Latest News

Friday, April 7, 2017

အသောကနဲ့ သင်္ကြန်မိုး

အသောကနဲ့ သင်္ကြန်မိုး


(က)

သင်္ကြန်နားနီးလာရင် လွန်ခဲ့ တဲ့ နှစ်ပေါင်း ၃၀ ကျော်က ရိုက် ကူးပြသခဲ့တဲ့ သင်္ကြန်မိုးဆိုတဲ့ ရုပ်ရှင်ကားကို တီဗီချန်နယ်တွေ က ပြန်လည်ထုတ်လွှင့်ပြသလေ့ ရှိပါတယ်။ သင်္ကြန်မိုးဇာတ်ကား ဟာ စာရေးသူတို့ မြီးကောင် ပေါက်ဘဝက အင်မတန်ခေတ် စားခဲ့တဲ့ အကယ်ဒမီဆုရခဲ့တဲ့ကား ပါ။ ဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာနဲ့ သရုပ်ဆောင်အချို့ တောင် ကွယ်လွန်သွားခဲ့ပါပြီ။

ဒီနေ့ လူလတ်ပိုင်းနဲ့ လူကြီး ပိုင်းပုဂ္ဂိုလ်တွေ သင်္ကြန်ရောက် လာတာနဲ့ သင်္ကြန်မိုးဇာတ်ကားကို တီဗီကပြန်ပြတိုင်း အလွမ်းပြေ ကြည့်ကြပါတယ်။ သင်္ကြန်မိုးက လည်း ဘယ်နှခါပြန်ကြည့်ကြည့် မရိုးနိုင်အောင် ဇာတ်အိမ်ပိုင်း၊ ဇာတ်ဝင်သီချင်းပိုင်း၊ ပြကွက်ပိုင်း တွေကို ခိုင်ခိုင်မာမာတည်ဆောက် ထားတဲ့ ဇာတ်ကားတစ်ကားဖြစ် ပါတယ်။ သင်္ကြန်မိုးလို့ အမည် ပေးပုံကလည်း မြန်မာ့ဆယ့်နှစ်လ ရာသီဘွဲ့တွေထဲက ‘ဖက်ဆွတ် ရေတိုး သင်္ကြန်မိုး’ဆိုတဲ့ စကား လုံးကို ယူထားတာကိုး။ ဒါကြောင့်လည်း ဇာတ်ကားတစ်ကားလုံး ဟာ မြန်မာဆန်တဲ့ ရိုးရာသင်္ကြန် ပွဲကို ပေါ်လွင်အောင် အဓိက ဖော်ညွှန်းထားတာဖြစ်ပါတယ်။

တမြန်နေ့ညပိုင်းမှာ တီဗီဖွင့် ကြည့်ရင်း ချန်နယ်နိုင်းကလွှင့်နေ တဲ့ သင်္ကြန်မိုးရုပ်ရှင်နဲ့ သွားတိုးပါ တယ်။ သင်္ကြန်မရောက်မီ ဦးဦးဖျားဖျားကြည့်ရတော့လည်း ပျော်သွားတာပေါ့။ ဇာတ်လမ်းမှာ စန္ဒရားဆရာကိုငြိမ်းမောင်တစ်ယောက် သူ့ချစ်သူ တစ်ပါးသူနဲ့ လက်ထပ်တဲ့ မင်္ဂလာပွဲမှာ စန္ဒရားတီးပြီး ဖျော် ဖြေနေရတဲ့ အခန်းဖြစ်ပါတယ်။ကိုငြိမ်းမောင်ရဲ့ အသည်းကွဲခန်း ဟာ ပီပြင်လွန်းလို့ အသည်းငယ်သူတွေ မျက်ရည်ကျကြရတဲ့ အ ခန်းပါ။

ဇာတ်လမ်းထဲမှာ စီးဝင်မျော နေတုန်း အိမ်က ကလေးနှစ် ယောက်နဲ့ သူ့မေမေက တစ်စခန်း ထလာပါတယ်။ ည ၉ နာရီထိုးပြီ၊ အသောကလာနေပြီ ဖိုက်ပလပ် ကို ပြောင်းကြည့်မယ်ဆိုလာပါ တယ်။ သူတို့က ဖိုက်ပလပ်ကလာ တဲ့ ‘ဘုန်းမီးနေလအသောက’ဆိုတဲ့ ရုပ်ရှင်စီးရီးကို ဘိန်းစွဲသလိုစွဲနေတဲ့ သူတွေပါ။ အခု အဲဒီစီးရီးက အပိုင်း ၉၀ တောင်ကျော်နေပါပြီ။ သူတို့တင်လားဆိုတော့ မဟုတ်ပါ ဘူး။ လမ်းဘေးက ရုပ်ရှင်ဓာတ် ပြားရောင်းတဲ့ ဆိုင်တွေမှာလည်း အသောကက အောင်ပွဲခံနေပါ သတဲ့။ အိမ်က ကလေးတွေကို အခွေဝယ်ကြည့်ခိုင်းပေမယ့် ဒိုင် ယာလော့ခ်တွေ ဘာသာပြန်တာ မကောင်းလို့ဆိုပြီး တီဗီမှာပဲ သဲ ကြီးမဲကြီးအားပေးနေကြတာပါ။

အခုလည်း ကိုယ်က သင်္ကြန် မိုးကြည့်ချင် သူတို့က အသောက ကြည့်ချင်နဲ့ ဒီမိုကရေစီနည်းကျ မဲခွဲဆုံးဖြတ်ရင်လည်း ကိုယ်ကရှုံး မှာ သေချာနေတာမို့ အာဏာရှင် ဆန်စွာနဲ့ မင်းတို့အသောကက နေ့တိုင်းလာနေတာ သင်္ကြန်မိုးက တစ်ခါတလေမှဆိုပြီး ဆက်ကြည့် နေလိုက်ပါတယ်။ ဒီအချိန်မှာ အိမ် ဦးနတ်ရဲ့ အာဏာရှင်ဆန်မှုကို အလဲထိုးအနိုင်ယူသွားတဲ့စကား ကတော့ အိမ်သူသက်ထားရဲ့ ‘‘ရှင်မို့အဲဒီငြိမ်းမောင်ဆိုတဲ့ သူကြီးကို အရသာခံကြည့်နေတယ်။ ကျွန်မကတော့ သူ့ရွံတာနဲ့ သင်္ကြန်မိုးတောင် မကြည့်တော့ဘူး’’ဆိုတဲ့ စကားပဲဖြစ်ပါတယ်။

သင်္ကြန်မိုးမှာ စန္ဒရားဆရာ ကိုငြိမ်းမောင်အဖြစ် သရုပ်ဆောင် သူက အကယ်ဒမီနေအောင်ပါ။ ဇာတ်လမ်းအရ ကိုငြိမ်းမောင်က အသည်းကွဲရသူ၊ အနစ်နာခံရသူ၊ အနှိမ်ခံရသူပါ။ ဘာမှ ရွံစရာတစ် ကွက်မှ မရှိပါဘူး။ ဒါကို ဇနီးသည် က ရွံတယ်ဆိုတော့ ရေးရေးတွေး ကြည့်မိတာ တဖြည်းဖြည်းပေါ် လာပါတယ်။ စိတ်တွေများ တယ် ကြောက်စရာကောင်းပါလား။ ကိုယ်ကိုယ်တိုင်ပါ သူပြောသလို ရုပ်ရှင်ဆက်ကြည့်ချင်စိတ်မရှိ တာကြောင့် အသောကလိုင်းကို ပြောင်းပေးလိုက်ရပါတော့တယ်။

(ခ)

အသောကကို စာရေးသူ စသိတာက အခုရုပ်ရှင်ထဲကလို မင်းသားလေးအဖြစ် မဟုတ်ပါ ဘူး။ ဗုဒ္ဓဘာသာကို ထွန်းကားပြန့် ပွားအောင် အထောက်အပံ့ပြုသူ သာသနာပြုဘုရင်ကြီးတစ်ပါးအ ဖြစ်နဲ့ပါ။ ပိဋကတ်သုံးပုံကို မာဂဓ ဘာသာနဲ့ ကျောက်ထက်အက္ခရာ တင်ခဲ့တဲ့ အသောကကျောက်စာ တိုင်ကိုလည်း ငယ်စဉ်က မှတ် သားခဲ့ဖူးပါတယ်။

အသောက (Ashoka)ဟာ မောရိယမင်းဆက် (Mauraya Dynasty) ဘုရင်တစ်ပါးဖြစ်ပြီး ဘီစီ ၂၆၈-၂၃၂ အတွင်း ရှေး ဟောင်းအိန္ဒိယအင်ပါယာကို အုပ်ချုပ်ခဲ့သူဖြစ်ပါတယ်။ ရှေးဟောင်း အိန္ဒိယအင်ပါယာဟာ အာဖဂန် နစ္စတန်တောင်တန်းများမှသည် ယခု ဘင်္ဂလားဒေ့ရှ်နယ်မြေအထိ ကျယ်ပြန့်တယ်လို့ သမိုင်းက ဆိုပါတယ်။

အသောကကို ဗုဒ္ဓဘာသာ သာသနာပြုဘုရင်ကြီးအဖြစ် ယခု လိုသမိုင်းတွင်ရစ်အောင် ပြုလုပ် ပေးခဲ့သူတွေထဲမှာ နီဂြောဓသာမဏေက အဓိကအခန်းကဏ္ဍမှာ ပါဝင်ခဲ့ပါတယ်။ အသောကဘုရင်ဖြစ်ချိန် မာဂဓတိုင်းမှာ ဂျိန်းဘာသာ ကိုးကွယ်မှု ထွန်းကားနေပါတယ်။ မင်းမျိုးမင်းနွယ်တွေက လည်း  ဂျိန်းဘာသာကိုးကွယ်တဲ့အ တွက် နန်းတော်ထဲမှာ ဂျိန်းဘုန်း ကြီးတွေသာ နေရာရနေပါတယ်။

တစ်နေ့ နီဂြောဓသာမဏေ နန်းတော်ထဲ ကြွလာတဲ့အခိုက်မှာ အသောကဘုရင်က သင့်တော်ရာ မှာ ထိုင်ဖို့လျှောက်ထားပါတယ်။ သာမဏေက ရာဇပလ္လင်ပေါ် တက်ပြီး ထိုင်တော်မူတာနဲ့ အသောကဘုရင်က ကိုရင်လေး ကို ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး မေးခွန်းတွေထုတ်ပါတယ်။ ပထမဆုံး မေးခွန်းက ‘‘ဗုဒ္ဓဘာသာမှာ သင် ထားတာရှိသလား’’ဖြစ်ပါတယ်။ ကိုရင်လေးက ‘‘အကုန်သင်ပြီးပြီ’’ လို့ ဖြေပါတယ်။ ဒုတိယမေးခွန်း က ‘‘ဗုဒ္ဓသာသနာမှာ ကျင့်ကော ကျင့်ရဲ့လား’’တဲ့။ မေးခွန်းက ကြောက်စရာကောင်းပါတယ်။ သင်တာပဲရှိပြီး ကျင့်တာမရှိမှာစိုး တဲ့ သဘောပါ။ ကိုရင်လေးက လည်း ‘‘အကုန်ကျင့်ပြီးပါပြီ’’လို့ ပြန်ဖြေပါတယ်။ အဲဒါမှာတင် အသောကဘုရင်က ကိုရင်လေးကို ‘‘အကုန်သင် အကုန်ကျင့် အကုန်သိရင် ဟောပါ၊ သင်တို့ ဘုရားဘာဟောလဲ ပြောပါ’’လို့ ဆိုပါတော့တယ်။

နီဂြောဓသာမဏေ ကိုရင် လေးက မြတ်စွာဘုရားဟောကြား တော်မူတဲ့အတိုင်း ‘‘အပ္ပမာဒေါ အမတံပဒံ၊ ပမာဒေါမစ္စုနောပဒံ၊ အပ္ပမတ္တာန မီယန္တိ၊ ယေပမတ္တာ ယထာ မတာ၊ အပ္ပမာဒေါ အမတံ ပဒံ’’ ‘‘မင်းကြီးသတိနဲ့နေမသေ ဘူး။ ဘဝဆိုတာ သတိနဲ့ ထိန်း ထားရတယ်။ သတိအထိန်းအ ကွပ်လွတ်ရင် ဘဝဟာ သေပြီ’’ လို့ဟောကြားပါတယ်။

အသောကဘုရင်ဟာလည်း ခေသူမဟုတ်လေတော့ ‘‘ကိုရင် လေးဘုရားတော်ပါပြီ။ ဒီနေ့အဖို့ ဒီလောက်နဲ့တင် ကျေနပ်ပါပြီ’’ လို့ လျှောက်တင်ကာ ဆွမ်းခဲဖွယ် လှူ၊ မနက်ဖြန်ကစပြီး နေ့စဉ်နန်း တော်ကို ကြွဖို့ပင့်နဲ့၊ နေ့စဉ်ရက် ဆက် တရားတွေဟော၊ ဆွမ်းတွေ ကပ်လိုက်တာ နန်းတော်ထဲ ဂျိန်း ဘုန်းကြီးတွေပျောက်ပြီး ဗုဒ္ဓဘာ သာကိုယ်တော်တွေရောက်လာရ တဲ့ အဖြစ်ပါပဲ။

(ဂ)

နီဂြောဓသာမဏေရဲ့ အ သောကဘုရင်ကို စွဲအောင်၊ ကြည်ညိုအောင်လုပ်တဲ့တရားက မှတ် သားစရာပါ။ သတိနဲ့နေ မသေ ဘူး၊ သတိအထိန်းအကွပ်လွတ် ရင် ဘဝဟာသေပြီတဲ့။ စာရေးသူ တို့ လူမှုဝန်းကျင်မှာ သတိအထိန်း အကွပ်လွတ်ပြီး မပြောသင့်တာ တွေပြော၊ မပေါင်းသင့်တာတွေ ပေါင်း၊ မလုပ်သင့်တဲ့အရာတွေ လုပ်မိလို့ ဘဝသေသွားရတဲ့သူ တွေကို အများကြီးတွေ့ဖူးကြပါ လိမ့်မယ်။ ဘဝသေတယ်ဆိုတာ လူသေတာထက်ဆိုးပါတယ်။ တစ်သက်လုံး ကောင်းအောင်နေ ခဲ့ပြီးကာမှ သတိလက်လွတ်ပြုမူ မိလို့ လူမသေခင် နာမည်သေရတဲ့ သူတွေရှိပါတယ်။ အထူးသဖြင့် ပြည်သူထောက်ခံမှုရှိတဲ့ နိုင်ငံရေး သမားတွေ၊ အနုပညာရှင်တွေရဲ့ သတိက ပိုအရေးကြီးပါတယ်။

‘လူသေတာက အရေးမကြီး ဘူး။ နိုင်ငံရေးသေရင် ဘာမှကို လုပ်မရတော့ဘူး’ဆိုတဲ့ စကား ကြားဖူးပါတယ်။ အခုရက်ထဲ သတင်းစာ၊ ဂျာနယ်တွေရဲ့ အင် တာဗျူးတွေ ဖတ်ရတဲ့အထဲမှာ နိုင်ငံရေးသမားကြီးတွေ၊ လွှတ် တော်ကိုယ်စားလှယ်အချို့တွေရဲ့ စကားတွေဟာ အင်မတန်စိုးရိမ် စရာကောင်းပါတယ်။ ကိုယ့် စကား ကိုယ်တာဝန်ယူရင်တော့ ကိစ္စမရှိပါဘူး။ သတိအထိန်းအ ကွပ်လွတ်ပြီး ဆက်ပြောနေမယ် ဆိုရင်တော့ ပြည်သူ့အချစ်တော် ကနေ ပြည်သူ့ရွံစရာဖြစ်သွား တတ်လို့ပါ။

မြန်မာ့နှစ်သစ်ကူးသင်္ကြန် မှာ နှစ်ဟောင်းက စိတ်ဓာတ်အ ညစ်အကြေးတွေကို ဆေးကြော ပြီး၊ သတိနဲ့ နေထိုင်ကြသူများဖြစ် ကာ ဘေးဘယာအဖြာဖြာမှ သောကကင်းဝေးကြပါစေလို့.. ။    ။
( 7Day News )

No comments:

Post a Comment