Latest News

Sunday, April 30, 2017

မြန်မာ့မီးရထား နှစ် ၁၄ဝ

မြန်မာ့မီးရထား နှစ် ၁၄ဝ

လွန်ခဲ့သော နှစ် ၁၄ဝ ခန့်၊ ခရစ်နှစ် ၁၈၇၇ ခုနှစ် မေလ တစ်ရက်နေ့ နံနက်ခြောက်နာရီတွင် A 01 ရေနွေးငွေ့စက်ခေါင်းနှင့် ချိတ်ဆက်ထားသည့် ရထားတွဲ ၁၃ တွဲသည် ရန်ကုန်ဘူတာကြီးမှ ပြည်မြို့သို့ ထွက်ခွာလိုက်
ခြင်းဖြင့် မြန်မာနိုင်ငံ၏ မီးရထားသမိုင်းကို ဖွင့်လှစ်ခဲ့သည်။ ထိုနေ့က ရန်ကုန်မြို့မှ ပြည်မြို့သို့ ထွက်ခဲ့သည့်မြန်မာနိုင်ငံ၏ ပထမဆုံးမီးရထားသည် ရန်ကုန် ဘူတာကြီးမှ ကိုးမိုင်ကွာဝေးသည့် အင်းစိန်ဘူတာအထိ ခုတ်မောင်းခဲ့ကာ လမ်းတွင် ကြည့်မြင်တိုင်ဘူတာနှင့်သမိုင်းဘူတာတို့တွင် ရပ်နားခဲ့သည်။ မြန်မာနိုင်ငံတွင် ပထမဆုံး ပြေးဆွဲခဲ့သည့် ရထားစက်ခေါင်းသည် ပေါင်ချိန် ၃၈၅၇ ဆွဲအားရှိသည့် ၁၈ တန် အင်ဂျင်ဖြစ်ပြီး ရိုးရိုးတွဲ ၁၂ တွဲ နှင့် သီးသန့်တွဲ တစ်တွဲ ပါရှိခဲ့သည်။ ရန်ကုန်-ပြည် မီးရထားလမ်းဖွင့်ပွဲ အခမ်းအနားသို့ အောက်မြန်မာပြည် ဝန်ရှင်တော်မင်းကြီး ဆာအေရေဗားသွန်မဆင် တက်ရောက်ခဲ့ပြီး မီးရထားတွင်လိုက်ပါစီးနင်းခဲ့သည်။ ရန်ကုန်ဘူတာမှ မီးရထားစတင် ထွက်ခွာချိန်တွင် ပေထုတ်များ ပစ်ဖောက်၍ဂုဏ်ပြုခဲ့ကြပြီး ရန်ကုန်မြို့သူ မြို့သားများသည် မီးရထားကို ပထမဆုံးအကြိမ် မြင်တွေ့ကြရသဖြင့် အံ့သြခဲ့ကြသည်ဟု ဆိုသည်။

ပထမဆုံး မြန်မာ့ မီးရထားလမ်း
ဗြိတိသျှတို့သည် အောက်မြန်မာနိုင်ငံကို ၁၈၅၂ ခုနှစ်တွင် သိမ်းပိုက်ခဲ့ပြီး ကုန်သွယ်မှုဖွံ့ဖြိုးလာချိန်တွင် အောက်မြန်မာနိုင်ငံအတွင်း မီးရထားလမ်းတစ်ခုဖောက်လုပ်ရန် စီစဉ်ခဲ့သည်။ ထိုစဉ်က အောက်မြန်မာနိုင်ငံ၏ ဝန်ရှင်မင်းကြီး ဆာအက်ရှလီ အီဒင် (Sir Ashley Eden )သည် မီးရထားလမ်း ဖောက်လုပ်ရန် ဦးဆောင် ကြိုးပမ်းခဲ့ရာ ရန်ကုန်မြို့မှ အနောက်မြောက်ယွန်းယွန်း ၁၇၄ မိုင်ကွာဝေးသည့် ပြည်မြို့သို့ ၁၆၁ မိုင် ရှည်လျားသည့် မီးရထားလမ်းဖောက်လုပ်ရန် ၁၈၇၄ ခုနှစ်တွင်ခွင့်ပြုချက်ရရှိခဲ့သည်။

ဗြိတိသျှတို့၏ စစ်ရေးအမြင်အရ အထက်မြန်မာနိုင်ငံမှ မြန်မာဘုရင်တပ်ဖွဲ့များသည် ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာပါက ပြည်မြို့သို့ လျင်မြန်စွာရောက်ရှိနိုင်သဖြင့် ဗြိတိသျှတပ်များထံ စစ်လက်နက်၊ ရိက္ခာပစ္စည်းများ ဖြည့်တင်းနိုင်ရန် ရန်ကုန်မှ ပြည်သို့ ရထားလမ်းကို ဦးစွာဖောက်လုပ်ရန် စီစဉ်ခဲ့သည်။

၁၈၇၇ ခုနှစ် မေလ ၁ ရက်
မီးရထားလမ်းဖောက်လုပ်ရန် တိုင်းထွာတွက်ချက်မှုများပြုခဲ့ပြီး ၃၉ ဒသမ ၃၇ လက်မ အရွယ် သံလမ်းများ ကို သံလမ်း နှစ်ခုအကြား အကွာအဝေး ၃ ပေ၊ ၃ ဒသမ ၃၇၅ လက်မထားရှိရန်စီစဉ်ခဲ့ကာ သံလမ်းများကို ကရာချိမှ မြန်မာနိုင်ငံသို့ သယ်ယူခဲ့သည်။ ရန်ကုန်-ပြည်ရထားလမ်းကို ၁၈၇၆ ခုနှစ်တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၁၈၇၇ ခုနှစ် မေလ ၁ ရက် တွင် ဖွင့်လှစ်ခဲ့ရာ ရထားလမ်း တစ်မိုင်အတွက် ငွေကျပ် ၇၃ဝဝဝ ကုန်ကျခဲ့သည်။

မီးရထားပြေးဆွဲမှုလုပ်ငန်းအဝဝကို ရန်ကုန်နှင့် ဧရာဝတီမြစ်ဝှမ်း အစိုးရမီးရထားလုပ်ငန်း (The Rangoon and Irrawaddy Valley State Railway) က တာဝန်ယူဆောင်ရွက်ခဲ့သည်။ ကမ္ဘာ့ပထမဆုံး မီးရထားလမ်းဖြစ်သည့် ဗြိတိန်ရှိ ဒါလင်တန် (Darlington) နှင့် စတော့တန် Stockton) ရထားလမ်း ဖွင့်လှစ်ပြီး ၅၂ နှစ် အကြာတွင် မြန်မာနိုင်ငံ၌ မီးရထားစတင် ပြေးဆွဲ ခဲ့ခြင်းဖြစ်ပေသည်။

ရန်ကုန်နှင့်ပြည် အကြားတွင် ဘူတာရုံ ၁၈ ခု ဆောက်လုပ်ခဲ့ကာ ယင်းတို့အနက် အင်္ဂလန်နိုင်ငံရှိ မီးရထားဘူတာများပုံစံကိုယူ၍ တည်ဆောက်ထားသည့် ကြည့်မြင်တိုင်ဘူတာနှင့် အင်းစိန်ဘူတာသည် ယနေ့တိုင် မူလလက်ရာအတိုင်းရှိနေသည်။

ရန်ကုန်ဘူတာကြီး
ရန်ကုန်-ပြည် မီးရထားလမ်းဖောက်လုပ်ခြင်းနှင့် အတူ ရန်ကုန်ဘူတာကြီးနှင့် ပြည်ဘူတာတို့ကို ၁၈၇၆ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ ရန်ကုန်ဘူတာကြီးသည် သွပ်မိုး၊ သစ်သားအဆောက်အအုံတစ်ခုဖြစ်ပြီး မီးရထားသံလမ်းများ၏ တောင်ဘက်ခြမ်း(ယခု ဗိုလ်ချုပ် အောင်ဆန်းလမ်းဘက်) တွင် တည်ရှိခဲ့သည်။ရန်ကုန်ဘူတာကြီးကို မီးရထားရုံတော်ဟုလည်း ကောင်း၊ ဖယ်ရာလမ်း (ယခုပန်းဆိုးတန်းလမ်း) ထိပ်တွင်ရှိ သဖြင့် ဖယ်ရာစခန်းဟုလည်းကောင်း၊ ဘူတာအနီးတွင်ကွမ်းခြံများရှိခဲ့သဖြင့် ကွမ်းခြံဘူတာဟုလည်းကောင်း ခေါ်ခဲ့ကြသည်။ ယခုအချိန်၌ ရန်ကုန်မြို့လယ်တွင် တည်ရှိသည့် ဘူတာကြီးသည် မြန်မာနိုင်ငံတစ်ဝန်း ၃၁၂၆ မိုင် ဖြန့်ကြက်ထားသည့် မီးရထားကွန်ရက်၏ ဗဟိုအချက်အချာနေရာအဖြစ်တည်ရှိနေပေသည်။

ဗြိတိသျှ အစိုးရသည် ၁၉၁ဝ ပြည့်နှစ်တွင် ရန်ကုန်ဘူတာကြီးကို အသစ်ပြန်လည် တည်ဆောက်ရန် စီစဉ်ခဲ့ကာ အိန္ဒိယနိုင်ငံ ဘုံဘေမြို့ရှိ အစိုးရ ဗိသုကာ အကြံပေးဟောင်း မစ္စတာဝီလ်ကော့အား ပုံစံရေးဆွဲရန် တာဝန်
ပေးခဲ့သည်။ မစ္စတာဝီလ်ကော့က ရန်ကုန်ဘူတာကြီး စီမံကိန်းဧရိယာစတုရန်းပေ ၁ဝဝဝဝဝ အနက် ဘူတာကြီး ပင်မအဆောက်အအုံအတွက် စတုရန်းပေ ၆ဝ၄ဝဝ နှင့်ကျန် အဆောက်အအုံများနှင့်ရထားလမ်းများအတွက် ၅၈၄ဝဝ စတုရန်းပေ အသုံးပြုရန် ပုံစံထုတ်ခဲ့သည်။

ရန်ကုန်ဘူတာကြီးတွင် ရထားဆိုက်ရန် ပေ ၁ဝဝဝ ရှည်၍ ငါးပေကျယ်သည့် စင်္ကြံများနှင့် ပေ ၂၅ဝ စီ ရှည် သော ကုန်လှောင်ရုံများကိုပြုလုပ်ခဲ့ပြီး ပင်မဘူတာရုံကို ကိုလိုနီခေတ်လက်ရာ ဝိတိုရိယ အဆောက်အအုံဒီဇိုင်း ဆောက်လုပ်ခဲ့သည်။ ဘူတာကြီး၏ မျက်နှာစာတွင် မော်တော်ကား၊ မြင်းလှည်း၊ လန်ချားနှင့် လက်တွန်းလှည်းများရပ်နားရန်နေရာနှင့် ကုန်ပစ္စည်းများ သယ်ယူ
ရန်နေရာများ ပြုလုပ်ခဲ့သည်။ထိုစဉ်က မီးရထားများတွင်ပထမတန်း၊ ဒုတိယတန်းနှင့် တတိယတန်းများပါရှိရာ အတန်းလိုက်စီးနင်းလိုက်ပါကြမည့် ခရီးသည်များအတွက် နေရာများပြုလုပ်ပေးထားသည်။

တတိယတန်းနေရာသည် အရှည် ပေ ၇ဝဝ၊ အကျယ် ပေ ၄ဝ ရှိသည်။ ပထမတန်းနှင့် ဒုတိယတန်းနေရာသည် အရှည်ပေ ၁၅ဝ၊ အကျယ် ပေ ၄ဝ ကျယ်ဝန်းပြီး ပထမတန်းနှင့်ဒုတိယတန်း ကြိုတင်လက်မှတ်အရောင်းဌာန
ကို ပူးတွဲဖွင့်လှစ်ထားသည်။ တတိယတန်းကြိုတင် လက်မှတ်ရုံကို ဘူတာကြီး ပင်မအဆောက်အအုံတွင် ထားရှိပြီးအတန်းစုံ လက်မှတ်အရောင်းဌာနသည် မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ခုံးတံတား အဝင်အဝတွင်ရှိခဲ့သည်။

ဘူတာကြီး ခုံးကျော်တံတားတွင် လမ်းသုံးလမ်း ပါဝင်ခဲ့ကာ ၁၁ ပေကျယ်ဝန်းသည့် အလယ်လမ်းသည် ဘူတာရုံမှ ထွက်ရန်ဖြစ်ပြီး ခုနစ်ပေ ကျယ်သော ဘေးဝဲယာ လမ်းနှစ်ခုသည် ဘူတာ စင်္ကြံအသီးသီးသို့သွားရန်ဖြစ်
သည်။

ဒုတိယဘုရင်ခံချုပ် ဆာဟင်နရီအဒမ်ဆင် ဖွင့်လှစ်
ရန်ကုန်ဘူတာရုံသစ်ကို ၁၉၁၁ ခုနှစ် ဧပြီလ ၄ ရက် တွင် ဒုတိယဘုရင်ခံချုပ် ဆာဟင်နရီအဒမ်ဆင်က ဖွင့်လှစ်ပေးခဲ့သည်။ ဘူတာရုံတည်ဆောက်စရိတ်သည် ၃၂၄၂ဝဝဝ ကျပ် ဖြစ်သည်။ရန်ကုန်ဘူတာကြီးသည် ဒုတိယကမ္ဘာစစ်အတွင်း ဗုံးဒဏ်များကြောင့် ပျက်စီးခဲ့သဖြင့် ၁၉၄၆ ခုနှစ်တွင် ယနေ့မြင်တွေ့နေရသည့် ရန်ကုန်ဘူတာကြီးကို တည်ဆောက်ခဲ့သည်။ ရန်ကုန်ဘူတာကြီး ဒီဇိုင်းကို မြန်မာအင်ဂျင်နီယာဦးလှသွင်က ပုံစံထုတ်ခဲ့ပြီး ၁၉၄၆ ခုနှစ်
မေလ ၂ ရက်တွင် ပန္နက်ရိုက်၍ တည်ဆောက်ရေး လုပ်ငန်းများကို ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။ ထုထည်ကြီးမား၍ စုလစ်မွန်းချွန်တို့ဖြင့် လှပတင့်တယ်သည့် ရန်ကုန်ဘူတာကြီးကို မြန်မာအင်ဂျင်နီယာ ဦးတင်က တာဝန်ယူဆောက်လုပ်ခဲ့သည်။

အကျယ်အဝန်း စတုရန်း ၅ဝဝဝ မီတာရှိသည့် ရန်ကုန်ဘူတာကြီးတည်ဆောက်ရာတွင် ငွေကျပ် ၄၇၄၆၁၈၇ ကုန်ကျခဲ့ပြီး ၁၉၅၄ ခုနှစ် ဇွန်လ ၅ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ က ရန်ကုန်ဘူတာကြီးအား ရှေးဟောင်းအမွေအနှစ် အဆောက်အအုံတစ်ခုအဖြစ် ၂ဝဝ၁ ခုနှစ်တွင် သတ်မှတ်ခဲ့ပြီး ၂ဝဝ၇ ခုနှစ်မှစ၍ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆောင်ရွက်လျက်ရှိသည်။

ရထားလမ်းကွန်ရက်
ဗြိတိသျှအစိုးရသည် မီးရထားလမ်းမဖောက်လုပ်မီ အောက်မြန်မာနိုင်ငံအတွင်း ရာသီမရွေးသွားနိုင်သည့် ကျောက်ခင်းလမ်း ၂၉၂ မိုင်အပါအဝင် မြေလမ်း ၈၁၅ မိုင် ဖောက်လုပ်ခဲ့သည်။ ရန်ကုန်-ပြည် ရထားလမ်းဖောက်လုပ်ပြီးနောက် ရထားလမ်းအရှည် ၁၆၆ မိုင်ရှိသည့် ရန်ကုန်-တောင်ငူ ရထားလမ်းကို ၁၈၈၁ ခုနှစ်တွင် ထပ်မံဖောက်လုပ်ခဲ့ရာ ၉၃ မိုင်ရှည်သော ရန်ကုန်-ညောင်လေးပင်လမ်းပိုင်းကို ၁၈၈၄ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက် တွင်လည်းကောင်း၊ ၇၃ မိုင်ရှည်သည့် ညောင်လေးပင်-တောင်ငူလမ်းပိုင်းကို ၁၈၈၅ ခုနှစ် ဇူလိုင်လ ၁ ရက်တွင် လည်းကောင်း ဖွင့်လှစ်ခဲ့သည်။

