နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၆၀ အထိ ဆက်လက်ကျဆင်း
ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း မြင့်တက်နေသော်လည်း မတ် ၁ ရက်တွင် နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ကျပ် ၁၃၆၀ အထိ ကျဆင်းလာကြောင်း ဈေးကွက်အတွင်း နိုင်ငံခြား ငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။
ဖေဖော်ဝါရီ နောက်ဆုံးပတ်အတွင်း ၁၀၁ ဒသမ ၄၁ ပွိုင့်အထိ အမြင့်ဆုံး ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် ၁၀၀ ဒသမ ၆၇ ပွိုင့်အထိ၊ ဖေဖော်ဝါရီ ၂၇ ရက်တွင် ၁၀၀ ဒသမ ၇၂ ပွိုင့်အထိ ကျဆင်းခဲ့ပြီးနောက် မတ် ၁ ရက်တွင် ၁၀၁ ဒသမ ၇၄ ပွိုင့်အထိ ပြန်လည် မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော အညွှန်းကိန်းနှင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၄၂ ပွိုင့်မြင့်တက်ခဲ့ခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလအတွင်း အနိမ့်ဆုံး ဖြစ်ပေါ်သော ဒေါ်လာဈေး ညွှန်းကိန်းမှာ ၉၉ ဒသမ ၂၄ ပွိုင့်ဖြစ်ပြီး အမြင့်ဆုံး ညွှန်းကိန်းမှာ ၁၀၁ ဒသမ ၆၇ ပွိုင့်ဖြစ်ကာ ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၃ ရက်တွင် ဖြစ်ပေါ်သော ၁၄ နှစ်အတွင်း စံချိန်တင် နှုန်းထားဖြစ်သော ၁၀၃ ဒသမ ၇၈ ပွိုင့်နှင့် နှိုင်းယှဉ်ပါက ပြန်လည် လျော့ကျလာခြင်း ဖြစ်သည်။
ကမ္ဘာ့ဈေးကွက်တွင် ဒေါ်လာဈေးနှုန်း မတည်မငြိမ် ဖြစ်ပေါ်နေခြင်းကြောင့် ပြည်တွင်း ဈေးကွက်တွင်လည်း သက်ရောက်မှုများ ရှိနေသည်။ ဖေဖော်ဝါရီ ၈ ရက်မှ ၁၃ ရက်အထိ ခြောက်ရက်ဆက်တိုက် ငြိမ်သက်နေသော နိုင်ငံခြား ငွေလဲနှုန်းသည် ဖေဖော်ဝါရီ ၁၄ ရက်တွင် ၁၃၆၂ ကျပ်အထိ ပြန်လည် ကျဆင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်၌ ကျပ် ၁၃၆၀ အထိကျဆင်းခဲ့သည်။ ဖေဖော်ဝါရီ ၁၆ ရက်တွင် ၁၃၆၃ ကျပ်အထိ ပြန်လည် မြင့်တက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ၁၃၆၅ ကျပ်အထိ ပြန်ကျလာခဲ့ကာ ဖေဖော်ဝါရီ ၁၈ ရက်တွင် ၁၃၆၇ ကျပ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ၁၃၆၈ ကျပ်အထိ ပြန်တက်လာခဲ့သည်။ ဖေဖော်ဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၂၂ ရက်အတွင်း နိုင်ငံခြား ငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၆၆-၁၃၆၈ ကျပ်ကြားတွင် ဖြစ်ပေါ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ၁၃၆၄ ကျပ်အထိ ကျဆင်းလာကာ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၃၆၁ ကျပ်အထိ၊ မတ် ၁ ရက်၌ ကျပ် ၁၃၆၀ အထိ ဆက်လက် ကျဆင်းလာခဲ့သည်။
ဈေးကွက်အတွင်း ဒေါ်လာဈေး ကျရိပ်ပြနေသောကြောင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၎င်း၏ရည်ညွှန်း နိုင်ငံခြား ငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၃၅၇ ကျပ်အဖြစ် သုံးကျပ် လျှော့ချသတ်မှတ်ခဲ့သည်။ ပြီးခဲ့သော ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ ၁၃၅၈ ကျပ်၊ ဖေဖော်ဝါရီ ၂၁ ရက်မှ ဖေဖော်ဝါရီ ၂၈ ရက်အထိ ကျပ် ၁၃၆၀ အဖြစ်သတ်မှတ်ခဲ့ပြီး မတ် ၁ ရက်တွင် ၁၃၅၇ ကျပ်အဖြစ် လျှော့ချသတ်မှတ်ခဲ့ကြောင်း သိရသည်။
စည်သူအောင်
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment