Latest News

Friday, April 28, 2017

ဧရာဝတီတိုင်းတွင်း ဘုန်းတော်ကြီးကျောင်းများရှိ လိုင်စင်မဲ့မော်တော်ယာဉ်များ ရဲစခန်းသို့အပ်နှံရန်နှင့် အပ်နှံခြင်းမရှိပါက ၀င်ရောက်ရှာဖွေဖမ်းဆီးကာ သိမ်းဆည်းမည်ဟု ညွှန်ကြားချက်ထုတ်ပြန်

ဧရာဝတီတိုင်းတွင်း ဘုန်းတော်ကြီးကျောင်းများရှိ လိုင်စင်မဲ့မော်တော်ယာဉ်များ ရဲစခန်းသို့အပ်နှံရန်နှင့် အပ်နှံခြင်းမရှိပါက ၀င်ရောက်ရှာဖွေဖမ်းဆီးကာ သိမ်းဆည်းမည်ဟု ညွှန်ကြားချက်ထုတ်ပြန်

ဧရာဝတီ ဧပြီ ၂၇

ဧရာဝတီတိုင်းတွင်း ဘုန်းတော်ကြီးကျောင်းများရှိ လိုင်စင်မဲ့မော်တော်ယာဉ်များ ရဲစခန်းသို့ အပ်နှံရန်နှင့် အပ်နှံခြင်းမရှိပါက ၀င်ရောက်ရှာဖွေဖမ်းဆီးကာ သိမ်းဆည်းမည်ဟု ညွှန်ကြားချက်ထုတ် ပြန်ထားကြောင်း သိရသည်။

အဆိုပါညွှန်ကြားချက်ကို ဧရာဝတီတိုင်းသာသနာရေးမှူး၏လျှောက်ထားချက်အရ မြို့နယ် သံဃနာယကအဖွဲ့များ(ဂိုဏ်းပေါင်းစုံ)ထံ ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း တိုင်းသံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်က မိန့်ကြားသည်။

“ညွှန်ကြားချက်ထုတ်တော့ထုတ်ပေးလိုက်တာပေါ့။ မအပ်တော့ မအပ်ကြသေးဘူး။ တကယ် တမ်းတော့ ဘာမှမလုပ်သေးပါဘူး။ စည်းကမ်းသဘောထုတ်ထားတာ။ ဧရာဝတီတိုင်းမှာ မြို့နယ်သံဃ နာယကအကုန်လုံးဆီ စာထွက်ထားတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော်က မိန့်ကြားသည်။

 “မနေ့ညနေက ညွှန်ကြားစာရောက်တယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဘုန်းကြီးကျောင်းအချို့တွင် မှတ်ပုံတင်မဲ့မော်တော်ယာဉ်များ ထားရှိခြင်းကို သက်ဆိုင်ရာရဲစခန်းထံ အပ်နှံရမယ်။ မအပ်နှံပါက ၀င်ရောက်ရှာဖွေဖမ်းဆီးသိမ်းဆည်းဆောင်ရွက်သွားမယ်လို့ရေးထားတယ်။ ဘုန်းကြီးတွေသီးသန့်စီးတဲ့ယာဉ်ပဲလား။ ဘုန်းကြီးကျောင်းတွေမှာထားတဲ့ လိုင်စင်မဲ့လူမှုရေးလုပ်နေ တဲ့ယာဉ်တွေရောပါလား။ အဲဒါကို သိချင်နေတာ”ဟု မြောင်းမြမြို့မှ ဆရာတော်ဦးဝဏ္ဏသီရိက မိန့်ကြား သည်။

ဘုန်းတော်ကြီးကျောင်းများတွင် အခြေပြုဆောင်ရွက်နေသည့် လူနာတင်ယာဉ်နှင့် နာရေး ယာဉ်များအပေါ် သက်ရောက်မှုရှိ၊မရှိ  တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဌဆရာတော်အား ဆက်စပ် မေးမြန်းခဲ့ရာ “ဒါကတော့ လိုင်စင်မဲ့ဆိုရင်ပါချင်ပါတော့မှာပေါ့။ ချွင်းချက်ကလေးတော့ရှိမှာပေါ့”ဟု ဆရာတော်က ပြန်လည်မိန့်ကြားသည်။
ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးခင်မောင်လတ်ထံ ဆက်သွယ်မေးမြန်းခဲ့ရာ “သံဃာတွေ လိုင်စင်မဲ့မောင်းတာတွေ၊စီးတာတွေကို တိုင်းသာသနာရေးဦးစီးနဲ့ညှိနှိုင်းပြီး သက်ဆိုင်ရာ သံဃာတွေကို လျှောက်ထားပြီးတော့မှဆောင်ရွက်ဖို့အရင်ကတည်းကပြောထားတာတော့ရှိတယ်။ ကျွန်တော်တို့ဆီ အဲဒီ့ညွှန်ကြားချက်တော့ မရောက်သေးဘူး။ ဘုန်းကြီးကျောင်းတွေမှာဝင်ရောက် ဖမ်းဆီးဖို့ဘာမှတော့ပြောတာမရှိသေးဘူး။ ကားလာအပ်တာလည်း မရှိသေးပါဘူး” ဟု ဧပြီလ ၂၇ ရက်၊ မွန်းလွဲပိုင်းတွင် ဖြေကြားသည်။
“တိုင်းယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေးက ဆုံးဖြတ်ချက်ထွက်လာလို့ ငါတို့ဆီ အကြောင်းကြားလာလို့ ငါတို့က ဆက်ပြီးလျှောက်ထားရတာ။ အစည်းအဝေးမှတ်တမ်းရှိတယ်။ နယ်လုံဝန်ကြီးဆီမှာရှိတယ်။ စာလည်း ထွက်လာတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးသာသနာရေးမှူး က ဆိုသည်။

မြို့နယ်သံဃနာယကအဖွဲ့များထံ ညွှန်ကြားချက်ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အထောက် အကူပြုကော်မတီ(၁/၂၀၁၇)လုပ်ငန်းညှိနှိုင်း ဆုံးဖြတ်ချက်နှင့် တိုင်းသာသနာရေးမှူးရုံး၏လျှောက်ထားစာကို ရည်ညွှန်းကာ ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း ဧရာဝတီတိုင်းသံဃနာယကအဖွဲ့ဥက္ကဌဆရာတော်၏ ညွှန်ကြားစာ၌ ဖော်ပြထားသည်။
အောင်ကျော်မျိုး(ဟင်္သာတ)

No comments:

Post a Comment