ချစ်တဲ့သူနဲ့အတူတူ ကုသိုလ်ပြုပါ
ချစ်တဲ့သူတွေကို တကယ်ချစ်ရင် အတူတူကုသိုလ်ပြုနိုင်ဖို့၊ အတူတူ ဒါန၊ သီလ၊ ဘာဝနာ ဆောက်တည်ပြီး နောင်သံသရာအတွက် အတူတူ အားထုတ်သင့်တယ်ဆိုတာကို ခုလို အသက် ၄၀ကျော်မှ ကျွန်မ သိလာရပါတယ်။
၂၀၁၆ခုနှစ် ဆန်းပိုင်းရဲ့ မနက်ပို်င်း မှာတော့ တရားနာရင်းနဲ့ မိသားစုဖြစ်
ရခြင်း ရေစက်ဆိုတဲ့ သဘောတရားကို နားလည်ခဲ့ရပါတယ်။
အဲဒီတရားတော်ကို နာယူပြီးမှ မိသားစုဆိုတာက ကုသိုလ်၊ အကုသိုလ်အတူတူပြုခဲ့ကြတဲ့ ရေစက်ရှိခဲ့တဲ့သူတွေပါ။ဘ၀အဆက်ဆက်က ပြုခဲ့တဲ့ ကုသိုလ်နဲ့တော်စပ်ခဲ့ကြရတဲ့ ရေစက်တွေကြောင့် ဇနီး၊ ခင်ပွန်း တော်စပ်ရတယ်။ အတူတူပြုခဲ့တဲ့ကုသိုလ်တွေနဲ့ ရေစက်တွေကြောင့် မိဘနဲ့ သားသမီးတွေဖြစ်ရ၊ ဆွေမျိုးတွေ ဖြစ်ရတယ်ဆိုတာကို သေချာ နားလည်ခွင့်ရခဲ့ပါတယ်။
ဇနီးမောင်နှံနှစ်ယောက်၊တစ်ယောက်က ကုသိုလ်ပဲပြုပြု၊အကုသိုလ်ပဲလုပ်လုပ်၊
ကျန်တဲ့ တစ်ယောက်က စိတ်တူ(စိတ်ပါ)မှ ရနိုင်တယ်။ စိတ်မတူရင် မရဘူး။ ပြုလုပ်သူသာလျှင် ရတယ်လို့နာကြားရကါတယ်။
ဥပမာ အနေနဲ့ပြောရရင်တော့နန္ဒိယသူဌေးနဲ့ ရေဝတီတို့မှာလည်း
နန္ဒိယသူဌေးကဒါန၊သီလ၊ကုသိုလ်တွေပြု၊ကျောင်းဆောက်လှူပေမယ့် ဇနီးရေဝတီကတော့ လင်ပြုလုပ်တဲ့ကုသိုလ် သူရမယ်ထင်နေခဲ့ပြီး ကုသိုလ်ရေးမှာ မပါဝင်ခဲ့ဘူး။ ဒါ့အပြင် မကောင်းမှုတွေက်ုလည်းပြုနေခဲ့တယ်။
သေတဲ့အခါ နန္ဒိယသူဌေးက နတ်ပြည်မှာဖြစ်တယ်။
ရေဝတီက ငရဲမှာခံရတဲ့။ သီလမညီ ကုသိုလ် မညီတဲ့အတွက် အကျိုးပေးတာလည်းမညီတော့ပါဘူး။
ဒီလို သာဓကတွေရှိတယ်။
ဒီဘဝမှာလည်း အလှူရေစက် ဆက်တဲ့အနေနဲ့ နောက်နောင်ဘဝတွေမှာ စိတ်တူကိုယ်တူနဲ့ လက်တွဲမဖြုတ်ကြဘဲ၊နိဗ္ဗာန်ရွှေပြည်ဝင်တဲ့အထိအတွဲညီတဲ့ ပါရမီဖြည့်ဖက် ပါရမီရှင်များဖြစ်စေချင်ပါတယ် ဆိုရင် ကုသိုလ်ကောင်းမှုပြုတဲ့အခါ စိတ်တူကိုယ်တူ ပြုဖို့လိုတယ်ဆိုတာ နားလည်မှတ်သားရပါတယ်။
ဒါ့အပြင် ■ (၁)။ အိမ်ရှင်က သဒ္ဓါတရားကောင်းသလို၊ အိမ်သူကလည်းသဒ္ဓါတရားကောင်းရမယ်။ (၂)။ အိမ်ရှင်က သီလစင်ကြယ်သလို၊အိမ်သူကလည်း သီလစင်ကြယ်ရမယ်။
(၃)။ တစ်ယောက်က စွန့်ကြဲပေးကမ်း လှူဒါန်းရင်၊တစ်ယောက်က မတားမြစ်ရဘူး။
“မယ်ကလှူမူ၊ မောင်ကြည်ဖြူ၊ မယ်ကလှူဒါန်း၊ မောင်ကြည်ဖြူ” ဖြစ်စေရမယ်။
(၄)။ အသိအလိမ္မာ ဉာဏ်ပညာချင်းလည်း တူညီရမယ်လို့ ဟောတော်မူတယ်။
အဲဒီအချိန်မှာ ကျွန်မစိတ်ထဲ အော်…ငါကသာ တရားနာလိုက်ရ၊ တရားအသိရလိုက်၊ ဘုရားရှစ်ခိုးလိုက်နဲ့ ဘာသာရေး လိုက်စားနေတာ ဖေဖေနဲ့မေမေ၊ ပြီးတော့သားတို့သမီးတို့ကို တော့ ဒီလို လုပ်ဆောင်ကြပါ လို့တိုက်တွန်းခဲု့ပေမဲ့သူတို့ကိုယ်တိုင် လိုလိုချင်ချင်နဲ့ပါဝင်လာအောင် လှုံ့ဆော်ပေးဖို့တော့ပျက်ကွက်ခဲ့ပါလားဆိုပြီး နားလည်လာရတယ်။
ကို်ယ်ကသာ ကံတရားနဲ့ကုသိုလ်ကို ယုံကြည်စွာနဲ့ ဆောင်ရွက်နေပေမဲ့ မိဘ၊ ခင်ပွန်းသည်နဲ့သားသမီးတွေကိုပါ ပါဝင်လာဖို့အတွက် မတိုက်တွန်းမိခဲ့တဲ့ ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်ခဲ့ရပါတယ်။
အလွယ်တကူပဲ သားကြီး ဘုရားရှစ်ခိုးပါ၊ မောင်ရေ…. ကားပေါ်မှာ ကြာနေတဲက အချိန် ဓါရဏပရိတ်လေး ရွတ်နော်ဆိုတာမျိုးလောက၊ သမီးရေး ဘုရားရှစ်ခိုးပြီးမှ အိပ်နော် ၊ အမေ တရားနာပါဆိုတာနဲ့ပဲ ပြီးခဲ့ပါတယ်။
အဲဒီနေ့ကစပြီး ခင်ပွန်းဖြစ်သူနဲ့သားတို့သမီးတို့ကို ပြောပြပါတယ်။သံသရာအတွက် မိသားစုလိုက် ကောင်းမှုတွေ အတူတူပြုမယ်။ သီလညီအောင်လည်း အတူတူစောင့်ထိန်း အားထုတ်မယ်လို့ပါ
အဲဒီနေ့က စပြီး ကျွန်မတို့မိသားစုလိုက် ည ၉ နာရီဆိုရင် ဘုရားအတူတူ ရှစ်ခိုးကြတယ်။ အတူတူ သီလ ယူပြီး ဆောက်တည်ကြပါတယ်။ ပြီးတော့ မေတ္တာပို့တာ၊ ပဋ္ဌာန်းရွတ်ဖတ်ပူဆော်တာ၊ အမျှပေးဝေတာတွကို တစ်ရက်မှ မပျက်စေဘဲနဲ့ ဆောင်ရွက်ခဲ့ကြတယ်။
သူတို့တွေ နေ့စဉ်မပျက် ဒါန ကုသိုလ်တစ်ခုခုကို မပျက်မကွက်ဆောင်ရွက်ကြရပါတယ်။
ဒီကြားထဲမှာ ကျွန်မက အိမ်မှာ ရှိမနေတဲ့ရက်၊ ခရီးသွားတဲ့ ရက်တွေမှာလည်း အိမ်က မိသားစုက ရှိတဲ့သူနဲ့ ဘုရားရှစ်ခိုးပြီး မပျက်အောင် ထိမ်းသိမ်းဆောင်ရွက်ကြပါတယ်။ ကျွန်မကလည်း ရောက်တဲ့ နေရာမှာ ၉ နာရီ ဆိုတာနဲ့ ဘုရားရှစ်ခိုးတာတွေ စတာတွေကို မပျက်အောင် ဆောင်ရွက်ကြတာ ဒီကနေ့ ထိပါပဲ။
အဲဒီလိုနဲ့ကျွန်မအနေနဲ့ မိသားစုကိုပါ ဒါန သာမက၊ သီလဆောက်တည်ဖို့ပါ တိုက်တွန်းအားပေးနိုင်ခဲ့ပါတယ်။
ပြီးတော့ ငါးပါးသီလလည်း လုံအောင်ထိန်းသိမ်းကြရတယ်။ ဒါကို မြင်နေ တွေ့နေရတော့ ကျွန်မစိတ်ထဲမှာ အေးချမ်းမှုနဲ့အတူ သူတို့ဘ၀အတွက်ရော နောင်သံသရာမှာပါ အကုသိုလ် ကင်းအောင်နေထိုင်ကြလိမ့်မယ်လို့ ယုံကြည်မိတယ်။
လက်ငင်းအကျိုးတရားအနေနဲ့ကတော့ ကျွန်မအနေနဲ့သူတို့နားမှာ အချိန်ပြည့်မရှိနိုင်ပေမဲ့သူတို့မှာ ဒါန နဲ့သီလ ရှိနေတယ် ဆိုတဲ့အသိက ကျွန်မအတွက် စိတ်ထဲပူပင်မှု ဝေးစေပါတယ်။
ဒါကို ပြန်လည် ဝေမျှရင်းနဲ့ မိတ်ဆွေတို့အနေနဲ့လည်း ကောင်းမှုပြုတဲ့အခါ မိသားစုလိုက်အတူတူ ပြုနိုင်အောင် ကြိုးစားပါလို့တိုက်တွန်းပါတယ်ရှင်။
မတူတဲ့သဘောထားအမြင်များ ရှိရင်လည်းေ ဆွးနွေးပေးဖို့ဖိတ်ခေါ်ပါတယ်။
နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment