Latest News

Monday, April 17, 2017

အသက်ရှည်ခြင်း အကြောင်းများ..ရေး-သုခ(သား)


အသက်ရှည်ခြင်း အကြောင်းများ..

"ဖေဖေ၊ အိပ်ပြီလား"
"မအိပ်သေးပါဘူး သားရယ်၊ ထမင်းစားပြီးခါစမို့ ခဏလှဲနေတာပါ။လာသား၊ ဘာပြောမလို့လဲ"
"လှဲလှဲဖေဖေ၊ လှဲရင်းပြောလည်း ရပါတယ်။ ငယ်ရွယ်သူတွေကတော့ စားပြီးအိပ်ရင် ကျမ်းမာရေးအတွက် မကောင်းသလို၊ ကိုယ်လည်းဝတတ်တာမို့ မလုပ်စေချင်ပါဘူး။ ဒါပေမဲ့ ဖေဖေတို့လို အသက်အရွယ်ကြီးသူတွေ ကြတော့ အစာစားပြီးရင် အခုလို ခဏလေးလှဲပေးတာက ကောင်းတယ်တဲ့။
အခုနောက်ပိုင်း ဆေးပညာစာတန်းတွေမှာ ခေါင်းနဲ့ ခြေကို ခြောက်လက်မလောက်မြှောက်ထားပြီး၊ ညာဘက်ဘေးစောင်း ခဏနားနေတာဟာ အသည်းထဲမှာ သွေးပိုမိုလျှောက်အားကောင်းပြီး၊ အသည်းကျမ်းမာရေးကို အထောက်အကူ ပြုတယ်လို့ ဆိုပါတယ်။
ဒီလိုပါဖေဖေ၊ ပြောချင်တာထက်မေးချင်တာပါ"
"ဘာတုံးသားရဲ့"
"ဖေဖေမှတ်စုကို ဖတ်ကြည့်တော့ အသက်ရှည်ခြင်း အကြောင်း ၅ ပါးတွေ့တယ်။ ဒါပေမဲ့ အဲ့သည့်ငါးပါးက တစ်ခုတည်း မဟုတ်ဘူး၊ အဲ့တာ ဘာဖြစ်လို့လဲဖေဖေ"
"ဒီလို့ကွဲ့သားရဲ့။ တရားသဘောနဲ့ ဟောတာတွေထဲက ကောက်နှတ်ထားတာ ရှိသလို၊ ရိုးရာအရ၊ အတွေ့အကြုံအရ ဆိုဆုံးမတွေထဲက ယူထားတာတွေလည်း ရှိတယ်သား။ ဘာတွေများ မှားနေလို့လဲ"
"ဘာမှ မမှားပါဘူးဖေဖေ၊ တစ်ခုနဲ့တစ်ခု ထပ်နေတာတွေရှိသလို၊ မတူတာတွေလည်းပါ,ပါတယ်။ ဒါပေမဲ့သားဖတ်ဖူးမှတ်ဘူးတာတွေနဲ့သားနားလည်တာတွေနဲ့ အကုန်တူနေပါတယ်။ အကုန်လုံး ကောင်းတာတွေကြီး၊ မှတ်သား လုပ်သင့်စရာတွေပါပဲ"
"အေးပေါ့ကွဲ၊ ကောင်းမယ်လို့ ထင်လို့၊ နောက်လာနောက်သားတွေ မှတ်သားရအောင် ရေးထားခဲ့တာလေ။
ကဲ တစ်လက်စတည်း ဖတ်စမ်းပါဦးကွဲ့၊ မူကွဲလေးတွေ။ ဖေဖေလည်း ပြန်မှတ်မိချင်လို့ပါ"
"ဟုတ်ကဲ့ဖေဖေ
ပထမ တစ်ခုက
1) သင်တင့်လျှောက်ပါတ်စွာ နေထိုင်ခြင်း
2) သင်တင့်လျှောက်ပါတ်စွာ စားသောက်ခြင်း
