Latest News

Saturday, March 4, 2017

TNLA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်၊ လမ်းလုပ်သား ၃ ဦး ဒဏ်ရာရ

TNLA နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်၊ လမ်းလုပ်သား ၃ ဦး ဒဏ်ရာရ

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မိုင်းယုလေး ကျေးရွာအနီးမှာ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နဲ့ အစိုးရတပ်မတော်တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အော်ရီယန်တယ် ဟိုင်းဝေး ကုမ္ပဏီက လမ်းပြုပြုင်ရေးလုပ်ကိုင်နေတဲ့ လမ်းလုပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လမ်းလုပ်သားတွေနေထိုင်တဲ့ အဆောက်အအုံအပေါ်ကို လက်နက်ကြီးကျတာကြောင့် ဒဏ်ရာရသွားတာဖြစ်တယ်လို့  အော်ရီယန်တယ် ဟိုင်းဝေး ကုမ္ပဏီရဲ့ လမ်းစီမံကိန်း တာဝန်ခံတစ်ဦး က ပြောပါတယ်။

ဒဏ်ရာရသူတွေထဲက ဦးခေါင်း၊ ခြေထောက်နဲ့  လက်တွေမှာ ဒဏ်ရာအပြင်းအထန် ရထားသူတစ်ဦးဟာ တပ်မတော်စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေပြီး ၀မ်းဗိုက်၊ တင်ပါးနဲ့  လက်တွေမှာ ဒဏ်ရာရရှိထားတဲ့ ကျန်အလုပ်သမားနှစ်ဦးကတော့ လားရှိုးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာနားက တပ်မတော်ရဲ့ တပ်မ (၃၃)နဲ့ ပန်ဆေးပြည်သူ့စစ်အဖွဲ့ရဲ့ အခြေစိုက်စခန်းကို TNLA တပ်တွေက ဒီကနေ့ မနက် ၃ နာရီ ခွဲလောက်မှာ ၀င်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မနက်ဖြန်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး TNLA ရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က အခုလိုပြောပါတယ်။

"ဒီတပ်မ ၃၃ က အဲဒီမှာ ပြန်ရောက်ပြီးမှ စခန်းချတယ်။ အခု ပန်ဆေး ပြည်သူ့စစ်အဖွဲ့နဲ့ ပူးပေါင်းပြီးမှ သူတို့ စခန်းချနေတယ်။ စခန်းချနေတဲ့ အတောအတွင်းမှာ အဲဒီဒေသမှာရှိတဲ့ လူထုတွေကို သွားလာမှုတွေကို ဖမ်းဆီးမှုတွေ၊ ရိုက်နှက်မှုတွေ မကြာခဏ ပြုလုပ်တယ်။ အဲဒီဒေသက လူထုတွေ ဆန်တို့ ဆီတို့ သယ်ရင်တောင် သူတို့က ကန့်သတ်ပိတ်ပင်မှုတွေရှိတယ်။ ပြီးခဲ့တဲ့ တစ်လ နှစ်လကဆိုရင် ဆန်တစ်ပြည်ခွဲ၊ နှစ်ပြည် အဲဒီပုံစံပဲ သယ်ခွင့်ရှိတယ်။ ဆီဆိုရင်တော့ ရေသန့်ဘူး တစ်ဘူးစာပဲ သယ်ခွင့်ရှိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့  ဒီစခန်းကို ပြန်ပြီးတော့ ရှင်းလင်းရတာ ဖြစ်တယ်"

အဲဒီ တိုက်ပွဲဟာ ၂ နာရီခွဲလောက် ကြာမြင့်ခဲ့ပြီး အခုအချိန်မှာ TNLA တပ်တွေ ပြန်လည်ဆုတ်ခွာခဲ့ပြီ ဖြစ်တယ်လို့ ပြောပါတယ်။

လမ်းအလုပ်သမားတွေရဲ့ အဆောက်အအုံပေါ် ကျရောက်တဲ့ လက်နက်ကြီးကိုတော့ ဘယ်အဖွဲ့က ပစ်ခတ်တာလဲဆိုတာ မသိရဘူးလို့  လမ်းလုပ်သားတွေက ပြောပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ဟာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ပေါင်းစုအဖွဲ့ဝင်ဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

Photo: Kan Thar/RFA

(ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ် မိုင်းယုလေး ကျေးရွာအနီးမှာ TNLA နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲကြောင့် ဖေဖော်ဝါရီလ ၄ ရက်နေ့က လမ်းလုပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရှိတာကို တွေ့ရစဉ်)

No comments:

Post a Comment