တရုတ်စစ်ရေးလေ့ကျင့်မှု မြန်မာဖက်ကို သတိပေးခြင်းဖြစ်
မြန်မာနယ်စပ်မှာ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်က လက်နက်ခဲယမ်းအစစ်တွေ သုံးပြီး အင်အားပြ စစ်ရေးလေ့ကျင့်ခဲ့တာဟာ မြန်မာဘက်က စစ်ရေးပဋိပက္ခတွေ တရုတ်နိုင်ငံထဲကို နယ်စပ် ဖြတ်ကျော်ပြီးဝင်မလာဖို့ သတိပေးချက်တရပ် ဖြစ်တယ်လို့ တရုတ်အစိုးရပိုင် Global Times သတင်းစာက ရေးသားလိုက်ပါတယ်။ တရုတ်တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်မှုဟာ ရှောင်တခင် ဆုံးဖြတ်ချက်ချပြီး ပြုလုပ်တာမဟုတ်ဘဲ၊ မြန်မာဘက်က လက်နက်ကြီးကျည်တွေ ကျရောက်တာ၊ စစ်ဘေးဒုက္ခသည်တွေ ဝင်ရောက်လာတာတွေကို သည်းခံမှာမဟုတ်ကြောင်း ခိုင်ခိုင်မာမာ သဘောထား ပြသလိုက်တာဖြစ်တယ်လို့ ယူနန်ပြည်နယ် လူမှုရေးသိပ္ပံတက္ကသိုလ်က ပါမောက္ခတဦးက Global Times သတင်းစာကို ပြောကြားထားပါ တယ်။
ယူနန်ပြည်နယ်အတွင်း မြန်မာနယ်စပ်မျဉ်း တလျှောက်မှာ မတ်လ ၂၈ ရက် အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်လွတ်မြောက်ရေးတပ်မတော်- တောင်ပိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်တွေ နဲ့ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ဒီလေ့ကျင့်မှုဟာ တရုတ်တပ်မတော်ရဲ့ ရှောင်တခင် ချီတက်တိုက်ခိုက်နိုင်စွမ်း၊ လေကြောင်း-ကြည်းကြောင်း ပူးတွဲထိုးစစ်ဆင်နိုင်စွမ်းတွေ အပါအဝင်၊ တပ်စွမ်းရည်စမ်းသပ်တဲ့ လေ့ကျင့်မှု ဖြစ်တယ်လို့ ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။ မြန်မာဖက်မှာ ကချင်၊ ကိုးကန့်၊ ပလောင်နဲ့ ရခိုင် တိုင်းရင်းသားတပ်တွေ ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ မြန်မာအစိုးရတပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေချိန်မှာ တရုတ်ဘက်က အခုလို စစ်ရေးလေ့ကျင့်ပွဲ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment