Latest News

Wednesday, March 29, 2017

အမျိုးသမီးတစ်ဦးနှင့် စကားပြောနေစဉ် လိုက်လာပြီးရန်တွေ့သည့် ဇနီးကို ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုး

အမျိုးသမီးတစ်ဦးနှင့် စကားပြောနေစဉ် လိုက်လာပြီးရန်တွေ့သည့် ဇနီးကို ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုး


ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီပေါ်၌ အမျိုးသမီးတစ်ဦးနှင့် ချိန်းဆိုစကားပြောနေစဉ် လိုက်လာပြီး ရန်တွေ့သည့် ဇနီးသည်ကို ခင်ပွန်းက ဓားဖြင့်ထိုးမှုဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့၊ အမှတ်(၁)ရဲစခန်းမှ သိရှိရသည်။

ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ အနောက်ဘက်မုဒ်၊ ဗောဓိညောင်ပင်အောက်၌ မတ် ၂၉ ရက်၊ နံနက် (၇း၀၀) နာရီတွင် အသက်(၂၀)အရွယ် ခင်ပွန်းက အခြားအမျိုးသမီးတစ်ဦးနှင့် စကားပြောနေစဉ် အသက်(၂၅)နှစ် အရွယ်ဇနီးက ဘုရားပေါ်လိုက်လာသဖြင့် စကားများရန်ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုစဉ် ခင်ပွန်းဖြစ်သူက အရိုးအသွား(၁၀)လက်မခန့်ရှိသောဓားဖြင့် ဇနီးကိုထိုးခဲ့ရာ ဒဏ်ရာရရှိသဖြင့် ပဲခူးဆေးရုံ သို့ တက်ရောက်ကုသခဲ့ရပြီး နယ်ထိန်းရဲတပ်ဖွဲ့မှ ခင်ပွန်းဖြစ်သူကို လိုက်လံဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ကောင်လေးက ဆိုင်ကယ်ကယ်ရီ မောင်းပါတယ်။ ဖေ့စ်ဘုတ်မှာ ကောင်မလေးတစ်ယောက်နဲ့ငြိပြီး ဘုရားပေါ်မှာ ချိန်းတွေ့တာ။ ဇနီးလုပ်သူက လိုက်လာပြီးတွေ့တော့ ယောကျာင်္းလုပ်သူက စိတ်ဆိုးပြီး အသင့်ပါလာတဲ့ဓားနဲ့ ထိုးလိုက်တာပါ။ တရားခံကတော့ ရွှေသာလျောင်းဘုရား ဆိုင်ကယ်ကယ်ရီဂိတ်မှာ မိတာပါ။ ဇနီးဖြစ်သူက အတွင်းလူနာအဖြစ် ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။”ဟု ပဲခူးမြို့၊ အမှတ်(၁)ရဲစခန်းမှစခန်းမှူး ရဲမှူးနိုင်စိုးက ပြောသည်။

လက်ရှိတွင် ခင်ပွန်းဖြစ်သူအား ပဲခူးမြို့၊ အမှတ်(၁)ရဲစခန်းမှ (ပ)၆၆၆/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၂၆ ဖြင့် အမှု ဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မျိုးမြတ် (မြစ်မခ)

No comments:

Post a Comment