အမျိုးသားရေး ဘယ်လိုလုပ်မလဲ....
***
စိတ်ထဲ ဖုတုတုတော့ ဖြစ်နေတာ ကြာပါပြီ။
ဟိုတလောကပေါ့...။
အလုပ်ထဲမှာ အမျိုးသမီးတယောက်က ဘယ်လိုကြည့်ကြည့် မြန်မာရုပ်၊ မြန်မာရုပ်ဆိုတာက ကချင်၊ကယား၊ ကရင်၊... ... အစရှိတဲ့ တိုင်းရင်းသား တခုခုရဲ့ ရုပ်...။ ဒါပေမယ့် သူ့နာမည်ရဲ့ Last name က အာမက်....တဲ့။
***
တခါကလဲ ကားလိုင်စင်အတွက် စကားပြန်လုပ်ဖို့ အသွားမှာ ကားပေါ်ကို ခေါင်းမြီးခြုံနဲ့ အမျိုးသမီးတက်လာတယ်။ ဘေးက သူ့ယောက်ျားက မုတ်ဆိတ်ရှည်ရှည်၊ ခန္ဓာကိုယ် တုတ်ခိုင်ခိုင်နဲ့ ရာကွတ်ဘိုင် တယောက်။
ခေါင်းမြီးခြုံပေမယ့် မြင်နေရတဲ့ မျက်နှာနဲ့ ပြောနေတဲ့ စကားသံက လုံးဝ တိုင်းရင်းသားရုပ်၊ တိုင်းရင်းသား အသံ...။
စိတ်ထဲကနေ "အစ်မရယ်..." လို့သာ တိုးတိုးလျလျ ညည်းနိုင်ခဲ့တဲ့ အဖြစ်...။
***
တနေ့ကတော့ အလုပ်ထဲမှာ မျက်မှန်းတန်းနေတဲ့ တခြား Shift က အမျိုးသမီး တယောက်က အနားကို လာပြီး...
"အစ်ကိုကြီး...၊ ကျွန်မမှာ ဆေးရုံမှာ ဆေးစစ်ဖို့အတွက် အပွိုင့်မန့် ရှိနေလို့ အလုပ်ကို သုံးရက်လောက် ပျက်နိုင်တာ ကူညီပြီး စကားပြန်ပေးပါလား"
သိပ်မခက်ခဲလှတဲ့ ကိစ္စမို့ စကားပြန်ပေးပြီးတော့ ရုံးခန်းထဲက ပြန်အထွက်မှာ မန်နေဂျာက လှမ်းပြောလိုက်တဲ့ စကားကြောင့် လူက တွန့်ခနဲ ဖြစ်သွားတယ်။
"ခင်ဗျား ယောက်ျား မိုဟာမက်ရော အဲဒီနေ့တွေ အလုပ်ဆင်းနိုင်ပါ့မလား" ...တဲ့။
အမျိုးသမီးလေး မျက်နှာကို အလန့်တကြားနဲ့ ဖြတ်ခနဲ ကြည့်မိလိုက်တော့ ရင်ထဲမှာ နှမျောတသစိတ်နဲ့ ကျင်ခနဲ...။
***
"အမေရိကားကို လာချင်တော့ ယူအင်န်လက်မှတ်ရထားတဲ့ အဲဒီလူနဲ့ ယူပြီး လိုက်လာတာလေ၊ မလေးရှားမှာကလဲ ခိုကိုးရာက မဲ့သလို ဖြစ်နေတော့..."
"ဒီလိုပါပဲ...၊ ညီမမှာ ဘယ်သူ့ကို မှီခိုရမှန်း မသိတဲ့အချိန် သူနဲ့ တွေ့ခဲ့တာပေါ့..."
ခင်ခင်အာမက်...။
လှလှမိုဟာမက်...။
အလီမာလာရာကွတ်...။
ရောနှောပစ်ခံလိုက်ရတဲ့ မြန်မာနာမည် လှလှလေးတွေ...။ ပြီးတော့ ...၊ ပြီးတော့...။
***
သို့သော် ဒါတွေကို မြင်တော့ ကျွန်တော်တို့က အများအခေါ် "ကုလားကို မုန်းကွ၊ ချကွ၊ သတ်ကွ" ဆိုတာမျိုးတွေ "မွတ်စလင် ဘာသာဆိုတာ ဟောသလို ဟောသလိုကို ဆိုးလွန်းပါတယ် ခင်ဗျ" ဆိုတဲ့ ဘာသာရေး အမုန်းစကားတွေ ပြောနေဖို့ မဟုတ်ပါဘူး။ အဲဒါတွေက တကယ့် အမျိုးသားရေး မဟုတ်ပါ။ ဒါဟာ အမျိုးဘာသာ သာသနာကို ကာကွယ်ဖို့ အဖြေကောင်းတခု လုံးဝ မဟုတ်ပါဘူး။
ကိုယ့်အမျိုး၊ ကိုယ့်ဘာသာကို တကယ်ချစ်တယ် ဆိုရင် ကိုယ့်လူမျိုးတွေ အသိဉာဏ် တိုးတက်စေဖို့၊ လုံခြုံတဲ့ ဘ၀တခုကို ရနေစေဖို့ ကိုယ့်လူမျိုး အချင်းချင်း ဖေးမ ကူညီနေဖို့သာ လိုအပ်ပါတယ်။
ခြံစည်းရိုးကတော့ ကာသင့်တာ အမှန်ပါပဲ။ ဒါပေမယ့် ခြံစည်းရိုးကာချင်ဟန်ဆောင်ပြီး ရမ်းကား ရန်စောင်ဖို့တော့ သိပ်မလိုအပ်ပါဘူး။
အမျိုးသားရေးစိတ် အစစ်ဆိုတာဟာ ကိုယ့်အမျိုးနဲ့၊ ကိုယ့်ဘာသာတရား တိုးတက် ထွန်းကားရေးကိုသာ တစိုက်မတ်မတ် ဆောင်ရွက်တာလို့ ခံယူပါတယ်။ ကိုယ့်လူမျိုးဘ၀ကို မြှင့်တင်ပေးနိုင်ဖို့က အဓိကပါ။ ကိုယ့်ဘာသာတရား အားကောင်းနေဖို့သာ လိုရင်းပါ။ သူများဘာသာကို ရန်လိုဖို့တော့ မဟုတ်ပါဘူး။
***
သူတို့တွေနောက် ပါသွားတဲ့ မြန်မာ့အမျိးကောင်းသမီးလေးတွေ ထပ်မပါစေဖို့ အတွက်ကတော့ ကျွန်တော်တို့အတွက် မှန်ကန်တဲ့ အမျိုးသားရေး အသိ၊ သတိတော့ ရှိဖို့ လိုနေတာ အမှန်ပါပဲ။
လူတယောက်ရဲ့ အခြေခံ လွတ်လပ်ခွင့်အရ သူ့သဘောနဲ့သူ ချစ်လို့ပဲယူယူ၊ အားကိုးလို့ပဲ ယူယူ ကျွန်တော်က ၀င်ပြော၊၀င်စွက်ခွင့် မရှိပေမယ့် နှမျောတာကကတော့ နှမျောတာပဲ မဟုတ်လား။
***
ကလိုစေးထူး
မတ်လ ၄ ရက်၊ ၂၀၁၇ ခုနှစ်။
ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၇ မိနစ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment