ရာသက်ပန် အာဏာ ယူသွားမည်မဟုတ် ပြည်သူ့ အကျိုးပြုနိုင်မည့် သူများထံ လွှဲပြောင်းပေးမည်ဟု NLDဆို
NLD ပါတီအနေနှင့် ရာသက်ပန် အာဏာယူသွားမည် မဟုတ်ဘဲ ဒီမိုကရေစီ နှင့် နိုင်ငံသားအခွင့်အရေး အမြစ်တွယ် လာချိန်တွင် ပြည်သူ့အကျိုးပြုနိုင်မည့် ပုဂ္ဂိုလ်များထံ လွှဲပြောင်းပေးသွားမည် ဖြစ်ကြောင်း ဗဟို အလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းမြင့်က ပြောကြားသည်။
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ NLD ပါတီ အောင်နိုင်ရေးအတွက် မတ်လ ၂ ရက် နံနက်ပိုင်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်၌ ပြုလုပ်သော မဲဆွယ်ဟောပြောပွဲ၌ ゞငက ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ အဆိုပါ စည်းရုံးရေး၌ ပြည်သူ တစ်ထောင်ခန့် တက်ရောက်ခဲ့သည်။
“ကျွန်တော်တို့က အချုပ်အခြာ အာဏာကို ပြည်သူလူထုလက်ထဲ နှစ်ပေါင်းများစွာ ထည့်ချင်တယ်။ ကျွန်တော်တို့ NLD က ရာသက်ပန် သေတဲ့အထိ ဒီအာဏာကို အာဏာရှင်ဆန်ဆန် ယူသွားမယ်ဆိုတဲ့ စိတ်ဓာတ်မျိုး လုံးဝ မရှိဘူး”ဟု ၎င်းကဆိုသည်။
ပြည်သူလူထု၏ အချုပ်အခြာ အာဏာ ဒီမိုကရေစီကျင့်စဉ် ရရှိပြီး ပြည် သူလူထုလက်ထဲ၌ လုပ်ပိုင်ခွင့်အာဏာ အမှန်တကယ် ရရှိ၍သော်လည်းကောင်း၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အုတ်မြစ် အမှန်တကယ်ရရှိပြီး လူ့အခွင့်အရေး မျိုးစေ့များ ချပြီး၍သော်လည်းကောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး မီးရှူးကို နိုင်ငံသား အားလုံး ထွန်းညှိပြီးပါက ပြည်သူအတွက် အနစ်နာခံမည့် မည်သည့်အဖွဲ့အစည်းကိုမဆို ပြည်သူကျေနပ်လျှင် လွှဲပြောင်းပေးရမည်ဟု ဦးဝင်းမြင့်က ဆိုသည်။
အလားတူ NLD နာယက ဦးတင်ဦးက ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ တည်ဆဲဥပဒေများကို လိုက်နာကြရန် သတိပေး ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
“နိုင်ငံရဲ့ကောင်းကျိုးကို လုပ်ဆောင်နေတဲ့ပါတီလို့မြင်တယ်။ ရှေ့ဆက်ပြီး အပြောင်း အလဲတွေ ရှိဦးမယ်လို့လည်း ယုံကြည် တယ်။ ဒေါ်အောင်ဆန်းစုကြည် ရယ်ဆိုပြီးတော့ မဟုတ်ပါဘူး။ ပါတီကို ယုံကြည်တာပါ”ဟု ဟောပြောပွဲတက် ရောက်လာသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ၉၄ ရပ်ကွက်တွင် နေထိုင်သူ မသော်တာက ပြောသည်။
ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ လစ်လပ်မဲဆန္ဒနယ်မြေများ၌ NLD ပါတီ၏ စည်းရုံးရေး တာဝန်များကို ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် ရန်ကုန် တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီမှ ထုတ်ပြန်ထားသည်။
ရွှေဖူးခင်
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment