Latest News

Tuesday, March 28, 2017

မျက်နှာဖုံးသတင်း

မျက်နှာဖုံးသတင်း

မနက်တိုင်း လူတစ်ယောက်သည် သတင်းစာရောင်းသည့်ဆိုင်ကို အစောဆုံး ရောက်လာလေ့ရှိသည်။

သတင်းစာ ဖြန့်ချိသူ ရောက်မလာသေးလည်း သူက စိတ်ရှည်သည်းခံပြီး ထိုင်စောင့်နေလေ့ရှိသည်။

သတင်းစာအရောင်းသမားက ဆိုင်ဖွင့်သည်။ သူက

“သတင်းစာတစ်စောင်ပေးပါ”

“၁၀၀ ကျပါတယ်”

ထိုသူက ပိုက်ဆံထုတ်ပေးပြီး သတင်းစာကို တစ်ချက်ပဲကြည့်လိုက်သည်။ ပြီးတော့ ဘေးရှိ အမှိုက်ပုံးထဲ ပစ်ထည့်သွားလေ့ရှိသည်။

ထိုသို့ နေ့တိုင်း လုပ်နေသည့်အခါ သတင်းစာရောင်းသူက စိတ်ဝင်စားလာပြီး တစ်နေ့တွင်

“ဦးလေး … ဦးလေး က ကျွန်တော့်ဆီမှာ နေ့တိုင်း သတင်းစာဝယ်တယ်”

“အေးလေ … အဲဒါ ဘာဖြစ်သလဲ”

“သတင်းစာ မျက်နှာဖုံးကို တစ်ချက်တည်းကြည့်ပြီးတော့ အမှိုက်ပုံးထဲ ပစ်ထည့် သွားတယ်။ ဘာဖြစ်လို့လဲ”

“မင်းတို့ အစိုးရသတင်းစာက တစ်ချက်ကြည့် ၁၀၀ ပဲတန်တယ်”

“ဦးလေးရယ် သတင်းစာရောင်းရတာ အားနာတယ် … ဘာအကြောင်း သိချင်လို့ နေ့တိုင်း ၁၀၀ ပေးပြီး မျက်နှာဖုံးပဲကြည့် … လွှင့်ပစ်နေရတာလဲ”

“ငါက … မျက်နှာဖုံး နာရေးသတင်းပဲ စောင့်ကြည့်တာ”

“ဟာ … ဦးလေးကလည်း … နာရေးက အတွင်း နောက်ဆုံးလောက်မှာ ပါတာ … မျက်နှာဖုံးမှာ မထည့်ပါဘူး … ဒါကြောင့် ဦးလေး မတွေ့တာနေမှာ”

“သောက်သုံး မကျတဲ့ကောင် … စကားကို များတယ် … ငါစောင့်ကြည့်နေတဲ့ နာရေးသတင်းက အတွင်းထဲမှာ ဘယ်တော့မှ ဖော်ပြမှာ မဟုတ်ဘူးကွ … မျက်နှာဖုံးသတင်း”

(The Death Notice)

၂၈.၃.၂၀၁၇

ဆရာတင်ညွှန့်

No comments:

Post a Comment