ဗြိတိသျှတို့သည် မြန်မာနိုင်ငံတစ်ခုလုံးကို ၁၈၈၅ ခုနှစ်တွင် သိမ်းယူခဲ့ပြီးနောက် မီးရထားလမ်းများကို ဆက်လက်ဖောက်လုပ်ခဲ့ရာ ၅၉ မိုင် ရှည်သော တောင်ငူ -
ပျဉ်းမနားလမ်းပိုင်းကို ၁၈၈၈ ခုနှစ် မေလ ၁ ရက်တွင်
လည်းကောင်း၊ ၄၉ ဒသမ ၅၁ မိုင်ရှည်သော ပျဉ်းမနား- ရမည်းသင်း လမ်းပိုင်းကို ၁၈၈၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်တွင်လည်းကောင်း၊ ၁၁၁ မိုင် ရှည်သော ရမည်းသင်း-မန္တလေးလမ်းပိုင်းကို ၁၈၈၉ ခုနှစ် မတ်လ ၁ ရက်တွင် လည်းကောင်း ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံအတွင်း ဖောက်လုပ်ခဲ့သော မီးရထားလမ်းများသည် ၁၉၄ဝ-၄၁ ခုနှစ်အထိ သံလမ်းမိုင် ၂၈၅၂ မိုင်ရှိခဲ့သည်။ဒုတိယ ကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် စစ်အတွင်း မပျက်စီးဘဲ ကျန်ရှိနေသည့် မီးရထားသံလမ်း ၆၇၄ မိုင် နှင့် ဗြိတိသျှ အမှတ် (၁၂) တပ်မတော်က ပြင်ဆင်ခဲ့သည့် လမ်းမိုင် ၂၇ မိုင်၊ စုစုပေါင်း ၇၁ဝ မိုင်တွင် မီးရထားများ ပြန်လည်ပြေးဆွဲခဲ့သည်။

မြန်မာ့မီးရထား၏ အစောပိုင်းကာလများတွင် တစ်လမ်းသွားရထားလမ်း ၈၈၆ မိုင်နှင့် နှစ်လမ်းသွား ၁၃၉ မိုင်သာရှိခဲ့သည်။ နှစ်လမ်းသွားရထားလမ်းဖောက်လုပ်ထားသည့် နေရာများတွင် ရထားများသည် တစ်ချိန်တည်း အစုန်အဆန်မောင်းနှင်နိုင်သဖြင့် ပိုမို ခရီးတွင်ခဲ့သည်။ ဆယ်စုနှစ်တစ်ခုအတွင်း ရထားလမ်းကွန်ရက်ကို နှစ်ဆတိုးခဲ့ကာ တစ်လမ်းသွား ရထားလမ်း ၁၅၂၉ မိုင်နှင့် အစုန်အဆန် ဒွေးလမ်း ၃၂၉ မိုင်အထိ ဖောက်လုပ်ခဲ့သည်။

အုပ်ချုပ်ရေးလုပ်ငန်းများ
ဗြိတိသျှတို့သည် ရန်ကုန်-ပြည်ရထားလမ်း မဖောက်လုပ်မီကပင် မီးရထားဆိုင်ရာ အုပ်ချုပ်မှုလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး မီးရထားရုံးချုပ် အဆောက်အအုံကို ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဆူးလေဘုရားလမ်း ထောင့်တွင် ၁၈၇၇ ခုနှစ်က တည်ဆောက်ခဲ့သည်။ မီးရထားရုံးချုပ်အဆောက်အအုံ ဒီဇိုင်းဆွဲခဲ့သူ ဗိသုကာ အမည်ကို မှတ်တမ်းမတွေ့ရှိသေးပါချေ။

မြန်မာနိုင်ငံ မီးရထားလုပ်ငန်းတွင် ၁၉၄ဝ-၄၁ ခုနှစ်၌ ဝန်ထမ်း ၂၁၉ဝ၁ ဦး ရှိခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း၌ မီးရထားဌာနကို ဂျပန်များက အုပ်ချုပ်
ခဲ့ပြီး စစ်အတွင်းဖြစ်သောကြောင့် ရထားပြေးဆွဲနိုင်သည့် အဆင့်သာဆောင်ရွက်နိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မီးရထားအလုပ်ရုံများ၊ စက်ခေါင်းရုံများ၊ တံတားများ၊ ဘူတာရုံများ၊ အချက်ပြအမှတ်အသားများ၊ စက်ခေါင်းများ၊ လူစီးတွဲများနှင့် ကုန်တွဲများ အများအပြား ပျက်စီးခဲ့သည်။

ဗုံးဒဏ်ကြောင့် အင်းဝတံတား၊ ဂုတ်ထိပ်တံတား၊ စစ်တောင်းတံတား၊ ငဝန်တံတား၊ မြစ်ငယ်တံတား၊ သင်္ဃန်းကျွန်းတံတားတို့ ပျက်စီးခဲ့သကဲ့သို့ ရထားစက်ခေါင်း ၃၆၂ လုံး အနက် အလုံး ၃ဝဝ၊ လူစီးတွဲ ၁၅၃၆ တွဲအနက် ၉၅၇ တွဲ၊ ကုန်တွဲပေါင်း ၉ဝ၂၁ တွဲ အနက် ၇၁၉၇ တွဲ ပျက်စီးခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် သံလမ်းများနှင့် တံတားများကို ပြန်လည်ပြုပြင်ခဲ့ကာ ဘူတာရုံများကိုလည်း ပြန်လည်တည်ဆောက်ခဲ့သည်။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလတွင် မီးရထားစက်ခေါင်း ၈၄ ခေါင်းသာကျန်ရှိရာမှ ၁၉၄၈ ခုနှစ်ဦးတွင် စက်ခေါင်း ၂၅၅ ခေါင်းအထိ တိုးတက်လာခဲ့သည်။ လူစီးတွဲ၊ ကုန်တွဲများ ပြန်လည်ပြုပြင်မှုကို ဆောင်ရွက်ခဲ့ပြီး ဘူတာရုံများနှင့် ဆက်သွယ်ရေးအချက်ပြစနစ်များသည် စစ်ကြိုခေတ်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးနောက် စစ်ကြိုခေတ်နှင့် စစ်အတွင်းက ကျန်ရှိခဲ့သည့် ရေနွေးငွေ့စက်ခေါင်းများကို ဆက်လက်သုံး စွဲခဲ့သည်။ ယင်းစက်ခေါင်းများသည် ဆွဲအားကျဆင်းကာ ချွတ်ယွင်းလာခဲ့သဖြင့် ပြင်သစ်
နိုင်ငံ၊ အယ်စသွန် (Alsthom) ကုမ္ပဏီမှ ဒီဇယ် စက်ခေါင်း ခြောက်ခေါင်းကို ဝယ်ယူခဲ့ပြီး ရန်ကုန်-ပြည်၊ ရန်ကုန်-မုတ္တမနှင့် ရန်ကုန် မန္တလေး-လမ်းပိုင်းတို့တွင် ၁၉၅၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်မှ စတင်ပြေးဆွဲခဲ့သည်။

နောက်ပိုင်းတွင် ပြင်သစ်၊ အနောက်ဂျာမနီ၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့မှ ဒီဇယ်စက်ခေါင်းများ ဝယ်ယူခဲ့ရာ ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလအထိ မြန်မာ့မီးရထားတွင် ဒီဇယ်စက်ခေါင်း ၃၄၅ လုံး ရှိလာခဲ့ပေသည်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းတွင် မီးရထားလမ်းများကို ခေတ်အဆက်ဆက် ဖောက်လုပ်ခဲ့ရာ ၁၉၈၈ ခုနှစ် မတိုင်မီ အထိ ရထားသံလမ်းမိုင် ၂၇၉၃ မိုင် ရှိခဲ့ပြီး ၂ဝဝ၉ ခုနှစ် ဇန်နဝါရီလအထိ ရထားသံလမ်းမိုင် ၄၂၈၈ မိုင် ဖောက်လုပ်ခဲ့ကာ မီးရထားလမ်း တံတားပေါင်း ၁ဝ၂၃၆ ခုနှင့် ဘူတာရုံပေါင်း ၈၁၂ ရုံရှိလာခဲ့သည်။ ရန်ကုန်မြို့ပတ်ရထားလမ်းအား အိမ်စောင့်အစိုးရလက်ထက် ၁၉၅၈ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်တွင် စတင်ဖောက်လုပ်ကာ ၁၉၅၉ ခုနှစ် မတ်လ ၁၉ ရက်တွင် ပြီးစီးခဲ့သည်။

ယခုအခါတွင် ရန်ကုန် မြို့ပတ်ရထားများသည် ရန်ကုန်ဘူတာကြီးကို အခြေပြုလျက် ရထားအစင်းရေ ၂ဝဝ၊ အဆိုင်း ၃ဝ ဖြင့် လက်ဝဲရစ်၊ လက်ယာရစ် အသွား၊ အပြန် နေ့စဉ်ပြေးဆွဲလျက်ရှိပြီး မြို့ပတ်ရထားလမ်းတစ်လျှောက် ဘူတာ ၃၈ ခုရှိသည်။ မြို့ပတ်ရထားလမ်းပေါ်တွင် မရှိသည့် လှော်ကား၊ သန်လျင်နှင့် ရွာသာကြီးတို့သို့လည်း ရန်ကုန်ဘူတာကြီးမှ ရထားများပြေးဆွဲပေးလျက်ရှိသည်။

ရန်ကုန်-မန္တလေး မီးရထားလမ်းအဆင့်မြှင့်ရန်ကုန်-မန္တလေး မီးရထားလမ်းသည် မြန်မာနိုင်ငံ စီးပွားရေးတွင် အဓိကကျသည့် စင်္ကြံတစ်ခုဖြစ်ပြီး ယခုအခါတွင် ရထားလမ်းအဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (JICA) ၏ အကူအညီဖြင့် ဆောင်ရွက် လျက်ရှိသည်။ ပထမအဆင့်အနေဖြင့် ရန်ကုန် -တောင်ငူလမ်းပိုင်းကို အဆင့်မြှင့်မွမ်းမံမှုများ ဆောင်ရွက်ခဲ့ရာ ရထားသံလမ်းများ၊ လမ်းတံတားများ၊ အချက်ပြ မီးစနစ်များ အပါအဝင် ရထားတွဲများကိုပါ ပြောင်းလဲခဲ့သည်။
ရန်ကုန်-မန္တလေး၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည်လမ်းပိုင်းများတွင် ပြေးဆွဲနေသည့် လူစီးရထားတွဲများကို ရထားစီးနင်းနေစဉ် ခါရမ်းမှုများသက်သာ လျော့နည်းသည့် လေအိတ်တပ်ဆင်ထားသော Hybrid တွဲသစ်များဖြင့် အစားထိုးခဲ့သည်။မြန်မာနိုင်ငံတွင် လက်ရှိပြေးဆွဲနေသော မီးရထားများသည် တစ်နာရီတွင် အမြင့်ဆုံး ကီလိုမီတာ ၅ဝ အထိသာ ခရီးရောက် နိုင်သော်လည်း ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်း ပြီးစီးချိန်တွင် မီးရထားများကို တစ်နာရီလျှင် ကီလိုမီတာ ၁ဝဝ အထိ မောင်းနှင်နိုင်မည်ဖြစ်သည်။ လက်ရှိအချိန် တွင် ၁၄ နာရီ ဝန်းကျင် မောင်းနှင်ရသည့်
ရန်ကုန်မှ မန္တလေးခရီးကို ရှစ်နာရီအတွင်းရောက်ရှိနိုင်ရန် ဆောင်ရွက်လျက်ရှိရာ မီးရထားလမ်းပန်းဆက်သွယ်မှုသည် များစွာတိုးတက်လာမည်ဖြစ်သည်။မြန်မာနိုင်ငံ၏ ပထမဆုံးသော ရထားလမ်းဖြစ်သည့် ရန်ကုန်ပြည်လမ်းပိုင်းတွင် မီးရထား စတင်ပြေးဆွဲခဲ့ချိန်မှစ၍ ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ၏ မီးရထား
လုပ်ငန်းသည် ၂ဝ၁၇ ခုနှစ် မေလ ၁ ရက်တွင် နှစ် ၁၄ဝ ပြည့်မြောက်ပြီဖြစ်သည်။

ရန်ကုန်မြို့သမိုင်းနှင့် ဆက်စပ်လျက် လွန်ခဲ့သော နှစ် ၁ဝဝ ကျော်က တည်ဆောက်ခဲ့သည့် ရန်ကုန်ဘူတာရုံကြီးသည် ရန်ကုန်မြို့၏ မြို့ပြ အမွေအနှစ်တစ်ခုဖြစ်လာသကဲ့သို့ နှစ် ၁၄ဝ က ဖောက်လုပ်ခဲ့သည့် ရထားလမ်းများသည်လည်း မြန်မာ့မီးရထားသမိုင်း အမွေအနှစ် များအဖြစ် ရထားစီး ခရီးသွားပြည်သူများအား ယနေ့တိုင် အကျိုးပြုလျက်ရှိနေပေသည်။

ကိုးကား
မြန်မာ့စွယ်စုံကျမ်း အတွဲ(၃)(၅)(၉)
မြန်မာ့မီးရထား နှစ် ၁ဝဝ ပြည့်စာစောင်
ပို့ဆောင်ရေး ဝန်ကြီးဌာန Web page
(ကောင်းစည်သူ)

No comments:

Post a Comment