UNFC မှ အဖွဲ့ဝင် ငါးဖွဲ့ NCA လတ်မှတ် ရေးထိုးတော့မည် ဟု ဆို
မတ်၊ ၃၀၊ ရန်ကုန်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ ဝင် ငါးဖွဲ့ဟာ တနိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် (NCA) မှာ လတ်မှတ် ရေးထိုးဖို့  လက်မှတ် ရေးထိုးတော့မှာ ဖြစ်တယ်လို့  သိရပါတယ်။
UNFC အဖွဲ့ ဝင်တွေ အနက်က ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC) ၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) နဲ့  ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ဟာ အပစ်ရပ် စာချုပ်မှာ လတ်မှတ် ရေးထိုးတော့မှာလို့  ပြောနိုင်ပြီ ဖြစ်တယ်လို့  မွန်ပြည်သစ် ပါတီ NMSP မှ ဗဟို အလုပ်မှုဆောင် အဖွဲ့ ဝင် ပြည်တွင်း ရေးရာ တာဝန်ခံ နိုင်ဝင်းလှ က ပြောပါတယ်။
” NCA လမ်းကြောင်း အတိုင်း လိုက်မယ် ဆိုတဲ့ ကျွန်တ်ာတို့ နဲ့  အမြင် နီးစပ်တဲ့အဖွဲ့  အဖွဲ့တွေ ရှိပါတယ်။ ကျန်တဲ့ KIO နဲ့ SSPP က သူတို့ က ပန်ခမ်း ကြေညာချက် မှာလည်း ပါဖူးတော့ သူတို့ သဘောထားကို ယတိပြက် ပြောလို့  မရပါဘူး။ အစိုးရနဲ့  DPN အဖွဲ့ နဲ့  ဆွေးနွေး ရသလောက် ဆိုရင် ရှင်းရှင်းလင်းလင်း သိရသလောက် တော့ ငါးဖွဲ့ လောက်တော့ လက်မှတ် ထိုးမယ်လို့ ကျွန်တော်တို့  ပြောနိုင်ပါတယ်။ ” လို့  နိုင်ဝင်းလှက ပြောပါတယ်။
သူက ဆက်ပြီး ” မေလမှာ UNFC က အစည်းအဝေး လုပ်မယ်။ အဲဒီမှာလည်း UNFC အဖွဲ့ ထဲက ငြိမ်းချမ်းရေး လမ်းကြောင်း အတိုင်း သွားမယ့် အဖွဲ့ တွေ ရှိတယ်။ အတူတကွ စုံလင်အောင် ဆက်လက် ပြီးတော့ ညှိနိုင်း သွားမယ်။ အတူတကွ လတ်မှတ် ထိုးကြမယ်ပေါ့။” လို့  ဆိုပါတယ်။
ဒါပေမယ့် လက်ရှိအချိန် အထိတော့ ကချင် လွတ်လပ်ရေး တပ်မတော်၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIA / KIO) နဲ့  ရှမ်းပြည် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP / SSA) တို့ ဟာ NCA လမ်းကြောင်း အတိုင်း လျှောက်မလား၊ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်ကို နည်းလမ်းသစ်နဲ့  ချဉ်းကပ်မလား ဆိုတာကိုတော့ မေလမှာ ကျင်းပမယ့် UNFC ညီလာခံ ပြီးမှသာ ရှင်းရှင်း လင်းလင်း သိရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အစိုးရဘက်၊ တပ်မတော်ဘက်က အားလုံး ပါဝင်ချင်အောင် မလုပ်ဘဲ စစ်ရေးနည်းနဲ့  ဖိအားပေး နေရင်တော့ ငြိမ်းချမ်းရေးက ဝေးသွားဖို့ ပဲ ရှိနေတာ ကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တွေ အားလုံး အတွက် လမ်းဖွင့် ပေးထားဖို့  လိုအပ်တယ် လို့ နိုင်ဝင်းလှ က ပြောပါတယ်။
” ကျွန်တော်တို့ UNFC ထဲမှာ ပါဝင်တဲ့ အဖွဲ့ တွေပေါ့။ ပန်ခမ်း ကြေညာချက် အတိုင်း အကောင်အထည် ဖော်မလား။ NCA လမ်းကြောင်း အတိုင်း လျှောက်မလား ဆိုတာ သူတို့ ဘက်မှာလည်း ကွဲကွဲပြားပြား မရှိသေး ပါဘူး။ လာမယ့် မေလ ညီလာခံကြမှသာ သူတို့ ရဲ့ အဖြေကို သိရမှာပါ။ ကျွန်တော်တို့ အနေနဲ့လည်း သူတို့ကို နားလည်ပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ကျွန်တော်တို့ အားလုံးဟာ NCA လမ်းကြောင်း အတိုင်း လျှောက်မယ်ဆိုပြီး ပါဝင်လာခဲ့တဲ့ အဖွဲ့ တွေ ဖြစ်ပါတယ်။ ” လို့ နိုင်ဝင်းလှ က ပြောပါတယ်။
UNFC အဖွဲ့ဝင်တွေ ထဲက NCA မထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့တွေ ကတော့ ကချင် လွတ်လပ်ရေး တပ်မတော်၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIA / KIO)၊ ရှမ်းပြည် တပ်မတော်၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP / SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ် ပါတီ (NMSP)၊ ရခိုင် အမျိုးသား ကောင်စီ (ANC)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)နဲ့  ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO) တို့ ဖြစ်ပါတယ်။
”မြောက်ပိုင်း အဖွဲ့ အားလုံး ပါဝင်နိုင်ရေး မူကို ဆုပ်ကိုင် ခဲ့ပြီး လက်မှတ် မထိုးဖြစ်ခဲ့တာပါ။ တပ်မတော် ဘက်က၊ အစိုးရ ဘက်က ပါဝင်ခွင့် မပေးတော့ သူတို့ ပါဝင်ခွင့် မရခဲ့ဘူးလေ။ အခု နောက်ဆုံးမှာက အဲဒီ ပါဝင်ခွင့် မရခဲ့တဲ့ အဖွဲ့ တွေ ကိုယ်တိုင်က NCA လမ်းကြောင်း မဟုတ်ဘဲ တခြား လမ်းကြောင်းနဲ့  ငြိမ်းချမ်းရေးကို ဖော်ဆောင်မယ် ဆိုတဲ့ သဘော ရရှိလာတော့လည်း ကျွန်တော်တို့ လည်း အားလုံး ပါဝင်ရေးမူကို ဆက်လက် ကိုင်စွဲလို့  မရခဲ့ဘူးပေါ့နော်။ ဒါ့ကြောင့် UNFC ထဲမှာ ရှိတဲ့ NCA လမ်းကြောင်း အတိုင်း သွားမယ် ဆိုတဲ့ အဖွဲ့တွေနဲ့ အတူတကွ လတ်မှတ် ထိုးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။” လို့  နိုင်ဝင်းလှ က ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို သွားရောက်ကာ ကချင်လူထု ခေါင်းဆောင်များနဲ့ တွေ့ဆုံပြီး ကေအိုင်အေ ကို NCA ထိုးဖို့ ၀ိုင်းဝန်း တိုက်တွန်းပေးဖို့ ပြောဆိုခဲ့ပါတယ်။
ချမ်းသာ (Kumudra)
Thursday, March 30, 2017
UNFC မှ အဖွဲ့ဝင် ငါးဖွဲ့ NCA လတ်မှတ် ရေးထိုးတော့မည် ဟု ဆို
UNFC မှ အဖွဲ့ဝင် ငါးဖွဲ့ NCA လတ်မှတ် ရေးထိုးတော့မည် ဟု ဆို
Reviewed by Ar Ti
on
7:03 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment