အသက် ၉ဝ နှစ်နှင့်အထက် ဘိုးဘွားများအား သုံးလတစ်ကြိမ် လူမှုရေးပင်စင်ထုတ်ပေးမည်
ရန်ကုန် ဧပြီ ၂၁
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသက် ၉ဝ နှစ်နှင့်အထက် ဘိုးဘွားများအား လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့ပေးမည့် လူမှုရေး ပင်စင်များကို သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးဆက်အောင်က ပြောကြားသည်။
''အသက် ၉ဝနှစ်နဲ့အထက် ဘိုးဘွား တွေကို လူမှုရေးပင်စင်အဖြစ် တစ်လကို ကျပ် ၁ဝဝဝဝ နှုန်းနဲ့ ဧပြီလမှစပြီး သုံးလ တစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမှာ ဖြစ်ပါတယ်။ ဒီလိုထောက်ပံ့ပေးနိုင်အောင် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၃ဝ ရက်က သက်ကြီးရွယ်အိုဆိုင်ရာ ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၂၅ အရ နိုင်ငံတော်က သက်ကြီးဘိုးဘွား တွေကို ထောက်ပံ့ပေးအပ်တာဖြစ်ပါ တယ်။ ဘိုးဘွားတွေကို ဧပြီလကစပြီး သုံးလတစ်ကြိမ် ထောက်ပံ့ပေးမှာဖြစ်တဲ့ အတွက် ဇွန်လကုန်မှာ ထောက်ပံ့ပေး အပ်သွားမှာ ဖြစ်ပါတယ်''ဟု ဦးမျိုးဆက် အောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်း ကောက်ယူထားသော စာရင်းအရ အသက် ၉ဝ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား ၄၂ဝ၂ ဦးရှိကြောင်း၊ ဘိုးဘွား များအနေဖြင့် လစဉ် ငွေကျပ် ၁ဝဝဝဝ နှုန်းဖြင့် သုံးလအတွက် ငွေကျပ် ၃ဝဝဝဝ ရရှိမည်ဖြစ်ကြောင်း၊ ယင်းလူမှုရေးပင်စင် မှာ ပမာဏအားဖြင့် များပြားခြင်းမရှိ သော်လည်း အဘိုးအဘွားများအတွက် လှူရေးတန်းရေးတွင် အထောက်အပံ့ဖြစ် စေလိမ့်မည်ဖြစ်ကြောင်း၊ ယင်းမှာ တစ်ကြိမ်တစ်ခါမျှ မရှိဖူးသေးသည့် နိုင်ငံတော်၏ စေတနာပင်ဖြစ်ကြောင်း ဦးမျိုးဆက်အောင်က ဆက်လက် ရှင်းပြသည်။
အဆိုပါ ဘိုးဘွားများအား လူမှုရေး ပင်စင်များကို ထောက်ပံ့ပေးအပ်ရာတွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်သော်လည်း နောက်ပိုင်းတွင် ဘဏ်များ၊ ငွေလွှဲများ နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရ သည်။
မေ ၁ ရက်တွင် အသက် ၉ဝ နှစ်ရှိ သည့် သက်ကြီးဘိုးဘွားများအနေဖြင့် လူမှုရေးပင်စင်များကို သန်းခေါင်စာရင်း၊ မှတ်ပုံတင်မိတ္တူ၊ ရပ်ကွက်ထောက်ခံချက် တို့ဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ညွှန်ကြားရေးမှူးထံသို့ လိပ်မူ၍ လျှောက်ထားရမည်ဖြစ်ကြောင်း၊ ဖုန်း နံပါတ်များဖြစ်သည့် ဝ၁-၅၅၂၉၂၇၊ ဝ၁-၅၅၂၉၅၇ နှင့် ဝ၉-၅ဝ၁၁၄၄ဝ တို့သို့ ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။
သတင်း-မြင့်မောင်စိုး၊ ဓာတ်ပုံ-သက္က
Myanmaalinn
Subscribe to:
Post Comments (Atom)
No comments:
Post a Comment