3) အစာကြေစေတတ်သော ဆေးဝါးမှီဝဲခြင်း
4) လမ်းလျှောက်ခြင်း(အချိန်မှန်)
5) မေတ္တာပွားမျာခြင်း တဲ့ ဖေဖေ။
နောင်တစ်ခုကတော့
၁) အစာကျေမှ နောက်အစာတစ်ခု စားခြင်း
၂) ကျင်ကြီး၊ ကျင်ငယ်ကိုအချုပ် မခံခြင်း
၃) မေထုန် လျှောင်လျှားခြင်း
၎) သူတစ်ပါးအား မညှင်းဆဲခြင်း
၅) မစဉ်းစားပဲ လျှင်မြန်စွာ မပြုလုပ်ခြင်း လို့ရေးထားပြီး၊
နောက်ဆုံး မူကွဲထဲမှာတော့
က) ငါးပါးသီလ မြဲခြင်း
ခ) တစ်လင်တစ်မယား စနစ်သာ နေခြင်း
ဂ) ခြိုးခြံ၍ စားသောက်ခြင်း
ဃ) ဗြဟ္မစိုရ်တရား ပွားခြင်း
င) အကျင့် မြတ်ခြင်း လို့ရေးထားပါတယ် ဖေဖေ။"
"ဘယ်လိုပဲ မူတွေကွဲကွဲ၊ တစ်နေ့က သားပြောတဲ့ လမ်းလျှောက်ရင် ကျမ်းမာတယ်၊ အသက်ရှယ်တယ်ဆိုတာကတော့ ငြင်းစရာမလိုမှန်း သိသာနေပြီဟေ့"
"ဟုတ်ပါတယ် ဖေဖေ၊ ကျန်တာတွေကိုလည်းခြုံပြီးပြောရရင်တော့
အစားအသောက်၊ အနေအထိုင်၊ စိတ်နှလုံးကို သင့်တင့်လျောက်ပါတ်စွာ လုပ်ခြင်းဟာ အသက်ရှည်ခြင်း အတွက် အခြေခံ အကြောင်းတရားတွေလို့ ဆုံးမနေသလိုပဲ ခံစားရပါတယ် ဖေဖေ"
"အေးဒါ့ကြောင့် ငါ့သားနားလည်လွယ်အောင် သာမာန်လူစကားနဲ့ ပြောရရင်တော့ မယုတ်မလွန် မရော့သော နည်းလမ်းသည်သာ အကောင်းဆုံးလို့ တို့ဘုရားက ဟောပြောဆုံးမခဲ့တာပေါ့ကွ"
"ဟုတ်ပါတယ်ဖေဖေ၊ မြတ်စွာဘုရား ဟောကြားခဲ့တဲ့ တရားတော်တွေထဲမှာ ပညတ်တော်တွေထဲမှာ အခုခေတ် ကျွမ်းမာရေးအရ၊ သိပ္ပံပညာအရ သက်သေပြလို့ရတဲ့ အရာတွေ အများကြီးရှိတယ်။ အနောက်ကသူတွေက ဘာမဆို သုတေသနလုပ်ပြီးစာတန်းတွေလုပ်ကြလို့သာ သူတို့ကပဲ အရင်တွေ့သလိုလို၊ သူတို့ပြောတာတွေပဲ မှန်သလိုလို ဖြစ်နေတာ၊ တစ်ကယ်ဆို သားတို့ ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း 2500ကျော်ထဲက ဟောထားပြီးသားတွေ ရှိနေသလားလို့ ခံစားမိတယ်
"ဘာများတုံးသားရဲ့"
"စင်္ကြန်လျှောက်ခိုင်းသလို၊ နေ့လွဲညစာ မစားတာ၊ဥပုဒ်သီလဆောက်တည်တာဟာ ကျမ်းမာရေးအတွက် အထောက်အကူပြုတာတွေကို အခုနောက်ပိုင်း ဆေးပညာတွေမှာ လက်ခံလာကြတယ်။ ပြီးမှ သား အသေးစိတ်ပြောပြပါ့မယ်"
"အေးကောင်းတယ်သား တစ်ခုချင်း ရှင်းပြစမ်းပါဦးကွ"
"ပထမ တော့ အစားပေါ့ ဖေဖေရယ်၊ ပထမတင် မကဘူး အဓိက လို့လည်း ပြောနိုင်တယ်
ဟိုးတုံးကတော့ မစာလည်းဆေး၊ ဆေးလည်းအစာဆိုပေမဲ့၊ ဒီဘက်ခေတ်မှာ ကောင့်ပေ့စိမ့်ပေ့ဆိုတာတွေကို လုပ်လာကြသလို၊ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ဒုစရိုက်သမားတွေကြောင့် ဟိုတုံးကလို ရိုးရား အစားအသောက်တွေက လူ့ကျမ်းမာရေးတွေကို ထိခိုက်စေလာတယ်။ ပျားရည်အစစ်၊ ပဲဆီအစစ်က လူရိုးလူကောင်းကို ရှာရသလို ခက်ခဲလာပြီလေ"
"သားပြောသလောက်တော့ တို့ပြည်ကြီး မဆိုးသေးပါဘူးကွာ။ ဒါပေမဲ့ မကောင်းတဲ့သူတွေ များလာတာတော့ အမှန်ပဲဟေ့"
"ဒါ့ကြောင့် တတ်နိုင်သလောက် သားတို့လို အဆီအစိမ့်၊ အငံတွေကို စားတတ်ပြီး၊ အိမ်နီးနားခြင်းနဲ့ ပြည်တွင်းက ဝိသမလောဘသားတွေကြာက ပြည်သူတွေက ပိုပြီး သတိထားရမယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ပညာပေးတာတွေက တစ်ပြည်လုံး အတိုင်းအတာနဲ့ မပျံ့နိုင်သေးလေတော့၊ မဆုံးသင့်ပဲ အသက်ဆုံးရသလို၊ မကုန်သင့်ပဲ တိုင်းပြည်ရဲ့ငွေတွေရော၊ ကာယကံရှင်တွေရဲ့ ငွေတွေရော ဆုံးရှံးနေရတာတော့ စိတ်ထဲ မကောင်းဘူးဖေဖေ"""
"အေးပေါ့ကွာ တစ်နေ့တော့ ဖြစ်လာမှာပေါ့၊ ကဲဆက်စမ်းပါဦးကွဲ့"
"အစာကြေစေတတ်သော ဆေးဝါးမှီဝဲခြင်း၊ အစာကျေမှ နောက်အစာတစ်ခု စားခြင်း၊ ခြိုးခြံ၍ စားသောက်ခြင်း  ဆိုတဲ့ အကြောင်းအရင်းတွေကို ခေတ်သစ် ဆေးသုတေသန ပညာရှင်ကြီးတွေလည်း လက်ခံသုံးစွဲကြပါတယ်၊ ကိုယ်တွေ့ပါ"
"ဘယ်လိုကိုယ်တွေ့လဲကွ"
"ဒီလိုဖေဖေ၊ သူတို့တိုင်းပြည်သွားပြီး အလုပ်လုပ်ခဲ့တော့၊ သူတို့ ဝန်ထမ်းတွေလိုပဲ တနှစ်တစ်ခါ ကျမ်းမာရေး ဆေးစစ်ကြရပါတယ်။
ဟိဟိ၊ ဆေးစစ်တိုင်း သားရဲ့ဆေးမှတ်တန်းကတော့ မှင်နှီတွေပြည့်နေတာပဲ ဖေဖေရေ။ ဒီတော့ ဆရာဝန်ကြီးက ဘာပြောသလဲ၊ သိလား"
"ဆိုပါဦးကွ"
"ကိုရဲအောင် ခင်ဗျား တရိစ္ဆာန်လိုနေရင်ကောင်းမယ်တဲ့"
"ဟ၊ သားစကားကလည်း အထူးအဆန်းကြီးပါလားကွ"
"ဟုတ်တယ်ဖေဖေ၊ ဒါပေမဲ့ အဲ့သည့်ဆရာဝန်ကြီးရဲ့ ဟောပြောပွဲတွေ ခဏခဏနားထောင်ဘူးတော့ သူပြောချင်တာကို သိနေတယ်။
ဒီလိုလေဖေဖေရဲ့ သားစားတဲ့ ခြသေ့င်္တွေတောင် အစာဝနေတဲ့အခါ သူ့ဘေးနားက သမင်လေးတွေ၊ မြင်းကလေးတွေကို လုံးဝဂရုမစိုက်ကြဘူးလေ။  သားတို့လို လူတွေသာ  ဝမ်းအပြင် ဗိုက်ရှိနေကြတာ မဟုတ်လား။ သားငယ်ငယ်တုံးက အင်းယားလိပ်ဟော်တယ်က မင်္ဂလာဆောင် ဧည့်ခံပွဲတွေမှာ  သားသားနားနား အန်တီကြီးတွေ  လက်ကိုင်အိပ်ထဲကို ပေါင်မုန့် အသားညှတ်တွေ ထည့်ထည့်ယူသွားတာ  အမှတ်ရမိတယ်"
"ဒါကတော့သားရယ်၊  ပိုက်ဆံရှိတောင်အစာကောင်းလေးတွေလွယ်လွယ်နဲ့ ဝယ်မစားနိုင်တဲ့ခေတ်တစ်ခုက ရှိခဲ့တာကိုးကွဲ့""
"ဟုတ်တော့ဟုတ်တယ်ဖေဖေ။အခုကျတော့ ကောင်းပေ့၊ ချိုပေ့၊ ဆိမ့်ပေဆိုတဲ့ အစားအသောက်တွေက ပေါ်လာတော့  ကျမ်းမာရေး ဘက်ကတော့ ပိုဆိုးကုန်တာပေါ့။
သားကတော့ အခု အသက်ကလေးရလာတော့ ကိတ်မုန့်ကြီးတွေ မြင်ခဲ့ရင်၊ စားချင်စိတ်ပေါက်ရင်....အင်း၊ဒါကြီးက ကလက်စတော် အဆီတုံးကြီးပါလား၊ အဆိပ်တုံးကြီးပါလား လို့  တွေးပြီး တတ်နိုင်သလောက် မစားတော့ဘူး။
တစ်ခါတစ်ခါ အရသာတဏှာ မထိမ်းနိုင်လို့ စားမိရင်လည်း၊ အဆီတွေ အကြွေးစားမိပြီ၊ အဲ့သည့်အတွက် လမ်းလျှောက်ဦးမှဆိုပြီး ရပ်ကွက်တစ်ပါတ် လျှောက်ပစ်လိုက်တယ်"
"ဟာဟားဟား၊ ဒါလည်း ကိုယ့်စိတ်ကိုယ်နိုင်မှ ဖြစ်မှာပါ သားရေ။ ဖေ့ဖေ့အသိ ပင်စင်စားကြီးကတော့ လမ်းလျှောက်ထွက်လေ ပေါင်ချိန်တိုးလေပဲ့တဲ့သားရေ"
"ဟာဖေဖေကလည်း မဟုတ်ကဟုတ်က ပြောတော့မယ်"
"တစ်ကယ်သားရဲ့၊ လမ်းလျှောက်ထွက်တော့မှ မတက်တိုင်း အကြော်စုံနဲ့ မုန့်ဟင်းခါးနှစ်ပွဲအပြင် အီကြာကွေးနဲ့ ကော်ဖီပါ အပိုလေးတွဲပါလေတော့..."
"ဒါဆိုရင်တော့ ဖြစ်နိုင်တယ်ဖေဖေရေ။ ဆီတင်မကဘူး၊ အချိကလေးပါ ပါလာရင်တော့၊ ဘူးလေးရာ ဖရုံဆင့်ပေါ့ ဖေဖေရေ့။
သားတို့မြန်မာတွေက အဆီကလေးပါမှ စားတတ်တာလေ၊ အသုတ်တွေလည်း ဒီလိုပဲဖေဖေ။မသန့်တဲ့ ဆီတွေနဲ့ လက်သုတ်စုံတွေကနေ အသည်းရောင် အသားဝါရောဂါတွေ ဖြစ်ဖို့ အခွင့်အလန်းက များတယ်လို့ ကြားဖူးပါတယ်ဖေဖေ။
ပြီးတော့ ဖေဖေပြောသလို အရာရာကို လွန်ကဲလာရင်တော့ ကျမ်းမာရေးအတွက် ကောင်းပါတယ်ဆိုတဲ့ စားစရာတောင်မှ တန်ဆေးလွန်ဆေး ဖြစ်တယ်ဖေဖေ။
ဥပမာပေးရရင်တော့ ကော်ဖီ၊ ဂျင်းလို အရာတွေပေါ့။
ဒီအပြင် ကိုယ်စားတဲ့ အစားအစာရဲ့ သဘောသဘာဝကို သိပြီးစားသုံးကြရင် ပိုကောင်းပါတယ်။ ရေသောက်တာခြင်း အတူတူ ရေအေးသောက်တာနဲ့ ရေနွေးကြမ်းသောက်တာနဲ့တောင် အစာအိမ်ထဲမှာ ရှိနေတဲ့ အချိန်က မတူဘူးတဲ့။ ကြက်ဥပြုတ် တစ်လုံးဟာ အစာအိမ်ထဲမှာ ၄နာရီကနေ ၆နာရီလောက်အထိ ရှိနေတတ်သတဲ့။ အဲ့သလို အစာအိမ်ထဲမှာ အစာတွေကိန်းအောင်းနေတဲ့ အချိန်တွေ၊ အစာကြေညက်မဲ့ အစာတွေကို သိထားတော့ ကိုယ်အလေးချိန်ကို ထိမ်းသိမ်းရာမှာလည်း လွယ်ကူတာပေါ့
"ဘယ်လိုလွယ်တာလဲ သားရဲ့"
"ဒီလိုလေ ဖေဖေရဲ့၊ အစာမကျေလွယ်တဲ့ အစာတွေကို စားပြီးရင် ဘယ်လိုနေသင့်တယ်၊ ဘယ်တော့လောက်မှ အိပ်သင့်တယ်ကို တွက်လို့ရတာပေါ့။ ကျမ်းမာရေးကို ဂရုပြုသူတွေကတော့ ညကိုနာရီနောက်ပိုင်း၊ ဒါမှမဟုတ်လမအိပ်ခင်နှစ်နာရီလောက်မှာ အစား မစားတော့ပါဘူး။ ဝိတ်မတက်ချင်သူတွေကတော့ ည၇နာရီလောက်ထဲကတောင် ဘာမှ မစားသူတွေ ရှိတယ်ဖေဖေရဲ့"
"ဟ၊ ဒါဆို နေ့လွဲညစာ မစားတဲ့ သူတွေက ပိုတောင် ကျမ်းမာရေးနဲ့ ပြည့်စုံတော့မှာပေါ့"
"ဟုတ်တယ်ဖေဖေ၊ ဒါ့ကြောင့် တစ်လတစ်ခါ၊ တစ်ပါတ်တစ်ခါလောက် ညစာ မစားတာဟာ ကောင်းတယ်ဆိုတော့ သုတေသန စာတန်းတွေတောင်ရှိတယ်ဖေဖေ။ သူတို့ကတော့ ဘာသာမတူတော့ ဥပုဒ်သီလဆိုတဲ့ ဝေါ်ဟာရတွေတော့ မသုံးကြပါဘူး"
"အင်း တို့တစ်တွေက နိုင်ငံတစ်ကာ ဘာသာစကားနဲ့ ဟိုနှစ်ပေါင်း နှစ်ထောင်ကျော်လောက်ထဲက ဖြန့်ချီနိုင်ခဲ့ရင် ကောင်းမှာနော်"
"ဟုတ်ပါတယ်ဖေဖေ။
သည်လိုပဲ သမာဓိတည်ကြည်ဖို့၊ လောဘဒေါ်သမထားဖို့၊ မေတ္တာပွားများဖို့ ဟောပြောခဲ့တဲ့ အဆုံးအမတွေဟာ သံသရာသာမက လက်ရှိဘဝမှာတောင် အကျိုးပေးတာကို အနောက်နိုင်ငံက သူတွေကို သိစေချင်တယ်။
စိတ်လှုပ်လျှားလွယ်တဲ့သူ၊ ဒေါ်သထွက်လွယ်တဲ့သူတွေဟာ နှလုံးရောဂါ အဖြစ်များတယ်လို့ သိရပါတယ်။ အထူးသဖြင့် နှလုံးသွေးကြောပိတ်၊ သွေးကြောကျဉ်းရောဂါ ဖြစ်ဖို့ အလားအလာရှိမရှိကို စစ်ဆေးတဲ့အခါ မျိုးရိုးရှိမရှိ၊ ဆေးလိပ်သောက်မသောက် စတဲ့စတဲ့ အချက်တွေ အပြင် စိတ်အလောတစ်ကြီး လုပ်ငန်းတွေကို ဆောင်ရွက်တတ်သူလား၊ အလုပ်အကိုင်ကို လောဘကြီးသူလား ဆိုတဲ့အချက်ကလေးတွေကိုတောင် ထည့်မေးတတ်ကြပါတယ်။
စိတ်ဝေဒနာဖိစီးမှူ့ကြောင့် ရောဂါအမျိုးမျိုးကို ခေါ်လာရုံသာမက၊ စိတ်ဓါတ်ကျဆင်းရောဂါ ကိုလည်းဖြစ်စေပါသတဲ့။
ဒါ့ကြောင့် ရောဂါဆိုတာ စိတ်ကလာတာလို့ ဆိုကြပါတယ်။ ဒါ့ကြောင့်လည်း ဒီဘက်ပိုင်းမှာ ရောဂါတွေကို ကုသရာမှာလည်း ဆေးထိုး၊ဆေးစား၊ ခွဲစိတ်တာတွေအပြင် စိတ်ပါဆိုင်ရာ၊ စိတ်ဓါတ်ရေးရာနဲ့ ကုသတဲ့ ကုထုံးကုနည်းတွေကိုပါ သုံးလာကြပြီဖေဖေ"
"ဒါပေါ့ကွာ...စိတ်နှလုံးအေးချမ်းမှူရဲ့ အရသာ အကျိုးကျေးဇူးကို အသက်ကြီးလာလေလေ ပိုသိလာလေပဲ၊ ကဲဆက်စမ်းပါဦးကွ"
"နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ အစားအသောက်နဲ့ အတူတူ အနေအထိုင်လည်းဆင်ခြင်သင့်တယ်လေ၊။ ဆေးလိပ်၊ အရက်တွေဟာ ကျမ်းမာရေးအတွက် မသင့်တော်သလို၊ တစ်လင်တစ်မယားစနစ်နဲ့၊ လင်မယားကြားမှာတောင် သာမှန်ထက် လွန်ကဲသော ဆက်ဆံမှူတွေကို ရှောင်ရှားခြင်းဟာလည်း မလိုလားအပ်တဲ့ ရောဂါတွေကို မဖြစ်စေပါဘူး၊ ရောဂါမဖြစ်တော့ အသက်ရှည်ဖို့ ပိုပြီး အခွင့်ရှိတာကတော့ ကလေးတောင်မှ နားလည်နိုင်ပါတယ် ဖေဖေ"
"ဟုတ်တာပေါ့သားရေ၊ အေးလေ...နောက်ဆုံးတော့ သားရေ၊ အရာရာဟာ တရားနဲ့သာချုပ်ပါတယ်။ တရားထဲကနေ ပြေးထွက်လို့ မတရားတာလုပ်၊ မတရားသလိုနေထိုင်စားသောက်ရင် မတော်မတရားတွေ ဖြစ်နေတော့မှာပဲပေါ့"
"ဟုတ်ပါတယ်ဖေဖေ၊ ဘယ်လိုဟာတွေက ကျမ်းမာရေးအတွက်ကောင်းပြီး၊ ဘယ်လိုဟာတွေကို ဆောင်သင့်ရှောင်သင့်တာတွေကို မသိရင်တောင်၊ တွေဝေနေရင်တောင်မှ မယုတ်မလွန် သမာသမတ်ကျကျ နေထိုင်စားသောက်သွားမယိဆိုရင်တော့၊ အသက်မရှည်ရင်တောင် အသက်တော့ မတိုဘူးပေါ့ ဖေဖေရာ"


သုခ(သား)

No comments:

Post a Comment