Latest News

Sunday, March 26, 2017

ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်ဟု WHO ထုတ်ပြန်

ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၌ ဒုတိယအများဆုံးနိုင်ငံ ဖြစ်သည်ဟု WHO ထုတ်ပြန်

မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှုများကြောင့် နေ့စဉ် ၁၁ ဒသမ ၆ ဦးနှုန်း သေဆုံးနေသဖြင့် အရှေ့တောင်အာရှနိုင်ငံများအနက် လူသေဆုံးမှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) က ထုတ်ပြန်ထားသည်။

အရှေ့တောင်အာရှနိုင်ငံများတွင် ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံးမှုအများဆုံးမှာ ထိုင်းနိုင်ငံဖြစ်သည်။ ယာဉ်မတော်တဆမှုများကြောင့် ကမ္ဘာပေါ်တွင် နေ့စဉ် လူ ၃၅၀၀ ခန့် သေဆုံးနေရပြီး ထောင်ပေါင်းများစွာသော ပြည်သူများသည် ယာဉ်မတော်တဆမှုများကြောင့် ဒုက္ခိတဘ၀သို့ ရောက်ရှိနေကြကြောင်း သိရသည်။

“ယာဉ်ကလည်း ယာဉ်စည်းကမ်းလိုက်နာရမယ်။ လမ်းအသုံးပြုသူတွေကလည်း လမ်းစည်းကမ်းလိုက်နာရမယ်။ အဓိကကအဲဒါပဲ။ သဘောက အရှေ့ကကားကို နောက်က ကားက တိုက်တယ်ဆိုရင် သတ်မှတ်ထားတဲ့ အကာအဝေးကလိုက်ပြီး ရှေ့ကားက ရုတ်တရက် ရပ်မယ်ဆို သွားမတိုက်ဘူး။ ကွေ့ကြောသမား ကွေ့ကြောက သွားမယ်။ အဲဒီလို စည်းကမ်းတွေ လိုက်နာမယ်။ သတ်မှတ်တဲ့ အရှိန်နှုန်းနဲ့ လိုက်နာမယ်ဆိုရင် ဘာမှမဖြစ်ဘူး။ လမ်း အသုံးပြုတဲ့သူတွေကလည်း ပလက်ဖောင်းပေါ်က လျှောက်မယ်။ လမ်းကူးတဲ့အခါလည်း ဘယ်ကြည့်၊ ညာကြည့်၊ ဘယ်ပြန်ကြည့်ပြီး ကူးမယ်ဆိုရပြီ။

ကျွန်တော်တို့နိုင်ငံမှာ အဓိက ယာဉ်တိုက်မှုဖြစ်တာ ဆိုင်ကယ် အက်စီးဒင့်ကြောင့်ဖြစ်တာ ပိုများတယ်။ နောက် တစ်ခုက အမြန်လမ်းမှာ ခရီးသည်ယာဉ်တွေတိုက်ရင်၊ မှောက်ရင် လူသေဆုံး၊ ထိခိုက်မှု ပိုများတယ်။ လူတစ်ယောက် ဒဏ်ရာရမယ်ဆိုရင် ဆေးရုံတက်မယ်။ ဆေးရုံတက်မယ့် လူတစ်ယောက် အနောက်မှာ မှီခိုနေတဲ့လူရှိရင် သူ့အလုပ် ပျက်သွားတဲ့အတွက် ၀င်ငွေမရှိတော့ဘူး။ ဆေးရုံတက်ရပြီဆိုတာနဲ့ သူ့မိသားစုတစ်ယောက်က လိုက်ရတဲ့အတွက် အလုပ်အကိုင်ပျက်တာ ဖြစ်မယ်။ သေသွားပြီဆိုရင်လည်း လူတစ်ယောက်ကို ဆုံးရှုံးသွားပြီပေါ့” ဟု အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှူးရုံးမှ ဒုရဲမှူး မောင်မောင်မြက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ငါးနှစ်အတွင်း ယာဉ်မတော်တဆမှု ၇၂၂၉၀ ဖြစ်ပွားခဲ့ကာ ၂၀၀၂၂ ဦး သေဆုံးခဲ့၍ ၁၂၀၁၆၃ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။

ငါးနှစ်အတွင်း ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများကြောင့် လူသေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိမှုများတွင် ဆိုင်ကယ်ကြောင့် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုမှာ ၃၀၇၃၀ ဖြင့် အများဆုံးဖြစ်ပြီး ကားကြောင့် ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုမှာ ၂၀၉၃၂ မှုဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ယာဉ်မတော်တဆမှု အများဆုံးဖြစ်ပွားသည့်ဒေသမှာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ ဖြစ်ပြီး ယာဉ်မတော်တဆမှု အနည်းဆုံးဖြစ်ပွားသည့်ဒေသမှာ ကယားပြည်နယ်ဖြစ်ကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment