သီပေါ၊ ဧပြီ (၁၉) ရက်။
ရှမ်းပြည်နယ် (မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ အထက်မန်လွယ်ရွာ၌ ဧပြီ ၁၉ ရက်၊ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် လက်ဖက်ခူးလုပ်သား(၁၁၁)ဦး မီးဘေးသင့်ခဲ့ရကြောင်း နမ့်ဆန်မီးသတ်ဦးစီးဌာနမှ သိရှိရသည်။
နမ့်ဆန်မြို့နယ်၊ အထက်မန်လွယ်ရွာတွင် ဧပြီ ၁၉ ရက်၊ နံနက်ပိုင်းက နေအိမ်တစ်လုံး၏ မီးဖိုချောင်မှ စတင်ကာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာမှ လက်ဖက်ခူးလုပ်သား (၁၀၀)ကျော် စုပေါင်းနေထိုင်ကြသည့် နှစ်ထပ်ပျဉ်ထောင်အိမ်(၃) လုံး မီးလောင်ဆုံးရှုံးခဲ့ခြင်းဖြစ်သည်။
“မီးဖိုချောင်ကနေ စလောင်တာလို့ သိရပါတယ်။ လူတွေတော့ ဘာမှမဖြစ်ပါဘူး။ အခုတော့ ရွာလယ်ဘုန်းကြီး ကျောင်းမှာ နေကြပါတယ်။”ဟု နမ့်ဆန်မီးသတ်ဦးစီးဌာနမှ မီးသတ်အရာရှိတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုမှာ နံနက်(၄း၃၀)နာရီဝန်းကျင်မှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့ဝင်များက အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် နံနက်(၅း၃၀)နာရီ ဝန်းကျင်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
“နမ့်ဆန်မြို့မှာနေတာကြာတော့ မီးဆိုရင်လန့်နေပါပြီ။ ပြီးခဲ့တဲ့လကလည်း ဆင်ဖြူရပ်ကွက်မှာ မီးလောင်လို့ ရွာသားတွေ စာသင်ကျောင်းမှာနေကြတယ်။ အခုလည်းမီးလောင်လို့ လူဦးရေရာကျော် ဒုက္ခရောက်ခဲ့ရတယ်။ နွေရာသီ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မီးကိုအထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။”ဟု နမ့်ဆန်မြို့နေ မိုင်းအိုက် နိုင်ကပြောသည်။
အဆိုပါမီးလောင်ကျွမ်းမှုအား သက်ဆိုင်ရာမှစိစစ်နေဆဲဖြစ်ကာ နမ့်ဆန်မြို့၊ ဆင်ဖြူရပ်ကွက်တွင်လည်း မတ် ၃၀ ရက်၊ နံနက်ပိုင်းက ဘုရားမီးပူဇော်ရာမှ မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ(၁၁)အိမ် မီးလောင်ကျွမ်းခဲ့ခြင်း ကြောင့် မီးဘေးဒုက္ခသည်(၄၄)ဦးမှာ ကယားလမ်းရှိစာသင်ကျောင်း၌ ခိုလှုံနေခဲ့ကြရကြောင်း သိရသည်။
နောင် (မြစ်မခ)
No comments:
Post a Comment