Latest News

Saturday, March 4, 2017

ကိုယ်ပိုင် iPhone အက်ပလီကေးရှင်းရေးလိုက်တဲ့ အသက် ၈၁ နှစ်အရွယ် ဂျပန်အဖွားအို

ကိုယ်ပိုင် iPhone အက်ပလီကေးရှင်းရေးလိုက်တဲ့ အသက် ၈၁ နှစ်အရွယ် ဂျပန်အဖွားအို

အတတ်ပညာသစ် တစ်ခုခုကို သင်ဖို့ အရမ်းနောက်ကျနေပြီလား။

အက်ပလီကေးရှင်းတစ်ခု ရေးသားဖန်တီးဖို့ ဆိုတာ တော်ရုံတန်ရုံလူတွေအနေနဲ့ ဘယ်လိုမှ မစဉ်းစားနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒီအတတ်ပညာကို နည်းပညာရှင်များပဲ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ သို့ သော်လည်း ကွန်ပျူတာကို သုံးလပဲ သင်ကြားခဲ့ဖူးတဲ့ အသက် ၈၁ နှစ်အရွယ် အဖွားအိုတစ်ယောက်ကတော့ သက်ကြီးရွယ်အိုများ ဆော့ဖို့ iOS ဂိမ်းအက်ပလီကေးရှင်းတစ်ခုကို ကိုယ်တိုင် ရေးသားလိုက်ပါတယ်။

ဂျပန်နိုင်ငံမှ အသက် ၈၁ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဘဏ်ဝန်ထမ်းတစ်ဦးဖြစ်သူ မာဆာကို ဝါကာမိရ ဆိုတဲ့ အမျိုးသမီးကြီးဟာ သူမတို့ အရွယ် အဖိုးအဖွားများ အတွက်  ရည်ရွယ်ပြီး ဂိမ်းအက်ပလီကေးရှင်းတစ်ခုကို ရေးဆွဲလိုက်တာ ဖြစ်ပါတယ်။ "အသက်ကြီးလာပြီ ဆိုတော့ လက်ချောင်းတွေက အမြန်မရွှေ့ နိုင်တော့ဘူးလေ ။ ဒီတော့ လူငယ်တွေနဲ့ ယှဉ်ပြီး ဂိမ်းဆော့ရင် လွယ်လွယ်လေးနဲ့ ရှုံးရှုံးသွားတယ်။" လို့  ဝါကာမိရက CNN သတင်းဌာနကို ပြောပြပါတယ်။ ဒီအငြိမ်းစားဘဏ်ဝန်ထမ်း အမျိုးသမီးကြီးဟာ သက်ကြီးပုဂ္ဂိုလ်များအတွက် ဂိမ်းများ ဖန်တီးပေးဖို့ နည်းပညာရှင်တော်တော်များများကို အကူအညီတောင်းခံခဲ့ပေမယ့် ဘယ်သူမှ သူမ စကားကို စိတ်မဝင်စားခဲ့ကြပါဘူး။ ဒါနဲ့ ကိုယ့်ဘာသာ ရေးဆွဲလိုက်တာ ဖြစ်ပါတယ်။ သူမရဲ့ အသက်တစ်ဝက်လောက်ပဲ ရှိတဲ့ လူတော်တော်များများတောင် ဒါမျိုး လုပ်ဖို့ စိတ်ကူးမိမှာ မဟုတ်ပေမယ့် သူမကတော့ စမတ်ဖုန်းကို စိတ်ဝင်စားကြတဲ့ သက်ကြီးရွယ်အိုများအတွက် စိတ်ဝင်စားစရာအက်ပလီကေးရှင်းတစ်ခုကို ခြောက်လလောက် အချိန်ယူပြီး ရေးဆွဲခဲ့ပါတယ်။
ဝါကာမီရဟာ အသက် ၆၀ အရွယ်မှာ စပြီး ကွန်ပျူတာ သုံးခဲ့တာပါ ။ သူမရဲ့ မိခင်ကို စောင့်ရှောက်ရင်း အပြင်မထွက်ဖြစ်တဲ့ အချိန်များကို အကျိုးရှိရှိ အသုံးချဖို့ အတွက် ကွန်ပျူတာပညာ သင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနောက်ပိုင်း ကွန်ပျူတာနဲ့ ဝေးသွားခဲ့တယ်လို့ ဆိုပါတယ်။ ၂၀၁၄ ခုနှစ် တိုကျိုမှာ ကျင်းပတဲ့ နည်းပညာ ဖျော်ဖြေရေး နဲ့ ဒီဇိုင်း ကွန်ဖရင့် TEDx conference ပွဲကို တက်ရောက်ခဲ့စဉ်မှာ ဝါကာမီရဟာ နှစ်ပေါင်း ၂၀ ကြာဝေးကွာခဲ့တဲ့ ကွန်ပျူတာကို ပြန်လေ့လာခဲ့ပါတယ်။ သုံးလလုံးလုံး ကွန်ပျူတာနဲ့ လက်ပွန်းတတီး နေရင်း အွန်လိုင်းကနေ နည်းပညာများကို ပြန်သင်ခဲ့တဲ့အကြောင်း ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

နောက်ပိုင်းမှာ Silver club လို့ ခေါ်တဲ့ အဖွဲ့ နဲ့ ချိတ်ဆက်မိပြီး အင်တာနက် သုံးနည်းကို လေ့လာခဲ့ပြီး တစ်ခြား သက်ကြီးရွယ်အိုများ နဲ့ အွန်လိုင်းကနေ ဆက်သွယ်မိခဲ့ပါတယ်။ silver အဖွဲ့ သားများနဲ့ စကားအများကြီး ပြောဖြစ်တဲ့ ဝါကာမီရဟာ အပျိုကြီးတစ်ဦးလည်း ဖြစ်ပါတယ်။ မတ်လအစောပိုင်းမှာ ကျင်းပမြဲ ဖြစ်တဲ့ ဂျပန်ရိုးရာပွဲတော် ဟီနာမတ်ဆုရီ (အရုပ်များနေ့ ) ကို အခြေခံထားတဲ့ သူမရဲ့ iOS ဂိမ်းအက်ပလီကေးရှင်း Hinadan  ကို ရေးဆွဲခဲ့ပါတယ်။ ဟီနာမတ်ဆုရီ ပွဲတော်အတွင်းမှာ ရှေးခေတ်ဂျပန် ရိုးရာဝတ်စုံဝတ်ထားတဲ့ ဂျပန်ဧကရာဇ်နဲ့ သူ့ ရဲ့ မှုးမတ်ပရိသတ်အရုပ်များ ကို တင်ဆက်ပြသကြပါတယ်။ ဝါကာမီရရဲ့ အက်ပလီကေးရှင်းထဲမှာ ဂိမ်းကစားသူဟာ အရုပ်လေးများကို အလှဆင်ပေးပြီး ဟီနာမတ်ဆုရီပွဲမှာ သူ့ နေရာနဲ့ သူ ထားပေးရမှာ ဖြစ်ပါတယ်။

ဒီဂိမ်းကစားဖို့ ပညာရှင် pro ဖြစ်စရာမလိုပါဘူး။ ကိုယ့်မှာသာ ဖန်တီးဥာဏ်ရှိရင် ဝင်ပြီး ဆော့လို့ ရသလို ကစားနည်းတွေတောင် စိတ်ကြိုက်ဖန်တီးနိုင်မယ်လို့ သူမက ဆိုပါတယ်။အခုဆိုရင် ဝါကာမီရဟာ ဂျပန်ဘာသာနဲ့ ကွန်ပျူတာသင်တန်းပေးနေသလို ဘလော့ဂ်များလည်း ပုံမှန်ရေးနေပါတယ်။ Hinadan ဟာ သူမရဲ့ ပထမဆုံး iOS app ဖြစ်ပြီး နောက်လည်း ထပ်ရေးသွားဖို့ ရှိပါတယ်။ သူမရဲ့စကားတစ်ခွန်းက သူမရဲ့ စိတ်အားထက်သန်မှုနဲ့ ရိုးသားပွင့်လင်းမှုကို ဖော်ပြနေပါတယ်။


"ကျွန်မမှာ စိတ်ကူးစိတ်သန်းတွေ အများကြီး ရှိပါတယ်။ အက်ပလီကေးရှင်းသစ်တွေလည်း ထပ်ပြီး ဖန်တီးချင်ပါတယ်။ ဒါပေမယ့် ကျွန်မရဲ့ ပရိုဂရမ်ရေးသားမှု အတတ်ပညာက အကောင်းကြီး မဟုတ်လို့ ဆက်ပြီး တိုးတက်အောင် အချိန်ပေးလေ့လာဖို့ လိုနေသေးပါတယ်။" တဲ့။
အတတ်ပညာသစ် တစ်ခုခုကို သင်ဖို့ အရမ်းနောက်ကျနေပြီလို့ ကိုယ့်ကိုယ်ကို ထင်နေတယ်ဆိုရင် အသက် ၈၁ နှစ် အရွယ်အဖွားအိုတစ်ဦးရဲ့ စွမ်းဆောင်ရည်ကို သတိရစေချင်ပါတယ်။


Duwun

No comments:

Post a Comment