Latest News

Tuesday, April 25, 2017

ယခင် မကွေးတိုင်းဒေသကြီးအစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော် စုံစမ်းဖော်ထုတ်တွေ့ရှိမှုနှင့် ပတ်သက်ပြီး ရှင်းလင်း

ယခင် မကွေးတိုင်းဒေသကြီးအစိုးရ၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ၇ ဘီလီယံကျော် စုံစမ်းဖော်ထုတ်တွေ့ရှိမှုနှင့် ပတ်သက်ပြီး ရှင်းလင်း

မကွေး ဧပြီ ၂၅

ယခင်မကွေးတိုင်းဒေသကြီးအစိုးရလက်ထက်က ရေနံလက်ယက် တွင်းတိမ်လုပ်ငန်းရှင်များက ဒေသဖွံ့ဖြိုးရေးအတွက် ထည့်ဝင် ခဲ့သော ငွေ$ကျပ် ၇ ဒသမ ၄၅၉ ဘီလီယံကျော်နှင့် ပတ်သက်၍ စုံစမ်းတွေ့ရှိချက်များနှင့် ဥပဒေအကြံပြုတင်ပြချက်များအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သည့် မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေးဖောင်ဒေးရှင်းပိုင် ငွေကျပ် ၁ ဒသမ ၇ ဘီလီယံ၊ မကွေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသို့ လှူဒါန်းခဲ့သော မော်တော်ယာဉ်လေးစီး၊ ဘက်ဟိုးတစ်စီး၊ ပဲ့ထောင်ရေယာဉ်နှစ်စင်း၊ ရွှေသုခအသေးစား ငွေရေးကြေးရေးလုပ်ငန်းသို့ လွှဲပြောင်းပေးခဲ့သည့် ငွေ$ကျပ် ၁ ဒသမ ၅၇ ဘီလီယံကျော်တို့အား လက်ရှိမကွေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရန်ကိစ္စ သုံးခု အား ယခင်မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဦးဘုန်း မော်ရွှေ၊ ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီး ဖွံ့ဖြိုး ရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ရွှေသုခ အသေးစားငွေရေးကြေးရေး လုပ်ငန်းဥက္ကဋ္ဌဖြစ်သူ ဦးကြည်ထွန်းတို့ထံ အသိပေးဆောင်ရွက် သွားရန် ညွှန်ကြားခဲ့ပြီး တောင်းခံချက်များအား လွှဲပြောင်း ပေးအပ်ခြင်းမရှိပါက တည်ဆဲဥပဒေများနှင့်အညီ ဆက်လက် ဆောင်ရွက်သွားရန် ညွှန်ကြားထားကြောင်း ယနေ့ နံနက်ပိုင်းက အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သော ဒေသအစိုးရ အဖွဲ့နှင့် သတင်းဌာနအသီးသီးမှ ဒေသအခြေပြုမီဒီယာများ တွေ့ဆုံရှင်းလင်းပွဲတွင် လက်ရှိမကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောသည်။

''ငွေကျပ်သန်းပေါင်း ၇၄၅၉သန်းအနက် ငွေကျပ်သန်း ပေါင်း ၃ဝဝဝ ကျော်ကိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြန်ပြီးတော့ တောင်းခိုင်းတယ်။ မပေးဘူးဆိုရင် ဥပဒေကြောင်း အရ ဆက်လက်ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်။ ကျန်တဲ့ ငွေကျပ်သန်း ၄ဝဝဝ နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့လိုရင် စုံစမ်း စစ်ဆေးမယ်။ တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရထံ အစီရင်ခံ ဖို့လိုရင်ဆက်ပြီးအစီရင်ခံမယ်။ ရှေ့ဆက် ဘယ်လိုဆောင်ရွက် ရမလဲဆိုတာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးထိုင် ပြီးတော့ ဆက်လက်ဆုံးဖြတ်မှာပါ''ဟု ဝန်ကြီးချုပ်က ဆိုသည်။

ညွှန်ကြားရေးမှူးချုပ် လက်မှတ်ရေးထိုးထားသော နိုင်ငံ တော်သမ္မတရုံးမှပေးပို့သည့် ''ရေနံလက်ယက်တွင်းတိမ်လုပ်ငန်း ရှင်များက ထည့်ဝင်ပေးသော ဒေသဖွံ့ဖြိုးရေးရန်ပုံငွေများနှင့် ပတ်သက်၍ ဆောင်ရွက်သွားရန်ကိစ္စ''အကြောင်းအရာပါ စာကို ဧပြီ၂၄ ရက်တွင် လက်ခံရရှိပြီးညွှန်ကြားချက်များနှင့် ရှေ့ဆက် လုပ်ဆောင်မည့်ကိစ္စများကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ဖျက်သိမ်းပြီးဖြစ်သော မကွေးတိုင်းဒေသကြီးဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းဥက္ကဋ္ဌဟောင်းမှာ ဦးစိန်ဌေးဖြစ်ပြီး ရွေးကောက် ပွဲအပြီး ပြန်လည်ဖွဲ့စည်းသော ဖောင်ဒေးရှင်းအသစ်ဥက္ကဋ္ဌမှာ ဦးကြည်ထွန်းဖြစ်ကြောင်း၊ မည်သည့်အဖွဲ့တွင် တာဝန်ရှိသည်ကို မေးမြန်းစုံစမ်းရဦးမည်ဖြစ်ကြောင်း မီဒီယာများ၏ မေးမြန်း ချက်ကို ဝန်ကြီးချုပ်က ဖြေကြားသည်။

''ဥပဒေအရ ဆိုရင်တော့ အများပိုင်တဲ့ပစ္စည်းကို သုံးတယ် ဆိုလို့ရှိရင် ၁၉၆၃ ခုနှစ် အများနှင့်သက်ဆိုင်သည့် ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေနဲ့ ငြိစွန်းနေတယ်။ အရေးယူ လို့ရတဲ့အပိုင်းတွေကိုလည်းတွေ့ရပါတယ်။ တချို့မသဲကွဲသေး ဘူး။ ဥပဒေအကြံတောင်းလာတဲ့အခါမှာ တိုင်းဒေသကြီးအဆင့် ဆိုရင် ပြန်ကြားပေးသွားမှာဖြစ်ပါတယ်။ ကျွန်တော့်အဆင့်နဲ့ ဖြေရှင်းဖို့ခက်ခဲနက်နဲတယ်ဆိုရင် ပြည်ထောင်စုရှေ့နေချုပ်ရုံးကို တင်ပြပြီး အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်''ဟု မကွေးတိုင်း ဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း က ပြောကြားသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရဆိုလျှင် ပြည်သူပိုင်ပစ္စည်းကို သုံးခွင့်မရှိကြောင်း၊ သုံးသည်ဆိုလျှင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိစေရဟု ပါရှိ ကြောင်း ဥပဒေချုပ်က ဆက်လက်ပြောကြားသည်။

ညွှန်ကြားချက်ကို အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ကျန်ရှိသည့် ငွေကျပ်သန်း ၄ဝဝဝ ကိစ္စနှင့်ပတ်သက်၍ ပြည်သူများ၏ အထင်အမြင်လွဲမှားမှုကို မခံနိုင်သောကြောင့် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လုပ်သွားမည်ဖြစ်ကြောင်း၊ ယခုဖြစ်စဉ်များသည် တရားဝင်စစ်ဆေးထားခြင်းဖြစ်သည့် အတွက် ငြင်းချက်ထုတ်၍ ရသည့်အခြေအနေမဟုတ်ကြောင်း၊ ပြည်သူ့ ဘဏ္ဍာငွေများပြန်ရမည်ဆိုလျှင် ဘဏ်တိုးကပင်တစ်လ လျှင် ငွေကျပ်သိန်း ၂ဝဝ ကျော်ရမည်ဖြစ်ကြောင်း၊ ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုလုပ်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် က ဆိုသည်။

ဇေယျတု(မကွေး)

No comments:

Post a Comment