စစ်ပွဲဖြစ်လာနိုင်ကြောင်း တရုတ်နိုင်ငံက သတိပေးပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားက အမေရိကန်ရဲ့ စစ်ရေးအရဆောင်ရွက်မှုမှန်သမျှကို အပြင်းအထန် တုံ့ပြန်သွားမယ်လို့ ပြောကြားခဲ့ပြီးနောက် တရုတ်အစိုးရက ဧပြီ ၁၄ ရက်မှာ ထိုသို့ သတိပေးလိုက်တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက စစ်ပွဲဖြစ်ပွားလာပါက မည်သူမျှ အနိုင်ရသူ မဖြစ်နိုင်ကြောင်း ပြောပါတယ်။
အမေရိကန်က ကိုရီးယားကျွန်းဆွယ်အနီး တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စု စေလွှတ်ခဲ့မှုကို မြောက်ကိုရီယားက တုံ့ပြန်မယ်လို့ ပြောထားပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း မြောက်ကိုရီးယားက ၆ ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု ပြုလုပ်ရန်ပြင်ဆင်နေကြောင်း ခန့်မှန်းမှုတွေလည်း ထွက်ပေါ်နေခဲ့ရာ ဒေသတွင်း တင်းမာမှုများ မြင့်တက်လျက်ရှိပါတယ်။ အခြေအနေမှာ တင်းမာမှုအထွတ်အထိပ် ရောက်နေပြီလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက သုံးသပ်ပါတယ်။
"အချိန်မရွေး စစ်ပွဲဖြစ်လာနိုင်တယ်လို့ တစ်ဖက်ဖက်က ခံစားမှုရှိနေတယ်၊ တစ်ကယ်လို့ စစ်ပွဲဖြစ်ခဲ့ရင် ရလဒ်ကတော့ လူတိုင်း ဆုံးရှုံးကြရမှာပဲ၊ အောင်နိုင်သူ မရှိနိုင်ပါဘူး" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဘေဂျင်းမြို့မှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့ မှတ်ချက်ပေး ပြောကြားမှုဟာ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ Institute for Disarmament and Peace က နျူကလီးယားစစ်ပွဲ အချိန်မရွေးဖြစ်နိုင်တယ်လို့ သတိပေးခဲ့မှုကို ထင်ဟပ်စေပါတယ်။ တရုတ်ဟာ မြောက်ကိုရီးယားရဲ့ အနီးကပ် မဟာမိတ်နိုင်ငံလည်း ဖြစ်ပါတယ်။
"အခုဖြစ်နေတဲ့ တင်းမာမှုမှာ ပါဝင်ပတ်သက်နေသူအားလုံးကို တစ်ဖက်နဲ့တစ်ဖက် ရန်စမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို လက်တွေ့ဖြစ်ဖြစ် စကားလုံးတွေနဲ့ဖြစ်ဖြစ် မပြုလုပ်ကြဖို့၊ အခြေအနေတွေကို နဂိုအတိုင်း ပြန်မဖြစ်နိုင်ဘဲ ထိန်းမနိုင်သိမ်းမရ အဆင့်အထိ မရောက်စေဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှု ၅ ကြိမ်နဲ့ ဒုံးကျည်ပစ်လွှတ်မှုများ ဆက်တိုက် လုပ်ဆောင်နေခဲ့ရာ ကိုရီးယားကျွန်းဆွယ်မှာ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေအပေါ် လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေခဲ့ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးကျည်နည်းပညာ အစီအစဉ်တွေ လုပ်ဆောင်နေခြင်းအပေါ် အမေရိကန် တစ်နိုင်ငံတည်းက အရေးယူဆောင်ရွက်နိုင်ပြီး စစ်ရေးအရဆောင်ရွက်မှုကိုလည်း ရွေးချယ်စရာတစ်ခုအဖြစ် သတ်မှတ်ထားကြောင်း အမေရိကန်အစိုးရက ပြောထားပါတယ်။
မြောက်ကိုရီးယားဟာ ဧပြီ ၁၅ ရက်မှာ ကျရောက်မယ့် နိုင်ငံတည်ထောင်သူ ကင်မ်အီလ်ဆွန်းရဲ့ ၁၀၅ နှစ်မြောက် မွေးနေ့အပါဝင် အထိမ်းအမှတ် နှစ်ပတ်လည်နေ့တွေမှာ နျူကလီးယားစမ်းသပ်မှုတွေ ပြုလုပ်နိုင်ကြောင်း ခန့်မှန်းမှုတွေလည်း ရှိနေပါတယ်။
မြောက်ကိုရီးယားက လက်နက်အစီအစဉ်များ တိုးမြှင့်လုပ်ဆောင်နေမှုအပေါ် ဒေသတွင်း စိုးရိမ်ပူပန်မှုတွေရှိလာပြီးနောက် အမေရိကန်က ကားလ်ဗင်ဆန် (Carl Vinson) တိုက်ခိုက်ရေးစစ်သင်္ဘောအုပ်စုရဲ့ သြစတြေးလျ ခရီးစဉ်ကိုဖျက်သိမ်းစေပြီး ကိုရီးယားကျွန်းဆွယ်အနီး ရေပြင်သို့ စေလွှတ်ခဲ့ပါတယ်။
Source & Photo: AFP: Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment