Latest News

Friday, April 7, 2017

မြကျွန်းသာအပန်းဖြေဥယျာဉ် ငှားရမ်းထားမှု နိုင်ငံတော်မှ တနှစ်လျှင် ကျပ် ၂၁ ဘီလီယံကျော် နစ်နာ

မြကျွန်းသာအပန်းဖြေဥယျာဉ် ငှားရမ်းထားမှု နိုင်ငံတော်မှ တနှစ်လျှင် ကျပ် ၂၁ ဘီလီယံကျော် နစ်နာ


ရန်ကုန်မြို့ရှိ မြကျွန်းသာ အပန်းဖြေဥယျာဉ်အတွင်းမှ မြေဧကများကို လုပ်ငန်းအဆောက်အဦများ ဆောက်လုပ်ရန်အတွက် ကုမ္ပဏီ ၈ ခုအား လက်ရှိငှားရမ်းထားမှုနှုန်းထားများအရ တနှစ်ကျပ် ၂၁ ဘီလီယံကျော် နိုင်ငံတော်မှ နစ်နာနေကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းအစီရင်ခံစာကို ဧပြီလ ၅ ရက်နေ့တွင် ကျင်းပသော ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက ဖတ်ကြားတင်သွင်း ခဲ့ခြင်းဖြစ်သည်။ မြကျွန်းသာအပန်းဖြေဥယျာဉ်အတွက် ကုမ္ပဏီ ၈ ခုအား မြေ ၄၂ . ၄၄၀ ဧက ငှားရမ်း ထားကြောင်း၊ ထိုသို့ ငှားရမ်းရာတွင် တင်ဒါခေါ်ယူမှုမရှိခြင်း၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်မှုကော်မရှင် MIC တို့ တင်ပြထားမှုမရှိဘဲ ငှားရမ်းထားခြင်းဖြစ်ပြီး ၁ ဧကလျှင် ကျပ် ၁.၁ သန်းနှုန်းဖြင့် ငှားရမ်းခဲ့ရာ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၅၀၆ ဒသမ ၈၈ သန်းရရှိခဲ့ပြီး ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၅၅၇ ဒသမ ၅၆ သန်း ရရှိခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။

''ငှားရမ်းရာတွင် ၁ စတုရန်းပေလျှင် တလ ၂၅ ကျပ်နှုန်းသာ ရရှိသဖြင့် ခေတ်ကာလပေါက်ဈေးနှုန်း ၁ စတုရန်းပေ တလ ကျပ် ၁၀၀၀ နှုန်းဖြင့် နှိုင်းယှဉ်ပါက တနှစ်လျှင် ကျပ် ၂၁ . ၆၂ ဘီလီယံခန့် လျော့နည်း နစ်နာလျက်ရှိပါတယ်'' ဟု စာရင်းစစ်ချုပ်ဒေါ်ခင်သန်းလှက ဖတ်ကြားတင်သွင်းခဲ့သည်။

လောလောဆယ်တွင် မြကျွန်းသာအပန်းဖြေဥယျာဉ်၏ ငှားရမ်းထားသည့်မြေများပေါ်တွင် အဆောက်အဦ များဆောက်လုပ်မှုများကို ရပ်ဆိုင်းထားခဲ့သော်လည်း အများပြည်သူလက်ခံနိုင်မှုမရှိပါက ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ်ရုံး၏ အကြံဥာဏ်များရယူ၍လိုအပ်သလို ဆက်လက်ဆောင်ရွက်သင့်ပါကြောင်း ဒေါ်ခင်သန်းလှက ပြောသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီပိုင် မြကျွန်းသာအပန်းဖြေဥယျာဉ်အား နိုင်ငံတကာအဆင့်မီ သဘာဝဥယျာဉ်ကြီး (Natural Park)အသွင်သဏ္ဌာန်ဖြစ်စေပြီး၊ အများပြည်သူအပန်းဖြေနိုင်သည့် Recreation Centre ဖြစ်ရန်၊ အများပြည်သူများ လွတ်လပ်စွာအနားယူနိုင်မည့် Relaxation Centre ဖြစ်ရန် ရည်ရွယ်၍ Inya Palace Co,.Ltd ၊ Magic Land Co,.Ltd ၊ Ryuji Co., Ltd ၊ Nay La Pwint ၊) Edin ၊  Good Shan Brother ၊ Myanmar Golder Star နှင့် Max Myanmar စသည့် ကုမ္ပဏီ(၈)ခုအား ၂၀၁၀ ခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်၍ ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

လင်းလင်းအောင်
News Watch

No comments:

Post a Comment