Latest News

Sunday, April 23, 2017

စစ်တွေက ကျူးကျော်တဲ ၂၀၀ ကျော်ကို ပြောင်းရွှေ့

စစ်တွေက ကျူးကျော်တဲ ၂၀၀ ကျော်ကို ပြောင်းရွှေ့

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ စက်ရုံစုရပ်ကွက်က စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်လုပ်မယ့် ဧရိယာထဲမှာ ပါဝင်နေတဲ့ ကျူးကျော်တဲ ၂၁၃ လုံးကို ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်နဲ့ မနေ့ကစပြီး မင်းဂံတိုးချဲ့ရပ်ကွက်ကို ပြောင်းရွှေ့ပေးနေပါတယ်။  

စစ်မှုထမ်းဟောင်းအိမ်ရာဆောက်မယ့် မြေ ၆ ဧကပေါ်မှာ ရှိနေတဲ့ ကျူးကျော်တဲတွေကို အစိုးရက ရွှေ့ပေးနေတာဖြစ်တယ်လို့ စက်ရုံစုရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးညွန့်ဝင်း က ပြောပါတယ်။

" အရံမီးသတ်တို့ မီးသတ်ဌာနတို့က ၀ိုင်းဝန်းပြီးတော့ ပစ္စည်းတွေပြောင်းပေးတယ်၊ ကားကတော့ အစိုးရအဖွဲ့က စီစဉ်ပေးထားတာပေါ့၊ စစ်မှုထမ်းဟောင်းအိမ်ရာ ဆောက်မယ့်နေရာ ဧက ၆ ဧကပေါ်မှာ ပါဝင်နေတဲ့အတွက် အစိုးရကနေပြီးတော့ ရွှေ့ပေးရတာဖြစ်ပါတယ်ခင်ဗျ။ "

ဒီနေ့မနက်ပိုင်းအထိ တဲအလုံး ၈၀ လောက်ပြောင်းရွှေ့ပြီးပြီ ဖြစ်ပြီး အားလုံးပြောင်းဖို့အတွက် အချိန် ၄ ရက်လောက် ကြာနိုင်တယ်လို့လည်း ဦးညွန့်ဝင်း က ပြောပါတယ်။

အဲဒီကျူးကျော်တဲတွေဟာ မင်းဂံတိုးချဲ့ရပ်ကွက်မှာ မိမိတို့ဘာသာ ပြန်ဆောက်ရမှာဖြစ်ပြီး ပြည်နယ်အစိုးရက မြေအကျယ် ၂၀×၃၀ စီပြန်ပေးထားတာဖြစ်ပါတယ်။

အဲဒီ ကျူးကျော်တဲ ၂၀၀ ကျော်ဆိုတာဟာ စစ်မှုထမ်းဟောင်း အိမ်ရာဆောက်မယ့် ဧရိယာထဲပါဝင်နေတဲ့ အရေအတွက်သာဖြစ်ပြီး စက်ရုံစုရပ်ကွက်မှာ ကျူးကျော်တဲ စုစုပေါင်းဆိုရင် ၁ ထောင်ကျော်လောက် ရှိနိုင်တယ်လို့လည်း ပြောပါတယ်။

အဲလိုပြောင်းရွှေ့ပေးဖို့အတွက် ဧရိယာထဲပါဝင်နေတဲ့တဲတွေကို ပြီးခဲ့တဲ့ ၂ လလောက်ထဲက စာရင်းတွေ ကောက်ယူခဲ့ပြီး အငြင်းပွားမှုတွေ မဖြစ်အောင် နေထိုင်သူတွေကိုလည်း ဓါတ်ပုံတွေ ရိုက်ယူထားပြီး စာရင်းလုပ်ခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo:Min Thein Aung/RFA

No comments:

Post a Comment