Latest News

Thursday, April 20, 2017

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ ၀န်ထမ်းများအား လစာနှစ်ဆ တိုးပေးမည်မဟုတ်ဘဲ လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှုနှင့် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး သုံးလတစ်ကြိမ် ဆုကြေးငွေ ချီးမြှင့်မည်

အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ ၀န်ထမ်းများအား လစာနှစ်ဆ တိုးပေးမည်မဟုတ်ဘဲ လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှုနှင့် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး သုံးလတစ်ကြိမ် ဆုကြေးငွေ ချီးမြှင့်မည်


အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ ၀န်ထမ်းများအား လစာနှစ်ဆ တိုးမြှင့်ပေးမည် မဟုတ်ဘဲ လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှုနှင့် စွမ်းဆောင်ရည်အပေါ် မူတည်ပြီး သုံးလ တစ်ကြိမ် ဆုကြေးငွေ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း  စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

“လစာနှစ်ဆ ပေးမယ်ဆိုတာ မဟုတ်ပါဘူး။ ၀န်ထမ်းအားလုံးလည်း မပေးနိုင်ပါဘူး။ သို့သော် SAS (အခွန်ထမ်းကိုယ်တိုင် စည်းကြပ်သည့် အခွန်စနစ်) ရုံးဝန်ထမ်း ၉၀ လောက်ကိုတော့ ကြိုးစားချင်စိတ်၊ လုပ်ချင်ကိုင်ချင်စိတ်ရှိအောင် ဂုဏ်သိက္ခာရှိရှိနဲ့ လုပ်ဆောင် နိုင်အောင် ဆုပေးဒဏ်ပေး စနစ်နဲ့ ဆက်လက် ဆောင်ရွက်သွားဖို့ အစီအစဉ်တော့ ရှိပါတယ်” ဟု အဆိုပါ အကြီးတန်းအရာရှိက ပြောကြားသည်။

“အဲဒီတော့ SAS စနစ်ကို ကျင့်သုံးနေတဲ့ အခွန်ဝန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးများမှာ အခွန်တာဝန်ကျေပွန်အောင် ဆောင်ရွက်နေတဲ့ သူတွေကိုတော့ သုံးလပတ်အလိုက် စိစစ်ပြီးတော့ အရင်နှစ်အလားတူ သုံးလပတ် ကာလထက် ပိုမိုကောက်ခံရရှိနိုင်ခြင်း ရှိ မရှိနဲ့ လာဘ်ပေးလာဘ်ယူ ကင်းရှင်းမှု ရှိ မရှိတို့ကို စိစစ်ပြီးတော့ ဌာနအထက်ပိုင်းကို သုံးလပတ်အလိုက် တင်ပြပြီးတော့ သာမန်အသုံးစရိတ် ခေါင်းစဉ်အောက်ကနေ သင့်လျော်တဲ့ ချီးမြှင့်ငွေကို ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယင်းကဲ့သို့ အခွန်ပိုမိုကောက်ခံနိုင်ခြင်း မရှိသည့်အပြင် လာဘ်ပေးလာဘ်ယူ ကိစ္စများ ရှိပါက ဆုကြေးချီးမြှင့်မည် မဟုတ်ဘဲ ၀န်ထမ်းဆိုင်ရာ အရေးယူ ဆောင်ရွက်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းအခွန်များ ဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူနှင့် အခွန်ဝန်ထမ်းများအကြား လာဘ်ပေးလာဘ်ယူ မပြုလုပ်နိုင်စေဘဲ အခွန်တိုးတက် ကောက်ခံ ရရှိနိုင်မည့် အခွန်ထမ်း ကိုယ်တိုင်စည်းကြပ်သည့် အခွန်စနစ် ( Self Assessment System) သို့ ကူးပြောင်းနိုင်ရန် ဆောင်ရွက်နေကြောင်း၊ ထို့အတွက် ရင်းနှီးမြုပ်နှံမှု ပြုလုပ်သည့်အနေဖြင့် ယင်းစနစ်ကို ကျင့်သုံးလျက်ရှိသော ၀န်ထမ်းများကို ဆုကြေးချီးမြှင့်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ ရင်းနှီးမြုပ်နှံမှု သဘောဆောင်ရွက်ပါက ရသင့်ရထိုက်သော အခွန်ဘဏ္ဍာငွေများ ပြည့်စုံစွာရရှိနိုင်မည်ဖြစ်ခြင်း၊ အခွန်ဝန်ထမ်း ကျင့်ဝတ်သိက္ခာရှိစွာဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အဆိုပါအရာရှိက ပြောကြားသည်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ်တွင် အခွန်ငွေကောက်ခံရရှိမှု ကျပ် ၅၃၇၁ ဘီလျံတွင် SAS စနစ်ဖြင့် ဆောင်ရွက်သော အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ ၄၅ ရာခိုင်နှုန်းခန့်ဖြစ်သော ကျပ် ၂၃၉၃ ဘီလျံအား  ကောက်ခံပေးနိုင်ခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါရုံးအား ၀န်ထမ်း ၉၀ ခန့်ဖြင့် လည်ပတ်လျက်ရှိပြီး IMF မှ အခွန်ပညာရှင်များက ကြီးကြပ်ပေးနေကြောင်း အဆိုပါ အကြီးတန်းအရာရှိက ပြောကြားသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အခွန်ကောက်ခံရငွေမှ သာမန်အသုံးစရိတ်ဖြစ်သည့် အခွန် နှင့် ပတ်သက်သည့် ပညာပေးခြင်း၊ ကြော်ငြာခြင်း၊ ဆုကြေးငွေ ချီးမြှင့်ခြင်း လုပ်ငန်းများအတွက် ၁ ရာခိုင်နှုန်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းခန့် အသုံးပြုနေပြီး ပြည်တွင်းအခွန်များ ဦးစီးဌာနက ၀ ဒသမ ၃ ရာခိုင် နှုန်းသာ ရရှိသဖြင့် ပညာပေး လုပ်ငန်းများကို ကျယ်ပြန့်စွာ လုပ်ဆောင်နိုင်ခြင်းမရှိကြောင်းလည်း ၎င်းက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment