Latest News

Saturday, April 29, 2017

အမေရိကန်နှင့် တင်းမာမှု မြင့်တက်နေချိန်တွင် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်

အမေရိကန်နှင့် တင်းမာမှု မြင့်တက်နေချိန်တွင် မြောက်ကိုရီးယား ဒုံးကျည်စမ်းသပ်


အမေရိကန်နှင့် တင်းမာမှု အခြေအနေ အမြင့်ဆုံး ရောက်ရှိနေချိန်တွင် မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးကျည်တစ်စင်း စမ်းသပ် ပစ်လွှတ်ခဲ့ကြောင်း သိရှိရသည်။

သို့သော် အဆိုပါ ဒုံးကျည်စမ်းသပ်မှုသည် အောင်မြင်ခဲ့ဟန် မရှိဘဲ စတင်လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း ပေါက်ကွဲ ပျက်စီးသွားသည်ဟု တောင်ကိုရီးယားရှိ ယွန်ဟပ် သတင်းဌာနက ဖော်ပြခဲ့သည်။ အမေရိကန် စစ်ဘက်ကလည်း မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ်မှုကို ထောက်လှမ်း သိရှိခဲ့ပြီး အောင်မြင်သည့် စမ်းသပ်မှု မဟုတ်ခဲ့ဟု ကောက်ချက်ချကြောင်း ကြေညာသည်။

ပင်တဂွန် စစ်ဌာနချုပ် တာဝန်ရှိသူ တစ်ဦးက ဂြိုဟ်တုမှ ထောက်လှမ်းသော ပုံရိပ်များအရ အဆိုပါ ဒုံးကျည်သည် မြောက်ကိုရီးယားပိုင်နက် နယ်နိမိတ်ကိုပင် မကျော်လွန်ခဲ့ဟု ပြောကြားခဲ့သည်။ အဆိုပါ စမ်းသပ်ပစ်လွှတ်သည့် ဒုံးကျည်၏ အမျိုးအစားကို အတိအကျ မသိရသေးချေ။

မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်လက်နက် စမ်းသပ်မှုများကို သံတမန် နည်းလမ်းဖြင့် တားဆီးရန် မျှော်လင့်ထားသော်လည်း လိုအပ်ပါက ပဋိပက္ခ အခြေအနေကိုပါ ကြိုတွေးထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောဆိုခဲ့ပြီး ရက်ပိုင်းအတွင်း ဧပြီ ၂၉ ရက် နံနက်အစောပိုင်းတွင် မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။

ထရမ့်က မြောက်ကိုရီးယား အနေဖြင့် ၎င်းတို့၏ မဟာမိတ်ဖြစ်သော တရုတ်အစိုးရ၏ ပါဝင်ညှိနှိုင်းမှုများကိုပါ မလေးမစား ပြုမူခဲ့ခြင်းဟု ဝေဖန် စွပ်စွဲခဲ့သည်။ “မြောက်ကိုရီးယားဟာ တရုတ်ရဲ့ ဆန္ဒကိုရော၊ တရုတ်သမ္မတကိုပါ မလေးမစား လုပ်လိုက်တာပဲ။ မအောင်မြင်ခဲ့ဘူး ဆိုတဲ့တိုင် ဒုံးကျည်စမ်းသပ်မှု တစ်ခုကိုတော့ ဒီနေ့ လုပ်လိုက်တာပဲလေ။ တကယ့်ကို ဆိုးရွားပါတယ်”ဟု Twitterတွင် ထရမ့်က ရေးသားခဲ့သည်။

မြောက်ကိုရီးယားကမူ ၎င်းတို့ ဒုံးကျည်စမ်းသပ်မှု လက်တွေ့ အကောင်အထည် ဖော်ခဲ့ခြင်း ရှိမရှိ ကြေညာခြင်း မရှိသေးချေ။ ယခုလုပ်ရပ်က ကိုရီးယား ကျွန်းဆွယ်တွင် ဖြစ်ပေါ်နေသော တင်းမာမှုများကို ပိုမိုဆိုးရွား မြင့်တက်လာစေမည် ဖြစ်သည်။

မြောက်ကိုရီးယားသည် တိုက်ချင်းပစ် ဒုံးကျည် ထိပ်ဖူးတွင် တပ်ဆင်နိုင်သည်အထိ သေးငယ်သော နျူကလီးယား လက်နက်များ ထုတ်လုပ်ရန် အစဉ်တစိုက် ကြိုးစားနေပြီး အမေရိကန် ပိုင်နက်ထိ ရောက်ရှိအောင် ပစ်လွှတ်နိုင်မည့် ဒုံးကျည်လက်နက်များ တီထွင်နေကြောင်း အမေရိကန် အစိုးရက စွပ်စွဲထားသည်။

(7Day News)

No comments:

Post a Comment