နွေးနွေးထွေးထွေးအိမ်ထောင်ရေး
နွေးထွေးမှု လျော့သွားတယ်လို့ခံစားရတဲ့အခါ
အိမ်ထောင်ရေးမှာ နွေးထွေးဖို့ အရေးကြီးတယ်လို့ နားလည်ထားတဲ့ကျွန်မက အမြဲတမ်း မိသားစု ဆက်ဆံရေးကို ဂရုစိုက်နေခဲ့မိတယ်။
နောက်တစ်ချက်ကတော့ ကိုယ့်ကို သူက အရင်တုန်းကလို သိပ်ဂရုမစိုက်တော့ဘူး၊ ကိုယ့်ကို စိတ်မ၀င်စားတော့ဘူးလို့ ကိုယ်စိတ်ထဲထင်လာမိရင် ဒါဟာ အိမ်ထောင်ရေးအတွက် အန္တရာယ်ရှိတယ်လို့ နားလည်မိတယ်။
အဲဒီအခါ သူ ဘာဖြစ်လို့ကို်ယ့်ကို ဂရုမစိုက်တာလဲ ၊ သူဘာဖြစ်လို့ ကိုယ့်ကို စိတ်မ၀င်စားတော့တာလဲ ဆိုတာကို ရှာဖို့ကိုယ့်ကိုယ်ကို ပြန်ကြည့်ပါတယ်။
ကျွန်မအနေနဲ့ကတော့ကိုယ့်ကိုယ်ကို အရင်ဆုံး စစ်ဆေးပါတယ်။ ကျွန်မရဲ့ဆက်ဆံရေးမှာ ပြဿနာ ရှိနေတာလား။ သူ့အနေနဲ့ကျွန်မအပေါ် မကျေမနပ်တာ တစ်ခုခုရှိနေတာလား၊ ဒါမှမဟုတ် သူ့ကို ကျွန်မက ပစ်ထားမိတဲ့အချိန်တွေများနေလို့လား ဆိုပြီး စစ်ဆေးပါတယ်။
တစ်ခါတစ်ရံမှာ ကျွန်မက အလုပ်များနေတယ်။ သူက ကျွန်မကို စိတ်ကောက်နေတယ်။ ဒါကို သူစိတ်ကောက်လို့ကောက်မှန်းမသိခဲ့ဘူး။ သူက ပါးစပ်ကနေ စိတ်ဆိုးနေတာလို့ပြောမှ ကျွန်မက အော်..ဟုတ်လား ဆော်ရီးပါ ဆိုပြီး တောင်းပန်ရတာမျိုးလည်း ရှိတယ်လေ၊ ကျွန်မမှာ သူ့ရဲ့ဇနီးမယားဘ၀၊ သားတို့သမီးတို့ရဲ့ မိခင်ဘ၀၊ မိဘတွေအတွက် သမီးကြီး ဘ၀၊ ပြီးတော့မြစ်မခရဲ့စီအီးအိုဘ၀၊ ပြီးတော့ စာရေးသူ ဘ၀နဲ့ လူမှုကွန်ယက်အတွက်လည်း မိတ်ဆွေသူငယ်ချင်းဘ၀တွေ ရှိနေသေးတာကိုး။
အဲဒါကြောင့် တစ်ခါတစ်ရံမှာ တစ်ခုမဟုတ်တစ်ခုတော့ လှစ်ဟာသွားတတ်တာတွေရှိပါတယ်။ မှားယွင်းသွားတာတွေလည်း ရှိတယ်။ ဒါကြောင့် တောင်းပန်ခြင်းဆိုတာကိုလည်း လုပ်ရပါတယ်။
ပြီးတော့ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အလှအပကို စစ်ဆေးတာပေါ့။ ကိုယ့်ကို သူက ကြိုက်ခဲ့တာ၊ ချစ်ခဲ့တာ မှန်ပါတယ်။ ကြိုက်ခြင်းနဲ့ချစ်ခြင်းဆိုတာ အမြဲတမ်း မတည်မြဲနိုင်ပါဘူး။ ကိုယ့်ရဲ့အလှနဲ့အပြုအမူပေါ်မှာ လိုက်ပြီး ပြောင်းလဲတတ်တယ်လေ။ဒါကြောင့် သူ့မျက်စိထဲမှာ ကိုယ့်က အရင်တုန်းကလောက် မလှတော့ဘူးဆိုရင်တောင်မှ သန့်သန့်ရှင်းရှင်းလှလှပပတဲ့ ကြည့်ကောင်းနေသေးရဲ့လားပေါ့။
အဲဒီလို ကိုယ့်ကိုယ်ကို ပြန်ကြည့်လို့မှ စိတ်ဝင်စားစရာမကောင်းဘူး၊ ကို်ယ့်ကိုယ်ကိုတောင် ငြီးငွေ့ဖို့ကောင်းနေပြီဆိုရင် သေချာတယ် ကိုယ်ပြင်သင့်ပြီ။ ဘာကြောင့်လဲ ဆိုတော့အမျိုးသားတွေရော အမျိုးသမီးတွေပါ ကိုယ့်ရဲ့ဘေးနားက လက်တွဲဖော်ကို ပွဲထုတ်ဖို့စဉ်းစားလေ့ရှိပါတယ်။
ကျွန်မဆိုရင်လည်း သူ့ကို “မောင်ရေ…ဒီစနေမှာ ညစာ စားပွဲလေးဖိတ်ထားတယ်၊ မောင် လိုက်တက်ပေးပါဦးနော်၊ အ၀တ်အစား မေစီစဉ်ထားပါမယ်“ ဆိုတာမျိုး ကမ်းလှမ်းရတာလည်း ရှိတယ်။ တစ်ခါတစ်ရံမှာ ဇနီးမောင်နှံနှစ်ဦးစလုံးကို မင်္ဂလာ လက်စွပ် စွပ်ပေးဖို့ကမ်းလှမ်းခံရတဲ့အခါမှာလည်း ကိုယ့်အနေနဲ့သူရော ကိုယ်ပါ လှပ တင့်တယ်ဖို့ ပြင်ဆင်ရပါတယ်။
ဒါကြောင့် သူ့ဘေးနားမှာ ကိုယ်ရှိနေချိန် ကိုယ့်ရဲ့အပြင်အဆင်နဲ့ အလှအပက သူ့ကို စိတ်ကျေနပ်မှုနဲ့ ဂုဏ်ယူမှု ဖြစ်ပေါ်စေတယ်လေ။ ဒါကြောင့်ကျွန်မတို့လို ၄၀ ကျော် ၅၀ တွေ ကျန်းမာရေး အတွက်ရော အလှအပ အတွက်ပါ ပြင်ပြင်ဆင်ဆင်လှလှပပေ နသင့်တာပါ။
ကိုယ့်ရဲ့အလှအပ ကိုယ့်ရဲ့ယုံကြည်မှုအတွက်လည်း အထောက်အပံ့ဖြစ်စေတယ်၊ ကျန်းမာရွှင်လန်းတဲ့သဏ္ဍန်ကြောင့် သားသမီးနဲ့မိသားစုအတွက်လည်း စိတ်လုံခြုံမှုကို ဖြစ်ပေါ်စေသလို၊ ခင်ပွန်းရဲ့အမြင်မှာလည်း စိတ်ကျေနပ်မှု ဖြစ်ပေါ်စေတယ်။ ကိုယ့်နဲ့ လက်တွဲလုပ်ကိုင်နေကြတဲ့အဖွဲ့သားတွေရဲ့ယုံကြည်မှုနဲ့အားကိုးကျေနပ်မှုကိုလည်း ရရှိစေတယ်။
အချို့အမျိုးသမီးတွေက ကျန်းမာရေးနဲ့ အလှအပကို အရေးမကြီးဘူးလို့ယူဆကြတယ်။
“ကျွန်မ ယောက်ျားက ပြောတယ်။ မိန်းမ ၀တ်လျော့မနေနဲ့ အားကစားတွေ ဘာတွေလည်း လုပ်မနေနဲ့ပင်ပန်းတယ်၊ မင်း ဘယ်လောက် ၀၀ ချစ်မှာပဲတဲ့…ကျမ လှခြင်း မလှခြင်းက သူ့အတွက် အရေးမကြီးဘူးလို့ပြောတယ်“ ဆိုပြီး ခင်ပွန်းအပေါ်ယုံကြည်စိတ်ချနေကြတယ်။
သူပြောသလို တကယ်ပဲ ကိုယ့် မိန်းမကလွဲရင် အခြားမိန်းမတွေကို မျက်လုံးတောင် စွေမကြည့်ဘူး ဆိုတဲ့ယောင်္ကျားမျိုး ရှိရင်တော့ ဖြစ်နိုင်ပါတယ်။
ကိုယ့်မိန်းမကို ပုံပျက်ပန်းပျက်ဖြစ်နေလို့ အိမ်က ဟာမကြီးက ဆိုပြီး အငယ်ရှာနေတဲ့ယောင်္ကျားမျိုးတွေကတော့ အိမ်က အမျိုးသမီး လှလှမလှလှ ဂရုမစိုက်တော့ဘူး။ ဘာကြောင့်လဲ ဆိုတော့သူတို့ဂရုစိုက်ရမဲ့ လှတပတ အမျိုးသမီးတစ်ယောက်ကို မြင်ထားတွေ့ထား၊ နဘေးနားမှာ ထားထားနေလို့ပါပဲ။
ဒါကြောင့် အချို့က ကိုယ့်နားကို မကပ်တော့တဲ့ ယောက်ျားကို သူတို့ကို ဂရုစိုက်ဖို့ နားပူနားဆာလုပ်ကြတယ်၊ အချု့က ခင်ပွန်းနဲ့အတူတူ အလုပ်လုပ်နေတဲ့ လှတ ပတ ကောင်မလေးတွေကို အလုပ်ပြုတ်စေချင်ကြတယ်။ ခင်ပွန်းရဲ့မျက်လုံးကစ ခြေလှမ်းအဆုံး အရာရာကို ထိန်းချုပ်ဖို့ ကြိုးစားတတ်ကြတယ်။
အဲဒီလိုတွေ လုပ်မဲ့ အစား ကိုယ့်ကိုယ်ကို အရင်ဆုံး ပိုလှအောင် ပြင်ပါ၊ ပြီးရင် ကိုယ့်ကိုယ်ကို တိုးတက်အောင် ဂရုစိုက်ပါ။ အစားအသောက် ဂရုစိုက်မယ်၊ စိတ်ရောကိုယ်ပါ လေ့ကျင့်ခန်းလုပ်မယ်။ သန့်သန့်ရှင်းရှင်း လှလှပပ အဆင့်အတန်း ရှိရှိပြင်ဆင်နေ နေထိုင်သလို အပြောအဆိုလေးကိုပါ ချိုသယာဉ်ကျေးစွာ ပြောဆိုမယ် ဆိုရင် အမျိုးသားကို လိုက်ထိန်းချုပ်နေစရာတောင် မလိုဘူးလေ။
အဲဒီလို ကိုယ့်ကိုယ်ကို ပြောင်းလဲခြင်းအားဖြင့်ပထမဆုံး ကိုယ်က အရင်နေလို့ ထိုင်လို့သိပ်ကောင်းသွားမယ်။ ကိုယ့်စိတ်ထဲ ကိုယ့်ကိုယ်ကို ပြန်ယုံကြည်လာတယ်။ စိတ်ရွှင်လန်းလာတယ်။ ဒါက စွဲဆောင်မှုတစ်ခုဖြစ်လာလိမ့်မယ်။ ဒါကို ခင်ပွန်းသည်ကလည်း နှစ်သက်လိုလားပါတယ်။
နောက်တစ်ချက်ကတော့ ကိုယ့်ခင်ပွန်းက လက်ရှိအချိန်မှာ ဘာကို စိတ်ဝင်စားနေသလဲ ဆိုတာကို သိဖို့ကိုယ်ကလည်းသူ့ကို စိတ်ဝင်စားဖို့လည်း လိုတယ်။ သူ့ကို ကိုယ်ကြည့်နေကြ ကိုရီးယားကားလောက်မှ စိတ်မ၀င်စားရင် သူကလည်း ကိုယ့်ကို သူ့ဘောလုံး ဂျာနယ်လောက် စိတ်ဝင်စားမှာ မဟုတ်ဘူး။
ဒါကြောင့် သူ့ရဲ့စိတ်ဝင်စားမှုကို ကိုယ်က သိအောင်ကြည့်ပြီး ကောင်းမွန်တဲ့ကိစ္စရပ်မျိုးဆို အားပေးသင့်တာမျိုးလုပ်သင့်တယ်။ ဥပမာ ခင်ပွန်းသည်က စာဖတ်ချင်တယ်ဆိုရင် အားပေးရမဲ့ကိစ္စ၊ တရားပွဲတွေ စိတ်ဝင်စားပြီး ဘာသာရေး လုပ်ချင်တယ်ဆိုရင်လည်း အားပေးရမဲ့ကိစ္စ၊ စီးပွားရေး ကို စိတ်ဝင်စားပြီး လေ့လာနေတယ်ဆိုရင်လည်း အားပေးရမဲ့ကိစ္စပါ။
တကယ်လို့ သူက မကောင်းမှုတစ်ခုခုပဲ ဖြစ်ဖြစ် စိတ်ဝင်စားနေတယ်ဆိုရင်တော့ အားမပေးသင့်ဘူး၊ အားမပေးရဘူးဆိုပြီးတော့အပြစ်တင် ရန်ရှာတာမျိုးလုပ်တာထက်၊ သူ့ရဲ့စိတ်ဝင်စားမှုကို အခြားကောင်းတဲ့ဘက်ကို ပြောင်းလဲသွားအောင် ကိုယ့်အနေနဲ့ လုပ်ပေးသင့်တယ်လို့မြင်မိပါတယ်။
ဒါကြောင့် ကောင်းမှုနဲ့ မကောင်းမှု၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာကို ကိုယ်ကိုယ်တိုင်ကလည်း ခွဲခြားသိဖို့ဆိုရင်တော့ အမျိုးသမီးတွေဟာ အတွေး အခေါ်ရှိဖို့နဲ့ ပညာဥာဏ်ရှိဖို့လိုပါတယ်။ ပညာဥာဏ်ဆိုတာ ပညာတတ်မှ၊ ပါရဂူဘွဲ့ရမှ ဆိုတာမျိုးကို ပြောတာ မဟုတ်ပါဘူး။ အသိပညာရရှိစေဖို့အတွက် စာဖတ်တာ၊ လေ့လာစူးစမ်းတာမျိုးနဲ့ကိုယ့်ရဲ့အသိပညာဥာဏ်ရအောင် ကြိုးပမ်းသင့်တာလို့ဆိုချင်တာပါ။
ဒါကြောင့် အမျိုးသမီးတွေရဲ့ကမ္ဘာဟာ အိမ်ထောင်စုလေးတစ်စုပဲမဖြစ်သင့်ဘူး။ အိမ်ရှင်မအလုပ်အပြင် အသိဥာဏ်တိုးပွားဖို့နဲ့ မိတ်ဆွေတိုးပွားဖို့အတွက် အခြားအလုပ်တစ်ခုခုကို လုပ်သင့်ပါတယ်။
အနည်းဆုံး မိသားစုစားဝတ်နေရေးအတွက် အပြင် အလုပ်မလုပ်ရဘူးဆိုရင်တောင်မှ လေ့လာစူးစမ်းမှုကို ရပ်မပစ်ပါနဲ့၊ အိမ်အလုပ်တွေနဲ့ တီဗီဖန်သားပြင်ရှေ့မှာပဲအချိန်မကုန်ပါစေနဲ့။အတွေးအမြင်ရစေတဲ့ စာပေဖတ်ပါ၊ဒါမှသူ့ခင်ပွန်း လမ်းမှားရောက်နေတယ်ဆိုရင်တောင်မှ ခင်ပွန်းကို ပြန်လည်တည့်မတ်ပေးနိုင်တာ။ သားသမီးတွေကိုလည်း ပညာဥာဏ်နဲ့ ပြုစုပျိုးထောင်နိုင်တာလေ။
ဒါကြောင့်အမျိုးသမီးတွေဟာ လှပသန့်ရှင်းဖို့လည်း လိုအပ်သလို၊ ပညာဥာဏ်ဖို့ လည်း လိုအပ်တယ်လို့ကျွန်မကတော့လက်ခံထားတာပါပဲ။
မနက်ဖြန်မှာတော့ ကျန်တဲ့အချက်တွေ ရေးပါဦးမယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြဟိန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment