Latest News

Saturday, April 29, 2017

နွေးနွေးထွေးထွေးအိမ်ထောင်ရေး “အိမ်ထောင်ရေးမှာလည်း ဒေါသကို အနိုင်ယူနိုင်ဖို့ လိုပါတယ်“

နွေးနွေးထွေးထွေးအိမ်ထောင်ရေး
“အိမ်ထောင်ရေးမှာလည်း  ဒေါသကို အနိုင်ယူနိုင်ဖို့ လိုပါတယ်“

ကိုယ့်ဒေါသကို မထိန်းနို်င်လို့ မပြောသင့်တာပြောပြီး လမ်းခွဲကြရတဲ့အိမ်ထောင်ရေးတွေ ရှိတယ်။

ကိုယ့်ဒေါသကို မထိန်းနိုင်လို့မလုပ်သင့်တာကို လုပ်မိပြီး အိမ်ထောင်ဘက်က စိတ်နာကြည်းလွန်းလို့ ဆက်မပေါင်းနိုင်တော့ဘဲ ပြီးဆုံးလိုက်ရတဲ့အိမ်ထောင်ရေးတွေလည်း ရှိတယ်။ဒေါသကြောင့်ပျက်ရတဲ့မိသားစုအရေးပေါ့ရှင်။

အိမ်ထောင်ရေးမှာပဲ ဖြစ်ဖြစ် စီးပွားရေးမှာပဲဖြစ်ဖြစ် ကောင်းချင်တယ်ဆိုရင် အရေးကြီးတာက ကိုယ်က အကောင်းဆုံးဖြစ်အောင် နေထိုင်ဖို့ပဲလို့ ကျွန်မက လက်ခံထားတယ်။
ကောင်းအောင်နေတယ်ဆိုတဲ့နေရာမှာ သီလလုံခြုံဖို့က အရေးကြီးတယ်လို့ ကျွန်မက လက်ခံထားတယ်။ နောက်တစ်ချက်ကတော့ဒေါသကို ထိန်းသိမ်းနိုင်ဖို့၊ ပြီးတော့လောဘ၊ မောဟတွနဲ့မဆုံးဖြတ်မိဖို့ပါ။

ကျွန်မက ဒေါသကြီးတတ်တဲ့သူလည်း ဖြစ်တော့စိတ်တိုစရာကြုံတဲ့အခါမှာ ဒေါသနဲ့မတုန့်ပြန်မိဖို့၊ဒေါသနဲ့မဆုံးဖြတ်မိဖို့အမြဲတမ်း သတိထားပြီး ထိန်းသိမ်းရပါတယ်။ ဘာကြောင့်လဲဆိုတော့ဒေါသနဲ့တုန့်ပြန်မိရင်ကောင်းမွန်တဲ့တုန့်ပြန်နည်းမဟုတ်တဲ့ အတွက် ဆုံးရှုံးနစ်နာစရာတွေနဲ့ကြုံတွေ့ရတတ်လို့ပါပဲ။

အထူးသဖြင့်ဒေါသဆိုတာ တော်တော်လေးကို ထိန်းသိမ်းရခက်တယ်။ ကျွန်မက ဒေါသကြီးတဲ့ထဲမှာပါသလို၊ သူကလည်း ထစ်ခနဲရှိရင် ဒေါသကြီးတယ်။
အဲဒီလို ဒေါသထွက်နိုင်တဲ့အခြေအနေမျိုးကို မလွှဲမရှောင်သာကြုံလာပြီဆိုရင် ကျွန်မက ကို်ယ့်စိတ်ကိုယ့်ဒေါသကို ထိန်းဖို့နဲ့ပြေပျောက်သွားဖို့ကြိုးစားမိတယ်။

ဘာကြောင့်လဲဆိုတော့ဒေါသကြောင့် မှားတဲ့အမှားမျိုး အိမ်ထောင်ရေးမှာ အဖြစ်မခံနိုင်လို့ပါ။ ဒါကြောင့် ချက်ခြင်းပဲ သူ့နားကနေ ထွက်သွားပြီး စိတ်ထဲကနေ ကျွန်မရဲ့ဒေါသတွေကို ဖယ်ရှားပေးပါ၊ သည်းခံစိတ်ကိုပေးပါ၊ စိတ်အေးချမ်းပါရစေ ဆိုပြီး စိတ်ထဲကနေ အကြိမ်ကြိမ် ပါးစပ်ကနေ တိုးတိုးကလေး ရွတ်နေမိတယ်။ အဲဒီလို ရွတ်ရင်းနဲ့ပဲ စိတ်က  ပြန်တည်ငြိမ်သွားတယ်၊ အေးချမ်းသွားတယ်။

တစ်ခါတစ်ရံမှာတော့စိတ်ခံစားချက်တွေ တော်တော်လေးပြင်းထန်နေရင်တော့ လမ်းပေါ် လျှောက်သွားနေမိတယ်။ အတွေးဆိုးတွေကို ရပ်တန့်နိုင်တဲ့အချိန်၊ စိတ်တည်ငြိမ်တဲ့အချိန်မှ အိမ်ကို ပြန်လာပါတယ်။

သူကလည်း စိတ်တိုနေပြီဆိုရင် ကျွန်မရဲ့အဝေးကို သွားတာမျိုး၊ ရေ တ၀ကြီးချိုးပစ်လိုက်တာမျိုးလုပ်တတ်တာ တွေ့ရတယ်။ ရေချိုးလိုက်တဲ့အတွက် အညစ်အကြေးအားလုံးကို ဆေးကြောသန့်စင်ပစ်လိုက်တာ စိတ်အညစ်အကြေးတွေပါ ပါသွားပုံရပါတယ်။

နှစ်ယောက်စလုံး တည်ငြိမ်သွားပြီဆိုမှ ပြန်ပြီး ဆွေးနွေးကြတယ်။ အဲဒီအချိန်ကျမှ ဘာလုပ်သင့်တယ်ဆိုတာကို မြင်ကြတာပါ။ အဲလိုမဟုတ်ဘူး ဒေါသ စိတ်ရှိနေုတုန်းပဲ ဆိုရင် အမှန်ကို မြင်ဖို့ ခဲယဉ်းတယ်လေ၊ ဒေါသက အသိဥာဏ်ကို ကန်းသွားစေတာကိုး၊ ဒါကြောင့် ဒေါသ စိတ်နဲ့မပြုသင့်တာကို ပြုတယ်၊ မပြောသင့်တာကို ပြောတာ၊ မလုပ်သင့်တာကို လုပ်ကြတာပေါ့။

လူမှာ ဒေါသကို ထိန်းနို်င်တယ်ဆိုရင်ကို တော်တော်လေး အေးချမ်းသွားပါတယ်။

ကျွန်မအနေနဲ့ ဘ၀အတွက်အရေးကြီးလှတဲ့အိမ်ထောင်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဆုံးဖြတ်ချက်တစ်ခုကို ချရတော့မယ်ဆိုရင် ဘယ်တော့မှ ခပ်မြန်မြန်မချမိအောင်နဲ့သူ့ကို မတိုင်မင်ဘဲ မလုပ်မိအောင် မနည်းသတိနဲ့ထိန်းရတယ်။

အရင်တုန်းက ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချခဲ့တာတွေရှိတယ်။ ဒါကို သူက အပြစ်မတင်ပေမဲ့ အဲဒီလို မလုပ်သင့်ဘူးဆိုတာ သိပါတယ်။ အိမ်ထောင်ရေးပဲဖြစ်ဖြစ်၊ မိသားစုရေးပဲဖြစ်ဖြစ်အားလုံးဟာ သူနဲ့ကိုယ်သာမက သားတွေသမီးတွေအားလုံးနဲ့ပါ သက်ဆိုင်တဲကိစ္စဖြစ်တဲ့အတွက် မိသားစုဝင်အားလုံး ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ဆောင်သင့်ပါတယ်။

အားလုံးက ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ဆောင်တဲ့အတွက် တစ်ယောက်အပေါ်တစ်ယောက်မကျေနပ်တာလည်း မရှိတော့ဘူးလေ။ မှားရင်လည်း အဲဒီအမှားကို အားလုံးက ၀ိုင်းဖြေရှင်းကြရတာကိုး။

အချို့က ပြောတယ်။ အိမ်ထောင်ဘက်အပေါ်မှာ မကျေနပ်တဲ့စိတ်က ၀င်ဝင်လာတယ်။ သူ့ကို သည်းခံလို့မရဘူး၊ ခွင့်လွှတ်လို့မရဘူးဖြစ်နေတယ်တဲ့။ ကျွန်မအနေနဲ့ဒါဆို သူ့နေရာမှာ ကိုယ်က ၀င်ခံစားပေးလိုက်ပါ၊ပြီးတော့သူ့ကို ကိုယ့်သားသမီးသာဆိုရင် ဆိုတ်ဲ့စာနာတဲ့စိတ်လေးထားကြည့်လိုက်ပါ။ ဒါမှ သူ့ကို ကိုယ်က ကိုယ်ချင်းစာနို်င်မယ်၊ အဲဒါမှ ခွင့်လွှတ်လို့နားလည်ပေးလို့ရမှာလို့။

နောက်တစ်ချက်ကတော့ သူ့အပေါ် မကျေမနပ်ဖြစ်နေတာကို မကြာခဏ မတွေးမိအောင် ဂရုစိုက်ဖို့ပါပဲ။ သူ့အပေါ် မကျေနပ်တာတွေပဲ အားတိုင်းတွေးနေမယ်ဆိုရင် ကိုယ့်စိတ်ထဲမှာ သူ့ကို နားလည်ဖို့ထက် သူ့ကို ဒေါသထွက်ဖို့ပဲ အားပေးနေရာ ရောက်ပါတယ်။ ဒါကြောင့် သူနဲ့ကိုယ်နဲ့ဆက်ဆံရေး ပိုကောင်းလာစေမဲ့ ကောင်းရာ မွန်ရာကိုသာ တွေးပါလို့သာ ဆိုမိပါတယ်။

အိမ်ထောင်ရေးမှာ ဒေါသနဲ့တုန့်ပြန်တာက မသာယာတဲ့ အိမ်ထောင်ရေးကို ဖြစ်စေတဲ့ ခရီးအစပါပဲ။ ဒေါသဟာ ကောင်းမွန်ခြင်းကို ပျက်ဆီးစေပါတယ်။ ပြီးတော့ကျွန်မတို့ရဲ့ စိတ်နဲ့ရုပ်ပို်င်းဆိုင်ရာအလှအပကိုလည်းထိခိုက်စေတယ်။ကျန်းမာရေးနဲ့ပျော်ရွှင်ခြင်း ကိုလည်း ထိခိုက်ပျက်စီးစေပါတယ်။

ထစ်ခနဲရှိ ဒေါသ ထွက်တတ်တဲ့သူ၊ ဒေါသ ကြီးတဲ့သူတွေကို လုပ်ငန်းခွင်ကလူတွေနဲ့မိတ်ဆွေအပေါင်းအသင်းတွေက မဆက်ဆံချင်တဲ့ အတွက်ရှောင်ဖယ်ကြပါတယ်။

မိသားစုဝင်တွေကတော့ ရှောင်လို့မရရှာတဲ့အတွက် ဒေါသတွေရဲ့သားကောင်တွေ ဖြစ်ဖ်ြစ်သွားရရှာပါတယ်။

ရုံးမှာ အဆင်မပြေဖြစ်လာလို့စိတ်ထဲမကြည်မလင်ဖြစ်နေတာ၊ အိမ်ရောက်လို့ သားသမီးတွေက အမှိုက်တွေပွရှု့ပ်နေအာင်ဆော့ထားတာ တွေ့ပြီး ဒေါသ ထွက်ပြီး ကလေးကို ရိုက်နှက်ပြီး ကိုယ့်ဒေါသကို သားသမီးအပေါ် ဖောက်ခွဲလိုက်တဲ့မိဘမျိုါ် တွေ့ဖူးပါတယ်။

အပြင်က လူတွေအပေါ်မှာတော့သည်းခံနိုင်ပေမဲ့ ကိုယ့်ကို မှီခိုနေတဲ့သားသမီးတွေအပေါ်မှာတော့ ဒေါသတွေ နေ့စဉ်ဖောက်ခွဲနေတဲ့မိဘတွေ ရှိနေတယ်။

အမှန်တကယ်တော့မိသားစုဝင်တွေဆိုတာ ကိုယ့်ရဲ့အရင်းအမြစ် စစ်စစ်တွေပါ။ သူတို့က ကိုယ့်အတွက် အသက်ရှင်နေထိုင်နေရတဲ့သူတွေပါ၊ သူတို့ကသာလျှင်ကိုယ့်ဘ၀ရဲ့အစစ်အမှန်ပါ၊ သူတို့အပေါ်ကို ဒေါသဖောက်ခွဲတာမျိုး မလုပ်မိပါစေနဲ့။

ကိုယ့်ရဲ့ ဒေါသဖောက်ခွဲမှုတွေကြောင့်သူတို့ဘ၀တွေ သိမ်ငယ်သွားတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုမဲ့သွားတာမျိုးဖြစ်သွားတတ်ပါတယ်။ အဲဒီလော်ကထိ မဖြစ်သွားဘူးဆိုရင်တောင်မှ  သူတို့ရဲ့စိတ်မချမ်းမြေ့ခြင်းကလည်း ကိုယ့်ဆီကို ပြန်လည် ကူးစက်လာမယ်ဆိုတာကိုလည်း နားလည်ထားသင့်ပါတယ်။

ဒါကြောင့် မိသားစု၊ အိမ်ထောင်ဘက်ဆိုတာ ကိုယ့်အတွက်အရေးကြီးဆုံးနဲ့အရေးပါဆုံး သူတွေပါ၊ သူတို့တွေကို ကိုယ့်အနေနဲ့အပြင်ကလူတွေထက်ပိုပြီး စိတ်ရှည်ခြင်း၊သည်းခံခြင်း၊နားလည်ပေးခြင်း တို့နဲ့သာဆက်ဆံသင့်တာပါ။

ဘ၀အောင်မြင်ဖို့၊ မိသားစုဘ၀ အောင်မြင်ဖို့လိုပါတယ်။ မိသားစု ဘ၀အောင်မြင်ဖို့ ဆိုရင် ကိုယ့်ဒေါသကို ထိန်းချုပ်ပြီး ကိုယ့်စိတ်ကိုအောင်မြင်နိုင်ဖို့က အရေးကြီးပါတယ်ရှင်။

မနက်ဖြန်မှာလည်း ဆက်လက်ရေးသားပါဦးမယ်နော်။
ကျေးဇူးတင်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment