Tuesday, April 11, 2017
ကျန်ရစ်သူတွေ ပိုလို့ သတိယလွမ်းဆွတ် နေပေရဦးမည် ..........
Photo ထောက်ပံ့ပွဲတွင် ကျေးဇူးတင်စကားပြောနေသူ တစ်ဦး
"မ ........မိသားစု ၊ဦး.........မိသားစု "ဟုခေါ်လိုက်လျှင် မျက်ရည်များကို သုတ်လျက်
လူအုပ်ကြားထဲကနေ ထွက်လာပြီး လက်နှစ်ဖက်နဲ့  စာအိတ်လေးတစ်အိတ် ကိုသူတို့ လက်ခံကြပါတယ်။
ပေးသူက တိုက်ပုံ ပင်နီရောင် ၀တ်ထားသူလည်းပါတယ်။
အစိမ်းရောင်ဝတ်ထားသူလည်း ပါတယ်။
ပေးပြီးသည်နှင့် တစ်ပြိုင်နက် လက်ခုပ်သံက ကျိုးတိကျိုးတဲထွက်ပေါ်လာပါတယ်။
အဲဒီမြင်ကွင်းက ဧပြီလ(၇)ရက်နေ့  ညနေ ခုနစ်နာရီခန့် မှာ စက်လှေနစ်မြုပ်လို့  သေဆုံးသူများနဲ့ ကျန်ရစ်သူမိသားစုများကို သက်ဆိုင်ရာ အစိုးရက ပုသိမ်ဆေးရုံအရေးပေါ်ဆောင်မှာထောက်ပံ့ ကြေးပေးအပ်နေတာပါ။
ပေးသူရော ယူသူပါ မျက်နှာတွေကတော့ ပြုံးပျော်နေကြတာတော့ မဟုတ်။
ပိုဆိုးတာကလက်ခံသူက လက်ခံပြီးသည်နှင့်တစ်ပြိုင်နက် လက်ခုပ်ပါ တီးရသေးတယ် ။
သူတို့  မျက်နှာမှာလည်း မျက်ရည်စတွေနဲ့  အပူမီးတွေနဲ့ ဆိုတော့ လက်ခုပ်သံကတော့ တစ်ဖျောင်းဖျောင်းထွက်ပေါ်လာတာတော့ မဟုတ်ဘူး။
ကျိုးတိကျိုးတဲ ဖျော့ တိ ဖျော့တော့ ပဲ ။
လက်ခုပ်သံကျိုးတိ ကျိုးတဲ က သူတို့ ခံစားနေရမှုတွေကို ပိုပေါ်လွင်စေတယ် ။
ဒါပေမဲ့ မပြီးသေးဘူး။
လက်ခံသူတွေကိုယ်စားတစ်ယောက်ကကျေးဇူတင်စကားပါပြောရသေးတယ်။
အတိုချုပ်ပြောရရင် ကျေးဇူးတင်ပါတယ်ပေါ့ ….
အဲဒီအချိန်မှာ ပဲကျနော်သတိထားမိတာက ထောက်ပံ့ ကြေးပေးရာမှာတစ်ယောက်ကျန် နေလို့ 
ဆိုပြီး လူစာရင်းတွေ အစအဆုံးပြန်ခေါ်စီစစ်နေရသေးတယ်။
"သေတာက မ .....နော် ဦး .......နော်... ဟုတ်ပြီ မှန်ပြီ ပိုက်ဆံရပြီနော်။လက်ခံရရှိကြောင်း လက်မှတ်လေးထိုးပေးပါနော်..." ဆိုတာတွေကလည်း ဆူညံလို့ ။သေသူတွေကိုထပ်ခါထပ်ခါပြောနေတာဟာ
တစ်ဖက်က လုပ်ငန်းပိုင်း ဆိုပေမဲ့ ကြားနေရသူတွေကတော့ ဒီစကားကိုထပ်ကာထပ်ကာ ကြားချင်မှာ
မဟုတ်ပါဘူး။
အဲဒီအချိန်မှာရေနစ်သူတွေနဲ့ ကျန်ရစ်သူတွေ မိ သား စုဝင်တွေကို မြို့တော် ပေါင်မုန့် နဲ့  လီမွန်ဆိုတဲ့ 
အချိုရည်ဘူးလေးတွေလည်းစေတနာရှင်တွေကပေးထားကြတာသတိထားမိတယ်။
မွန်မြတ်ပါတယ်။ သို့ ပေမယ့် ငိုနေတဲ့ သူတွေကဆက်သာငိုနေတယ်။
အဲဒီမုန့် တွေကို ဘယ်သူမှ မစားကြဘူး။ ခုံလေးတွေပေါ်မှာပဲ ရှိနေတယ် ။
ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ မိသားစုတွေ သေဆုံးခဲ့ ရမှုတွေအတွက် ဖြေမဆည်ဖြစ်နေတယ်ဆိုတာ သိသာတယ်။
သတင်းထောက်တွေကလဲ သတင်းဓါတ်ပုံယူတာပေါ့ ဗျာ။ တစ်ဖြတ်ဖြတ်နဲ့ ကျနော်ပါ ပါဝင်ပါတယ် ။
သတင်းသမားဆိုတော့ သတင်းသမားအမြင်နဲ့  သူတို့ မျက်နှာတွေ အီမိုးရှင်းမြင်သာအောင် ရှုထောင့်မျိုးစုံကနေ Close Up # 1 # 2 အမျိုးမျိုးကို ရိုက်နေတာ။
အင်တာဗျုးမေးတဲ့ သူကလည်းမေးတယ်။ နောက်တော့ ကျနော် သတိထားမိလာတယ်။
သူတို့ တွေ သိပ်မပြောချင်တော့ဘူး ဆိုတဲ့  အရိပ်လက္ခဏာတွေ မြင်လာရတယ်။
အဲလိုသတိထားမိတဲ့  အခါမှာတော့ ကျနော်ကတော့ လုံးဝမရိုက်တော့ ပါဘူး.။
လူတစ်ယောက် သေဆုံးပျက်စီးဆုံးရှုံးမှုဖြစ်သွားတဲ့ သူတို့ ရင်ထဲ ကို ကျနော်တို့ အပါဝင် ကူညီသူတွေရော အားလုံးကခဏတော့ ၀င်ကြည့်စေချင်ပါတယ်။
ဒွေးသီချင်းလို ပေါ့ ...ဟိုအရင်အချိန်တွေ တမ်းတ မက်မော ပြန်မြင်ယောင်တယ်...
အတိတ်ဆီပေါ့ ...ဒီကမ္ဘာမြေကိုနောက်မလှည့်ခိုင်းပဲခုနစ်ရက်နေ ညကိုပဲလှည့်လို့ ရမယ်ဆိုရင် တော့
ကျန်ရစ်သူတွေ ခုနစ်နာရီကြားကို သူတို့  ကျော်လွန်မိမှာပါ။ဒါဆိုရင်တော့သူတို့  ကျေးဇူးတင်စကားလည်းမပြောရဘူးဆိုပြီးကျေနပ်နေမှာပါ။
ကဲ ..အားမလျှော့ပါနဲ့  ...မနက်ကျရင်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေက ခင်ဗျားတို့ ကျန်ရစ်သူမိသားစုရွာတွေဆီလာပြီး တိုးတိုးတိတ်တိတ်လေး ထောက်ပံ့ မှာမဟုတ်ဘူး။တစ်ခမ်းတစ်နားလုပ်ပေးပါလိမ့်ဦးမယ်။
ပြီးရင်လည်းမတီးချင်တီးချင်နဲ့ လက်ခုပ်တွေတီးပြီးကျေးဇူးတင်စကားတွေဆိုရဦးမည်။
ဘယ်သူ ဘယ်ဝါ ညီ ညီမ အဖေ အမေ အဒေါ်တွေသေတာကို မှန်ကန်ကြောင်းနဲ့ လက်ခံရယူပြီးကြောင်းလက်မှတ်တွေထိုးပေးရဦးမည် ။
သေချာပါတယ် ဒီလိုဆိုရင်တော့မနက်ဖြန်လည်းသူတို့ မိသားစုတွေကို ကျန်ရစ်သူတွေ ပုသိမ်မှာလာပြီး
ပိုလို့သတိယ လွမ်းဆွတ်နေပေရဦးတော့မည် …….
မျိုးမင်းပိုင်
ဧပြီလ (၁၂) ရက် ၂၀၁၇ ခုနှစ် (၁၂း၃၀)
ကျန်ရစ်သူတွေ ပိုလို့ သတိယလွမ်းဆွတ် နေပေရဦးမည် ..........
Reviewed by timeayeyar
on
1:53 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment