Latest News

Monday, April 17, 2017

မန္တလေးလမ်းလျှောက်သင်္ကြန် အစည်ကားဆုံးလား

မန္တလေးလမ်းလျှောက်သင်္ကြန် အစည်ကားဆုံးလား

အစိုးရအကူးအပြောင်းဖြစ်တဲ့ ၂၀၁၆ - ၂၀၁၇ ခုနှစ်ဧပြီလမှာ NLD အစိုးရ ကနဦး ရင်ဆိုင်ခဲ့ရတာက မဟာသင်္ကြန် စီမံခန့်ခွဲမှုပါ။

အရင်အစိုးရတုန်းကလို လုပ်ငန်းရှင်တွေဆီက ကောက်ခံတဲ့ငွေနဲ့ စပွန်ဆာရှာပြီး မဏ္ဍာပ်ထူထောင်လို့မရလို့ မြို့တိုင်းမြို့တိုင်းဟာ ဗဟိုမဏ္ဍပ်ကို အဖြစ်ပဲလုပ်ကြပြီး စည်ကားမှုနည်းပါးတဲ့ သင်္ကြန်ကို ကျော်ဖြတ်ခဲ့ရပါတယ်။

ဒီလိုအချိန်မှာ နှစ်စဉ်မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံးသင်္ကြန်ဖြစ်တဲ့ ရန်ကုန်မှာလည်း စီးပွားဖြစ်မဏ္ဍပ်တွေ ပိတ်လိုက်လို့ စည်ကားမှုလျော့ကျခဲ့သလို “ကလေးတွေကို ပျော်ခွင့်ပေးလိုက်ပါ ကိုငြိမ်းမောင်” ရယ်ဆိုတဲ့ နောက်ပြောင်မှုကလည်း လူငယ်တွေအကြားမှာ ရေပန်းစားခဲ့ပါတယ်။

၂၀၁၇ - ၂၀၁၈ မှာတော့ တစ်နှစ်သက်တမ်းအစိုးရနဲ့ တစ်ကြိမ်ကျော်ဖြတ်ခဲ့ပြီးတဲ့ မဟာသင်္ကြန် အတွေ့အကြုံပေါ် အခြေခံလို့မြို့အလိုက်၊ နယ်အလိုက် မဏ္ဍပ်တွေ၊ သံချပ်တွေ၊ ယိမ်းတွေနဲ့  လုပ်ဆောင်ခဲ့လို့  NLD အစိုးရရဲ့ ဒုတိယသင်္ကြန်ဟာ ရေရှားပါးပြီး ဒေသအခြေအနေအရ ရေပက်မှုနည်းတဲ့ မြို့တွေကလွဲရင် ပြန်လည်စည်ကားခဲ့တဲ့ မဟာသင်္ကြန်လို့ပဲ ဆိုရမှာဖြစ်ပါတယ်။

နေပြည်တော်မှာဆိုရင်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “တိုင်ချီတိုတို့ ရေကစားမဏ္ဍပ်” မှာ ရေကစားခဲ့တာတွေ့ရပြီး အစိုးရရုံးတွေ အခြေစိုက်ရာ နေပြည်တော်သင်္ကြန်က နှစ်စဉ်လိုပဲ တွေ့မြင်ခဲ့ရပါတယ်။      

ဒီလို မြန်မာနိုင်ငံအနှံ့မှာ စည်ကားခဲ့ပေမယ့် ရန်ကုန်ကတော့ မပါခဲ့ပါဘူး။ စီးပွားဖြစ် မဏ္ဍပ်တွေ လုပ်ကိုင်ခွင့်ဆက်လက် ပိတ်ပင်ခဲ့သလို လုပ်ငန်းရှင်တွေရဲ့ ပံ့ပိုးမှုလည်း မရှိတော့လို့ နာမည်ကြီးအဆိုတော် အများစုဟာ မန္တလေးကို ရွှေ့ဆိုင်းသွားကြပါတယ်။

ပိတ်ရက်ငါးရက်ဂယက်ကြောင့် နယ်ပြန်ဖို့ အဆင်မပြေသူတွေ ရှိနေခဲ့သလို ရန်ကုန်မှာ သင်္ကြန်မစည်ကားနိုင်ဘူးလို့ ယူဆခဲ့ကြလို့ ရန်ကုန်ကိုကျောခိုင်းပြီး ကားကြီးကား ငယ်အသွယ်သွယ်နဲ့ ခရီးထွက်ခွာကြလို့ အစိုးရသစ်တစ်နှစ်လုံး မရှင်းနိုင်သေးတဲ့ ယာဉ်ကြောပိတ်ဆို့မှု လျှော့ချရေးဟာ သင်္ကြန်ကာလမှာတော့ လျော့ကျခဲ့တာ တွေ့ရပါတယ်။

မဟာသင်္ကြန်ကာလမှာ ခြောက်သွေ့နေတဲ့ ရန်ကုန်မြို့ကို ကျောခိုင်းကြတဲ့ ပြည်သူတွေနဲ့ ပတ်သက်ပြီး NLD ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက မန္တလေးတိုင်းဒေသကြီးမှာ ပြည်သူတွေပျော်နေကြတာ ဂုဏ်ယူနေတာတွေနဲ့ ပတ်သက်ပြီး “သူများတွေက ဒီလိုပုံတွေတင်ပြီး သူတို့မြို့ကို ဂုဏ်ယူနေတဲ့အချိန်မှာ ကျွန်မတို့ ရန်ကုန်မြို့က လူတွေကတော့ မြို့ကြီးကို စွန့်ခွာပြီးတခြားမြို့တွေမှာ ပျော်စရာ စိတ်အပန်းဖြေစရာတွေကို သွားရှာကြရတယ်။ ဒါဟာဘာကိုပြလဲဆိုရင် မြို့တစ်မြို့ရဲ့ သာယာလှပရေး၊ ပြည်သူလူထုရဲ့ စိတ်အပန်းဖြေဖို့၊ ဘေးအန္တရယ် ကင်းရှင်းစွာနေထိုင်နိုင်ဖို့ တာဝန်အရှိဆုံးသူအဖြစ် မြို့တော်ဝန်ကို ခန့်အပ်ကြရတယ်။ကျွန်မတို့ ရန်ကုန်မြို့ရဲ့ မြို့တော်ဝန်ဟာ သူလုပ်ကိုင်ရမယ့်အလုပ်တွေ သူတာဝန်ယူပြီး မလုပ်ရှာရဘူး။ လုပ်ခွင့်လည်း မရှိရှာဘူးဆိုတာကို ပြနေတာပဲ။ သူ့အနေနဲ့ကတော့ မြို့တော်နေပြည်သူအတွက် တာဝန်ယူချင်စိတ်ရှိမှာပါ။ နေရာတကာ သူ့နေရာနဲ့သူ တာဝန်မယူရဘဲ မသက်ဆိုင်တဲ့ သူတွေက ကိုယ်နဲ့ဆိုင်မှန်းမသိ မဆိုင်မှန်းမသိ ၀င်ရောက်ဆရာကြီးလုပ်နေသမျှ လူမှန်နေရာမှန် မခိုင်းတတ်သရွေ့ ရန်ကုန်မြို့ကြီး အလွဲလွဲအချော်ချော် ဖြစ်နေဦးမှာပဲ” သူမရဲ့ Facebook မှာ ရေးသားခဲ့ပါတယ်။                

ရန်ကုန်မှာ ပျော်စရာမရှိတော့လို့ အနယ်နယ်အရပ်ရပ်ကို ခြေဆန့်ပြီး ရန်ကုန်သားတွေ ရန်ကုန်မြို့ကို စွန့်ခွာကြချိန်မှာ မန္တလေးကတော့ နှစ်စဉ်ပြိုင်ဘက် ရန်ကုန်ကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲခြင်း ကောင်းမွန်မှုနဲ့ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

တကယ်ဆိုရင် မဟာသင်္ကြန်မတိုင်မီ ကာလမှာ မန္တလေးဟာဆိုင်ကယ်တွေ၊ ငွေတွေ၊ လုယက်သတ်ဖြတ်မှုတွေကြောင့် မန္တလေးသူ၊ မန္တလေးသားစင်စစ်တွေတောင် ဘေးနားကို ဆိုင်ကယ်ကပ်လာရင် ကြောက်ရွံ့နေပြီး သူ့ကိုယ်မယုံ၊ ကိုယ့်သူမယုံနဲ့ မလုံခြုံမှုကို အပြင်းအထန်ခံစားနေရပြီး ညဘက်မှာ အပြင်ထွက်ဖို့တောင် သွေးပျက်နေရတဲ့ကာလပါ။

နှစ်တိုင်းမှာဆိုရင်လည်း မန္တလေးရဲ့ သင်္ကြန်ဟာ အုပ်စုဖွဲ့ရိုက်နှက်မှုတွေရှိခဲ့တာ၊ ဓားလက်နက်တွေဆောင်ပြီး မူးယစ်ရမ်းကားတာတွေ၊ သွားလိုတဲ့နေရာကို မရောက်ဘဲ ယာဉ်ကြောပိတ်ဆို့တာ ဖြစ်တတ်တဲ့ သင်္ကြန်ပါ။

ဒီလို အခိုက်အတန့်မှာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ ဦးဆောင်မှုနဲ့ မန္တလေး လမ်းလျှောက်သင်္ကြန်စီမံမှုအသစ်တစ်ရပ် ထွက်ပေါ်ခဲ့ပါတယ်။

ကနဦးမှာတင် မန္တလေးလမ်းလျှောက်သင်္ကြန် (မန္တလေးတစ်မြို့နယ်လုံးကို မရည်ညွှန်းဘဲ မန္တလေးတိုင်းဒေသကြီးအစိုးရ ဦးဆောင်စီမံခန့်ခွဲသည့် လမ်းလျှောက်သင်္ကြန်ကိုသာ ရည်ညွှန်း) ရဲ့ အ၀င်မုခ်ဦးဟာ မြန်မာမှုလက်ရာ စံနှုန်းတွေနဲ့ ကွာဟတာကြောင့် ဝေဖန်မှုတွေ ရှိခဲ့ပေမယ့် ပြည်သူ့စကားကို နားထောင်ခဲ့တဲ့ မန္တလေးတိုင်းဒေသကြီးအစိုးရက ချက်ချင်းပြင်ဆင်ခဲ့ပါတယ်။

လူပေါင်းများစွာ စုရုံးကြမှာမို့ အမျိုးသမီးတွေအတွက် လိင်ပိုင်းဆိုင်ရာထိပါးမှုတွေ ဖြစ်လာမှာ၊ သင်္ကြန်မတိုင်ခင်ဖြစ်နေခဲ့တဲ့ လုယက်ရမ်းကားမှုတွေ ကူးစက်မှာ စိုးရိမ်ခဲ့ကြပေမယ့် နန်းဆန်ဆန်မန်းရဲ့ လမ်းလျှောက် သင်္ကြန်ဟာ အနှစ်သာရအပြည့်အ၀နဲ့ လူတိုင်းက ချီးကျူးခံခဲ့ရလို့ အသိဥာဏ်မြင့်တဲ့ အစိုးရတစ်ရပ်ရဲ့ စီမံခန့်ခွဲမှုအပေါ် လူတိုင်းက နှစ်လိုမှုဖြစ်ပေါ်ခဲ့ပါတယ်။

နှစ်တိုင်းနဲ့ မတူတဲ့ ရန်ကုန်မြို့ရဲ့ သင်္ကြန်အရွေ့ဟာ ဒီနှစ်မှာတော့ စည်ကားမှုမဲ့ခဲ့ပါတယ်။ ၂၀၁၆ -၂၀၁၇ ခုနှစ် အစိုးရအကူး အပြောင်းမှာ မဏ္ဍပ် ၂၀၀၀ လောက်ကနေ လက်ရှိနှစ်မှာ တရားဝင်မဏ္ဍပ် ၁၀၀ တောင် မပြည့်တဲ့ အနေအထားဖြစ်ခဲ့ပေမယ့် ရန်ကုန်သင်္ကြန်အပေါ်မှာ အကောင်းမြင်သူတွေလည်း ရှိနေခဲ့ပါတယ်။

ရပ်ကွက်တွေ၊ လမ်းတွေမှာ ကလေးငယ်လေးတွေရဲ့ သင်္ကြန်တွေ၊ မိသားစုမဏ္ဍပ်တွေ နှစ်တိုင်းလို ရှိနေပေမယ့် ဒီနှစ်က ပိုများလာခဲ့တာ၊ အရက်သေစာ မရောင်းရဘူးဆိုတာကို လိုက်နာကြတာစသဖြင့် လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က သင်္ကြန်ကို ပြန်ရတော့မယ်၊ စစ်အစိုးရလက်ထက်မှာ ယုတ်လျော့လာတဲ့ သင်္ကြန်ကို ပြန်အဆင့်မြှင့်နိုင်တော့မယ် ယူဆကြတာတွေလည်း တွေ့နေရပါတယ်။

ဒါပေမဲ့ သေချာတာကတော့ ရန်ကုန်သင်္ကြန်ဟာ မြန်မာနိုင်ငံဆိုတဲ့ ပုံရိပ်ကို ဆွဲတင်နိုင်တဲ့ နေရာတစ်ခုအဖြစ်က ယုတ်လျော့ခဲ့သလို သူများနိုင်ငံတွေက ကိုယ့်မှာမရှိတဲ့ ယဉ်ကျေးမှုကိုတောင် ကူးယူပြီး ရိုးရာပွဲတော်လို ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေရာက ရန်ကုန်သင်္ကြန်ကတော့ စီးပွားရှာနိုင်ဖို့ဝေးလို့၊ ကမ္ဘာ့အလယ်မှာ ဒီလိုပျော်ပွဲကို အဆင့်မြှင့်ပြီး ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နိုင်ဖို့ဝေးလို့ မည်ကာမတ္တသင်္ကြန်တောင် မဖြစ်ခဲ့ဘူးဆိုတာ NLD လွှတ်တော် ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းရဲ့ ဝေဖန်သံက သက်သေပြတယ်လို့ ဆိုရမှာဖြစ်သလို စီးပွားရေးမြို့တော်ရန်ကုန်ကို နောက်ကောက်ကျ အောင်ချနိုင်ခဲ့တဲ့ မန္တလေးလမ်းလျှောက်        သင်္ကြန်ကလည်း သက်သေပြခဲ့ပါတယ်။

ဒီနေရာမှာဆိုရင် ထိုင်းနိုင်ငံရဲ့ ဆွန်ခ ရန်ပွဲတော်ကို သက်သေပြရမှာ ဖြစ်ပါတယ်။ စီးပွားရှာတတ်တဲ့ ထိုင်းတွေက ဆွန်ခရန် သင်္ကြန်မှာ သူတို့လူမျိုး၊ သူတို့ရိုးရာဝတ်စုံနဲ့ နိုင်ငံ့ပုံရိပ်ကို မြှင့်တင်ဆွဲဆောင်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ တိုးတက်ဝင်ရောက်အောင် စွမ်းဆောင်ခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုတာ အခုနောက်ပိုင်းမှာ မြန်မာလူမျိုးတွေ အိမ်ဦးနဲ့ ကြမ်းပြင်လို ဆေးကုတာ၊ ဈေးဝယ်ထွက်တာ၊ အပန်းဖြေခရီး ထွက်တာတွေ လုပ်လာတဲ့နေရာပါ။ ထိုင်းခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနက ၂၀၁၇ ခုနှစ်မှာ ခရီးသွားလုပ်ငန်းက ၀င်ငွေဘတ် ၂ ဒသမ ၇၁ ထရီလျံရရှိဖို့ မျှော်မှန်းထားပြီး ၂၀၁၆ ခုနှစ်မှာ မျှော်မှန်းခဲ့တဲ့ ဘတ် ၂ ဒသမ ၅ ထ ရီလျံထက် ၈ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်မယ်လို့  ခန့်မှန်းခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေ ပိုဝင်လာဖို့ ဆွဲဆောင်ပြီး ဈေးကွက်အများကြီးရဖို့ ကြိုးပမ်းနေချိန်မှာ မြန်မာ့မီးခိုးမထွက်တဲ့ စက်ရုံတွေက မရှိ၊ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေကြောင့် ဦးသိန်းစိန်အစိုးရ လက်ထက်ထက်ကို ခရီးသွားဝင်ရောက်မှုလျော့ကျခဲ့တဲ့ အခြေအနေ ဖြစ်နေခဲ့ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ထိုင်းနိုင်ငံဆီ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားခရီးသွားတွေဆီက ဘတ် ၁ ဒသမ ၇၈ ထရီလျံရရှိဖို့ မျှော်မှန်းထားပြီး ထိုင်းပြည်တွင်းခရီးသွားတွေ ဆီကလည်း ဘတ် ၉၃၀ ဘီလျံရရှိဖို့ ခန့်မှန်းထားတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ မြန်မာအပါအ၀င် CLMV နိုင်ငံတွေဆီက တင်ခရီးသွား ၃ ဒသမ ၅ သန်းဝင်ရောက်မယ်လို့ မျှော်မှန်းခဲ့ပါတယ်။

အရင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ကမ္ဘာလှည့်ခရီးသွား ၀င်ရောက်မှုမှာဆိုရင် မြန်မာနိုင်ငံရဲ့ ၀င်ပေါက်အသီးသီးကနေ ခရီးသွားဧည့်သည် ၀င်ရောက်မှုဟာ ၂၀၁၀ ပြည့်နှစ်မှာ ၇၉၁၅၀၅ ဦး၊ ၂၀၁၁ ခုနှစ်မှာ ၈၁၆၃၆၉ ဦး၊ ၂၀၁၂ ခုနှစ်မှာ ၁၀၅၈၉၉၅ ဦး၊ ၂၀၁၃ ခုနှစ်မှာ၂၀၄၄၃၀၇ ဦး၊ ၂၀၁၄ ခုနှစ်မှာ ၃၀၈၁၄၁၂ ဦးရှိခဲ့ပါတယ်။၂၀၁၅ ခုနှစ်မှာ ၄ ဒသမ ၆ သန်း ၀င်ရောက်မှုရှိခဲ့ပြီး လက်ရှိအစိုးရလက်ထက် ပထမခြောက်လပတ်မှာတော့ ခရီးသွားဝင်ရောက်မှု ၁ ဒသမ ၉ သန်းကျော်သာရှိပြီး ယမန်နှစ် ကာလတူထက် ခရီးသွားဝင်ရောက်မှု လျော့ကျခဲ့ပါတယ်။ ဒီနေရာမှာ ဒေသတွင်းက ထိပ်တန်းခရီးသွား ၀င်ရောက်မှုများတဲ့နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာဆိုရင် ၂၀၁၅ ခုနှစ်မှာ ခရီးသွားဝင်ရောက်မှု ၂၉ သန်းကျော်၊ စင်ကာပူဟာ ၂၀၁၅ ခုနှစ်မှာ ၁၅ သန်းကျော်၊ မြန်မာလို CMLV  နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ ၂၀၁၅ ခုနှစ်မှာ ရှစ်သန်းနီးပါး ၀င်ရောက်ခဲ့တာတွေနဲ့ကို ယှဉ်ကြည့်ဖို့ လိုအပ်မှာဖြစ်ပေမယ့် မြန်မာနိုင်ငံဟာ ကမ္ဘာ့ခရီးသွား လုပ်ငန်းကောင်စီက သုံးသပ်ထားတဲ့ ခရီးသွားလုပ် ငန်းက၀င်ငွေ ရရှိမှုနဲ့ဂျီဒီပီကို ထည့်ဝင်မှုအချိုး၊ ဖွံ့ဖြိုးတိုးတက်မှုနှုန်းတွေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ ပို့ကုန်အခြေအနေတွေအရ အနာဂတ်အခွင့် အလမ်းတွေနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အပေါ်အခြေခံတွက် ချက်ရာမှာ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၅ ခုနှစ် အတွင်းနိုင်ငံ ၁၈၀ မှာ ထိပ်တန်းနိုင်ငံဖြစ်လာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားတာကို တွေ့ရပါတယ်။ ဒါ့အပြင် မြန်မာ့ပကတိ အခြေအနေအပေါ် အခြေခံရေးဆွဲထားတဲ့ ပင်မစီမံကိန်းမှာ ၂၀၂၀ ပြည့်နှစ်ကျရင် ခရီးသွားဧည့်သည် ၇ ဒသမ ၄၉ သန်း ရောက်ရှိနိုင်တယ်လို့ သုံးသပ်ပေမယ့် နှစ်အနည်းငယ်အတွင်း ဒီရည်မှန်းချက်ကို ရောက်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဒါပေမဲ့ လက်ရှိစံနှုန်းအတိုင်း စီမံခန့်ခွဲမှုတွေနဲ့ ဆိုဘယ်လိုမှ ဒီမျှော်မှန်းချက်တွေရလာမှာ မဟုတ်ပါဘူး။

၁၂ ရာသီပွဲတော်တွေနဲ့ ပျော်ရွှင်စရာ မသိသူတွေကို အများဆုံးကူညီတဲ့ မေတ္တာအပြည့်နိုင်ငံ၊ ဆွန်ခရန်သင်္ကြန်လို နိုင်ငံ့ရိုးရာ တိုင်းရင်းသားလူမျိုးတွေရဲ့ ၀တ်စားဆင်ယင် ယဉ်ကျေးမှုနဲ့ ဆွဲဆောင်မယ်ဆိုရင် လူမျိုးကြီးရှစ်မျိုးနဲ့ တိုင်းရင်းသားလူမျိုး ၁၀၀ ကျော်ရှိတဲ့ နိုင်ငံ၊ မတူညီတဲ့ ရေမြေတောတောင်တွေနဲ့ ခမ်းနားတဲ့နိုင်ငံ၊ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်တွေ အများကြီးရှိနေသလို စာရင်းဝင်နိုင်ငံတွေလည်း ရှိလာဦးမယ်နိုင်ငံဟာ အစိုးရအဆက်ဆက် ညံ့ဖျင်းမှုကြောင့် ကမ္ဘာလှည့် ၁၀ သန်းပြည့်ဖို့တောင် ဆုတောင်းနေရတာ မဖြစ်သင့်တဲ့ အနေအထားပါ။

ဒီလို တခြားသောနိုင်ငံတွေက ကိုယ့်မှာရှိတဲ့ ပွဲတော်ကို ကြီးကျယ်ခမ်းနားအောင် လုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီးက သူ့ရဲ့အတွေ့အကြုံ တစ်ခုကို Facebook ပေါ်မှာ ပွဲတော်ဗေဒဆိုပြီး “လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပါရီ၊ လူဇင်ဘတ်ဂ် ၊ ဘရပ်ဆဲ ၊ အမ်စတာဒမ်၊ ရောမ၊ ပရပ်ဂ်မြို့ကြီးတွေကို ရောက်ခဲ့ပါတယ်။ ပြောချင်တာက မြို့ကြီးတွေမဟုတ်ပါ။ ပြင်သစ်နိုင်ငံမှာ စတုတ္ထအဆင့်ပဲရှိတဲ့ Lille မြို့လေးအကြောင်း။ ပြင်သစ်နိုင်ငံမြောက်ပိုင်းက လူဦးရေ နှစ်သိန်းကျော်ရှိတဲ့မြို့လေးပါ။ ရေလက်ကြားအောက် ရထားလမ်းကနေ Euro Star နဲ့ လန်ဒန်ကို တစ်နာရီမိနစ် ၂၀ ဆို ရောက်ပါတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန် ပွဲတော်နဲ့ကြုံလို့ ပွဲဈေးတန်းလျှောက်ရင်း မိတ်ဆွေကရှင်းပြတယ်။ ပွဲတော်က အခုမြို့တော်ဝန်လက်ထက်မှာ တမင်ဖန်တီး ပြုလုပ်တာတဲ့။ မြို့တော်ကို စည်ကားပျော်ရွှင်ဖို့နဲ့ ငွေကြေးသုံးစွဲမှုလည်ပတ်အောင် (Finical Circulation) ဆောင်ရွက်တာဖြစ်ကြောင်း ပြောပြပါတယ်။ ပွဲတော်အတွင်း အနီးအနားမြို့တွေက လာရောက်လည်ပတ်သလို လက်လုပ်လက်စား ဈေးသည်လေးတွေအများကြီး အလုပ်အကိုင်ရကြပါတယ်။ ၀ယ်လိုအားကို (Demand Side) နှိုးဆွပေးတာလည်း ဖြစ်ပါတယ်။ လူမှုရေးပေါင်းစည်းမှုတွေကို ဖြစ်ပေါ်စေသလို အစားအသောက်၊ အသုံးအဆောင် အမျိုးအမည်သစ်တွေကို တီထွင်ဖန်တီးရောင်းချတဲ့ စွန့်ဦးတီထွင်မှုတွေကိုလည်း အားပေးရာရောက်တယ်လို့ ပွဲတော်စီးပွားရေးလေ့လာ သူတွေက သုံးသပ်ပါတယ်။ ပွဲတော်တွေဟာ မြို့ပြရော ကျေးလက်ဖွံ့ဖြိုးမှုကိုလိုလားတဲ့ အစိုးရတွေအတွက် ဒေသဆိုင်ရာနဲ့ အမျိုးသားအဆင့် အင်မတန်အသုံးဝင်တဲ့ ပေါ်လစီ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၂ ခုနှစ် Visit Britain ဂီတပွဲတော်ကျင်းပစဉ်က ဂီတခရီးသွား (Music Tourist) ခြောက်သန်းခွဲကျော်ကို ဆွဲဆောင်နိုင်ခဲ့ပြီး ပေါင်စတာလင်သန်းပေါင်း ၂၂၀၀ ၀င်ငွေရရှိခဲ့ကြောင်း လေ့လာမှုတစ်ခုကနေ သိရှိရပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ကျွန်တော်တို့လိုပဲ ရိုးရာသင်္ကြန်ပွဲ ရှိပါတယ်။ ဒီနှစ်သင်္ကြန် သုံးရက်အတွင်း ပြည်ပခရီးသွား ငါးသိန်းနီးပါး လာရောက်ပြီး အခွန်အခငွေကြေး ထိုင်းဘတ်ငွေသန်းပေါင်း တစ်သောင်းခွဲလောက် လည်ပတ်မယ်လို့ မျှော်လင့်ထားပါတယ်။ ဘာသာစကားဟာ အမျိုးသားအမှတ် သရုပ်တစ်ခုဖြစ်တာကြောင့် ထိုင်းဘာသာနဲ့ ဆွန်ခရမ်ဆိုပြီး သင်္ကြန်ကို ကြော်ငြာဆွဲဆောင်ပါတယ်။ အဲဒီလိုဖြစ်ဖို့ နှစ်တွေနဲ့ချီပြီး ဈေးကွက်မြှင့်တင်တာ၊ ကြော်ငြာတာတွေ လုပ်ထားတာပါ။ ထိုင်းရဲ့တစ်မူထူးခြားတဲ့ ရိုးရာယဉ်ကျေးမှုတွေကိုပါ ကြော်ငြာပါတယ်။ ဒါကြောင့်လည်း ခရီးသွား ၀င်ငွေကိုသာမက နိုင်ငံတွင်းငွေကြေးလည် ပတ်မှုကိုလည်း ကြီးစွာသောသက်ရောက်မှု တွေရှိပါတယ်။ ကျွန်တော်တို့ မြန်မာတွေတောင် သင်္ကြန်ကိုစွန့်ခွာပြီး ထိုင်းနိုင်ငံ ဆွန်ခရမ်ကို ရွေ့သွားတဲ့ပမာဏကို အတိအကျမသိပါ။ သင်္ကြန်ဟာ ယေဘုယျပြောရရင် သူဌေးတွေပိုက်ဆံဖြုန်းတဲ့ပွဲ၊ လက်လုပ်လက်စားတွေ စီးပွားရှာတဲ့ပွဲလို့တောင် ပြောလို့ရမယ် ထင်ပါတယ်။ တချို့ဆို နေ့ပြန်ပေးနဲ့ချေးငှားပြီး ရင်းနှီးရှာဖွေကြတာပါ။ လူလတ်တန်းစားတွေဆိုလည်း သင်္ကြန်မတိုင်ခင်ကတည်းက သင်္ကြန်တွင်းသုံးဖို့ စုကြဆောင်းကြ ပြင်ဆင်ကြပါတယ်။ မဏ္ဍပ်တစ်ခုကို အကြမ်းဖျင်း သိန်းထောင်နဲ့ချီသုံးတယ်လို့ သိရပါတယ်။ မဏ္ဍပ်ပေါင်း ၅၀၊ ၆၀ လောက်ရှိမယ်ဆိုရင်ပဲ မှန်းဆကြည့်လို့ရပါတယ်။ လက်သမား၊ ပန်းရန်၊ ပိုက်ဆက်၊ လျှပ်စစ်၊ အသံပိုင်းဆိုင်ရာကအစ ကားငှား၊ အ၀တ်အထည်၊ အစားအသောက်ရောင်းတဲ့ လက်လုပ်လက်စားတွေ၊ နောက်ဆုံးရေသန့်ဘူးခွံကောက်တဲ့ ကလေးတွေအထိ လည်ပတ်နေတဲ့ ပွဲတော်စီးပွားရေးဟာ လေ့လာသင့်တဲ့ အကြောင်းအရာတစ်ခု ဖြစ်ပါတယ်။ ယဉ်ကျေးမှု ရှုထောင့်ကပြောရင်လည်း ပြောစရာတွေရှိပါတယ်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုပေါင်းပျော်ရွှင်ကြတဲ့ပွဲတော် ဖြစ်ပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ ယဉ်ကျေးမှုပေါင်းစုံ ကူးလူးဆက်ဆံနေတာဟာလည်း ပိတ်ပင်လို့မရပါ။ ရိုးရာယဉ်ကျေးမှု ထိန်းသိမ်းရေးဟာ ၃၆၅ ရက်မှာ ၃၆၅ ရက် ထိန်းသိမ်းရမယ့်ကိစ္စပါ။ နိုင်ငံတော်အဆင့်စာပေ၊ ယဉ်ကျေးမှု၊ အနုပညာစသည်ဖြင့် ထိန်းသိမ်းတဲ့လုပ်ငန်းတွေ ရှိပါတယ်။ နူးညံ့သိမ်မွေ့တဲ့ ကိစ္စလည်းဖြစ်ပါတယ်။ မိသားစုထဲ၊ စာသင်ကျောင်းထဲ၊ ဘာသာရေး၊ လူမှုရေး ပရိဝုဏ်တွေထဲမှာ ပညာပေးသင်ကြားရမယ့် ကိစ္စဖြစ်ပါတယ်။ မဏ္ဍပ်ရှိမှ ပျက်တဲ့ကိစ္စ မဟုတ်ပါ။ ခြံထဲမှာ၊ ဟိုတယ်မှာ သင်္ကြန်သောဘာသော ရွေးနေတာမဟုတ်ပါ။ မူးယစ်ဆေးကိစ္စ၊ သူတစ်ပါးထိခိုက်နစ်နာစေတဲ့ ကိစ္စတွေကတော့ ဥပဒေဆိုင်ရာ ဖြေရှင်းရမှာပါ။ အရင်က မရှိတဲ့ပွဲတော်တွေကို ဖန်တီးကျင်းပနေတဲ့မြို့တွေ၊ ရှိပြီးသားပွဲတော်တွေကို ကြီးကျယ်အောင် လုပ်နေတဲ့မြို့တွေ၊ နိုင်ငံတွေအကြောင်းတွေးမိရင်း သင်္ကြန်ကိုစွန့်ခွာပြီး ပြည်ပပွဲတော်တွေဆီ စီးဆင်းသွားကြတဲ့ ပွဲပျော်တွေကို ငေးမျှော်ကြည့်နေရင်း ဤသင်္ကြန်စာပွဲတော်ဗေဒကို ရေးမိပါတော့တယ်” တယ်လို့ ရေးသားခဲ့တာ တွေ့ရပါတယ်။

စနစ်တကျ စစ်တမ်းကောက်မယ်ဆိုရင်လည်း စီးပွားဖြစ်မဏ္ဍပ်တွေမရှိအောင် လုပ်ဆောင်ခဲ့တာကို ရန်ကုန်ပြည်သူတွေက နှစ်လိုကြမယ်မထင်ပါဘူး။ စီးပွားဖြစ်မဏ္ဍပ်တွေ မရှိအောင်ပိတ်တယ်ဆိုပေမယ့် ဒီနှစ်မှာဆိုရင် တချို့သင်္ကြန်မဏ္ဍပ်လက်မှတ်တွေဟာ မကြုံဖူးလောက်အောင်ကို ၁၂ သိန်း၊ ၁၅ သိန်း၊ သိန်း ၂၀ အထိရောက်ခဲ့ပါတယ်။ ဒီလို  ဘက်စုံအဝေဖန်ခံနေရတဲ့ သင်္ကြန်ဟာ လက်ရှိမှာတော့ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ မန္တလေးမြို့တော်ဝန်ဟာ သူ့ရဲ့လမ်းလျှောက် သင်္ကြန်အောင်မြင်နေမှုကို ဂုဏ်ယူဝံ့ကြွားနေချိန်၊ ၂၀၁၇ ခုနှစ် မန္တလေးသင်္ကြန်ဟာ သမိုင်းမှတ်တမ်းဝင်ခဲ့ချိန်မှာ ရန်ကုန်သင်္ကြန်ကတော့ အဝေဖန်ခံရမှုတွေနဲ့ အပျော်လွန်လူငယ်တွေကလွဲရင် နှစ်တိုင်းထက် ခြောက်သွေ့ခဲ့တာကို ၀န်ခံရမှာပါပဲ။

Eleven Media Group

No comments:

Post a Comment