Latest News

Tuesday, April 25, 2017

သမ္မတရာထူးမှ စွန့်ခွာခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောခဲ့သည့် အိုဘားမား

သမ္မတရာထူးမှ စွန့်ခွာခဲ့သည့်နောက်ပိုင်း ပထမဆုံးအကြိမ် မိန့်ခွန်းပြောခဲ့သည့် အိုဘားမား

အမေရိကန် သမ္မတ ရာထူးကို စွန့်ခွာခဲ့သည့်နောက်ပိုင်း လူအများရှေ့မှောက်တွင် ဘာရတ်အိုဘားမားက ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။


ဧပြီ ၂၄ ရက်က ချီကာဂိုရှိ လူငယ် လှုပ်ရှားမှု ဖိုရမ်တစ်ခုတွင် အိုဘားမားက မိန့်ခွန်း ပြောခဲ့ရာ၌ လက်ရှိ သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အငြင်းပွားဖွယ် မူဝါဒသစ်များကို တိုက်ရိုက် ဝေဖန်ခြင်း လုံးဝမရှိဘဲ သတိကြီးကြီး ရှောင်လွှဲသွားခဲ့သည်။ အိုဘားမားသည် ထရမ့်၏ အမည်ကိုပင် တစ်လုံးမျှ ထုတ်နှုတ် သုံးစွဲ ပြောဆိုသွားခြင်း မရှိခဲ့ချေ။

ချီကာဂို တက္ကသိုလ်တွင် ကျင်းပသော ဖိုရမ်၌ အိုဘားမားက ၎င်းလက်ထက်က ကျင့်သုံးခဲ့သည့် ကျန်းမာရေး စောင့်ရှောက်မှုနှင့် နိုင်ငံခြားရေး မူဝါဒများကို ထရမ့်က လုံးဝဥဿုံ ပြောင်းလဲနေခြင်းအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

သမ္မတရာထူးမှ အနားယူလိုက်သည့်နောက် အနာဂတ်တွင် မည်သည့်အလုပ်အကိုင်ကို ရွေးချယ်မည် ဆိုခြင်းအပေါ်တွင်မူ အိုဘားမားက “ဒီကိစ္စကို ကျွန်တော် အကြာကြီး အချိန်ယူ စဉ်းစားနေခဲ့ပါတယ်။ ဒီနေရာမှာ အရေးအကြီးဆုံး အချက်က အနာဂတ် ခေါင်းဆောင်တွေကို အကူအညီပေး အတွေ့အကြုံ မျှဝေခွင့် ရတာမျိုး ကျွန်တော် လိုလားတယ်။ ဒါမှသာ သူတို့တွေရဲ့ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ ကမ္ဘာကြီးကို ပြောင်းလဲနိုင်မှာပါ”ဟု ဖြေကြားခဲ့သည်။

အသက် ၅၅ နှစ်ရှိ အိုဘားမားသည် ထရမ့်၏ မူဝါဒသစ် အပြောင်းအလဲများနှင့် ပတ်သက်၍ အနီးစပ်ဆုံး ကိစ္စအဖြစ် မှတ်ပုံတင် မရှိသည့် ရွှေ့ပြောင်းလုပ်သားများ၏ ပြဿနာအပေါ် “သူတို့တွေကလည်း ကလေးတွေရဲ့ အနာဂတ်အတွက် ပိုကောင်းတဲ့ ဘဝမျိုးကို မျှော်လင့်နေကြရှာမှာပါ”ဟုသာ မှတ်ချက်ပေးခဲ့သည်။ ထရမ့်သည် နိုင်ငံထဲရှိ ရွှေ့ပြောင်းလုပ်သားများကို ဖယ်ရှားရှင်းလင်းသွားလိုကြောင်း အတိအလင်း ပြောဆိုထားသည်။

အိုဘားမားသည် အမေရိကန်၏ ၄၄ ဦးမြောက် သမ္မတအဖြစ် ၂၀၀၉ မှ ၂၀၁၇ ထိ ၈ နှစ်တာ တာဝန်ယူခဲ့သည်။ ၎င်းသည် အမေရိကန် သမ္မတအဖြစ် တာဝန်ထမ်းဆောင်နေချိန်အတွင်း နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရရှိခဲ့သလို အမေရိကန် သမိုင်းတွင် ပထမဆုံး အာဖရိကန်နွယ်ဖွား သမ္မတအနေဖြင့်လည်း သမိုင်းမှတ်တမ်း ရေးထိုးနိုင်ခဲ့သည်။

Ref: CNN  

7Day News

No comments:

Post a Comment