ယာဉ်စီးခ စေတနာရှိသလောက်ပေးစနစ် စမ်းသပ်မှုအောင်မြင်ခြင်းကြောင့် တိုးချဲ့ပြေးဆွဲရန် စီစဉ်နေ
ယာဉ်စီးခစေတနာရှိသလောက်ပေးစနစ်ဖြင့် YBS Air-con Bus ၂၁ သီးသန့်အထူးယာဉ်လိုင်းမှ ယာဉ်နှစ်စီးဖြင့် ဧပြီပထမပတ်မှစတင်၍ စမ်းသပ်ပြေးဆွဲရာ အောင်မြင်မှုရရှိသဖြင့် ယာဉ်အစီးရေ တိုးချဲ့ပြေးဆွဲသွားမည်ဟု ယာဉ်လိုင်းပိုင်ရှင် ကိုတရုတ်လေးက ပြောသည်။ ၎င်းမှ''ဒီလုပ်ငန်းရည်ရွယ်ချက်က ခရီးသွားပြည်သူကို စတင်မိတ်ဆက်လိုက်တယ်။ ခရီးသွားပြည်သူက လက်ခံတယ်။ လက်ခံတဲ့အတွက် ဒီယာဉ်တွေကို ထပ်တိုးမှာပါ။
မေလ ၂၀ လောက်မှာ အစီး ၂၀ လောက် ထပ်ထွက်လာလိမ့်မယ်။ ဒီကြားထဲမှာလည်း ထပ်ထည့်သွားမယ်''ဟု ၎င်းက ဧပြီ ၁၉ ရက်တွင် ပြောသည်။
အဆိုပါ Air-con Bus ၂၁ ယာဉ်လိုင်းသည် ယာဉ်စီးခ သီးသန့်သတ်မှတ်ထားခြင်းမရှိဘဲ ၀န် ဆောင်မှုနှင့်ညီမျှသည့် ယာဉ်စီးခအား ခရီးသည် ကိုယ်တိုင်စိတ်ကြိုက်သတ်မှတ် ၍ပေးချေရခြင်းဖြစ် သည်ဟုဆိုသည်။
''ယခင် မထသလက်အောက်တွင် ပြေးဆွဲစဉ်ကတည်းက တညင်းကုန်းနှင့်ဆူးလေအား ၄၅ Air-con Bus ဖြင့် ကိုတရုတ်လေးမှ ပြေးဆွဲခဲ့ရာ ခရီးသွားများအကြား ရေပန်းစားလူကြိုက်များခဲ့သည်။
မထသအားဖျက်သိမ်းပြီး YBS သို့ ပြောင်းလဲပြေးဆွဲရာတွင်လည်း Air-con Bus ၂၁ ကို လူကြိုက်များခဲ့ရာမှ ယခု အထူးသီးသန့်ယာဉ် လိုင်းအား စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
''အထူးသီးသန့်ကားကလည်း အရင် Air-con Bus တွေလို ပုံမှန်ဝင်ငွေတခုရှိတယ်။ ခုစမ်းသပ်တဲ့ယာဉ်ကတော့ ၀န်ဆောင်မှုပါကောင်းတာပေါ့။ ခရီးသွားပြည်သူ ကလည်း ယာဉ်စီးခပိုပေးတယ်ဗျ။ အရင်ခရီးသွား ၁၀၀ လောက်နဲ့ရတဲ့ငွေပမာဏက အယောက် ၅၀ လောက်နဲ့ ရတာပေါ့။ အားသာချက်ကတော့ ကျွန်တော်တို့က ၀န်ဆောင်မှုပိုပေးနိုင်မယ်။ ခရီးသွားပြည်သူကလည်း သက်သောင့်သက်သာနဲ့ သွားနိုင်မယ်။ ယာဉ်လုပ်သားတွေလည်း ပိုပြီးစိတ်ချမ်းသာတယ်။ သုံးဦး သုံးဘက်အဆင်ပြေပါတယ်''ဟု ၎င်းက ပြောသည်။
မထသမှ YBS သို့ စတင်ပြောင်းလဲမှု ဧပြီ ၁၆ ရက်တွင် သုံးလပြည့်ပြီဖြစ်သော်လည်း ခရီးသွားပြည်သူများ အခက်အခဲအချို့နှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ YBS အသစ်များမရောက်ရှိသေးမီ ယခင်စနစ်နှင့် ခြားနားခြင်း မရှိသေးကြောင်း ခရီးသွားပြည်သူများအကြား ဝေဖန်မှုများရှိနေသည်။
ကိုခက် (News Watch)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment