အိမ်ထောင်ရေးအဘိဓာန်ထဲက ဝေါဟာရများ
မေနွယ်စိုး(မြန်မာစာ)ြ/ဆက်န်
''သောက်လာပြန်ပြီလား။ တစ်နေ့တစ်နေ့ ဒီအရည်တွေပဲ သောက်သောက်ပြီး သားမယားကို စိတ်ချမ်းသာအောင် မထားဘူး။ပေးပိုက်ဆံ။ ဘယ်လောက်ပြန်ပါလာ သေးတုံး''
ညနေစောင်းပြီဆိုရင် အိမ်ဘေးနားက မစန်းအသံ ကို ပုံမှန်ကြားရမြဲ။ မစန်းက ကုန်စိမ်းသည်တစ်ယောက်။ သူ့ယောက်ျား ကိုစိုးသန်းက လက်သမားဆရာ။ လက်သမားဆရာဆိုပေသည့် အလုပ်နှင့်လက်မပြတ် လုပ်ကိုင် ရသူမဟုတ်။ လက်သမားအလုပ်ရှိလျှင် လိုက်လုပ်သည်။လက်သမားလုပ်စရာမရှိလျှင် ကယ်ရီဆွဲသည်။ ညနေတိုင်း သောက်စားမူးယစ်ပြီးမှ အိမ်ပြန်လာနေကျ။ မူးရူးပြီး ပြန်လာတိုင်းလည်း လင်မယားချင်း ကတောက်ကဆတ် တစ်ယောက်တစ်ခွန်းစကားများကြစမြဲ။
အခုလည်း မူးရူးပြန်လာသဖြင့် မစန်းက ဗျစ်တောက် ဗျစ်တောက်လုပ်နေခြင်းပင်။ ယောက်ျားဖြစ်သူ၏အင်္ကျီ အိတ်ကပ်ကိုနှိုက်လိုက်ပြီး မဲ့ရွဲ့ကာထပ်ဆူတော့သည်။
''ငါးထောင်တည်းလား။ တော် ဒီနေ့ကယ်ရီတွေဆွဲရတာ ကျုပ်သိရသလောက်ဆိုရင်ကို တစ်သောင်းကျော် ပါလာရမှာ။ ကျန်တဲ့ငါးထောင်ကျော်က ဘယ်ရောက် သွားတုံး''
''ဆိုင်ကယ်ပြင်လိုက်တာ ဒါပဲကျန်တယ်။ စကားမများ နဲ့ ထမင်းခူးစမ်း''
ကိုစိုးသန်းက အာလေးလျှာလေးဖြင့် ရှင်းပြပြီး ထမင်းခူးခိုင်းသည်။
''ထမင်းဟင်းက အဆင်သင့်ပါပဲတော်။ တော့် စောင့်နေတာ။ စားရုံပဲ''
မစန်းက ပြောပြောဆိုဆို မီးဖိုချောင်ဝင်၍ မီးဖိုပေါ် နွှေးထားသော ဟင်းချိုဟင်းကိုသွားထည့်သည်။ ဟင်းချို ဟင်း ထည့်ပြီးသောအခါ နှစ်တန်းကျောင်းသူ သမီးအလတ်မကို ထမင်းစားပွဲဆီယူသွားခိုင်းသည်။ ကလေး ခမျာ ပူလောင်လှသဖြင့် ပန်းကန်ကိုလက်ထဲတွင် ပြင်ကိုင်လိုက်သောအခါ ကျကွဲပါတော့သည်။ ကလေးခမျာ ဟင်းရည်ပူစဉ်သောကြောင့် လန့်ငိုတော့သည်။ထိုအခါ မစန်းလည်း မီးဖိုချောင်ထဲမှ ကပျာကယာထွက်လာပြီး ကလေးကိုရိုက်တော့သည်။
''ကဲဟဲ့..ကဲဟဲ့..ဒါလေးတောင်ခိုင်းမရဘူး။ အသုံး ကို မကျတဲ့ကလေး''
''ဘာလို့ကလေးကိုရိုက်တာတုံး၊ နင့်ဘာသာနင် မလုပ်ဘဲ ကလေးကို ခိုင်းလည်းခိုင်းသေး၊ ကျကွဲတော့ လည်း ရိုက်သေး။ ဒီမိန်းမတော့ ကဲဟာ..ကဲဟာ''
ကိုစိုးသန်းက မစန်းကို လက်သီးနှင့်ထိုးသည်။မစန်းက လည်း ပြန်၍ရိုက်သည်။ တွန်းလားဆွဲလား နပန်းလုံးကြသည်။ ကလေးသုံးယောက်အော်ငို၍ ဘေးအိမ်များက လာဆွဲမှ ရပ်တော့သည်။
ညကမည်မျှပင်ရန်ဖြစ်ထားပါစေ။ မနက်မိုးလင်းလျှင် ကိုစိုးသန်းအတွက် ရေနွေးကြမ်းနှင့်နံနက်စာကို မစန်းကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးသည်။ အလုပ်သွားလျှင်ဝတ်ဆင်ဖို့လျှော်ဖွပ်ပြီးသား အင်္ကျီ၊ လုံချည်ကို အဆင်သင့် ထုတ်ပေးပြီးသား။ ယောက်ျားကို ထမင်းချိုင့်ပြင်ဆင်ပေးပြီးမှ ဈေးရောင်းထွက်သည်။
မစန်းတို့လင်မယားက သိပ်တည့်ကြသည်မဟုတ်သလို သိပ်လည်းမစိမ်းကားကြ။ လင်ဖြစ်သူက လုပ်ငန်းနားချိန် မူးရူးနေတတ်သော်လည်း ရန်တကျက်ကျက်ဖြစ်ရုံမှလွဲ၍ ကွဲကြကွာကြသည်လည်းမရှိ။ အိမ်ထောင်တစ်ခု၏အနာဂတ်ကို မယားဖြစ်သူက စိုးရိမ်ပူပန်တတ်လွန်း၍ ယောက်ျားဖြစ်သူ၏ မူးရူးသောက်စားခြင်းကို သူခွင့်မပြုကြောင်း ဆန္ဒပြနေခြင်းအဆင့်သာ။ လွတ်လပ်စွာသောက် စားခွင့်ပြုလိုက်ခြင်း၏ နောက်ဆက်တွဲပြဿနာများကို ရင်မဆိုင်ချင်၍ထင်ပါသည်။ ထို့ကြောင့် လင်ဖြစ်သူ၏ သောက်ဖော်စားဖက်မိတ်ဆွေများ အိမ်အလည်လာလျှင် ခပ်ကြမ်းကြမ်း ခပ်စွာစွာ ရန်ထောင်လွှတ်လေ့ရှိသည်။ လိုက်လိုက်လျောလျောမဆက်ဆံ။ ယောက်ျားဖြစ်သူကလည်း မစန်းခွင့်မပြုသည်ကိုပင် တစ်ရက်မလပ်သောက်၏။
လင်မယားချင်းရန်မဖြစ်ဘဲ မစန်းမျက်ရည်ကျသော နေ့တစ်နေ့ကို ကျွန်မမြင်တွေ့ဖူးပါသည်။ ရပ်ဝေးတွင် သုံးလတာမျှ လက်သမားသွားလုပ်သည့် ယောက်ျားဖြစ်သူ ပြန်လာသည့်နေ့ကဖြစ်ပါသည်။ ထိုနေ့ကလည်း သူ့ ယောက်ျား အရက်မူးလာပါသည်။ နားကပ်မရှိသော သူ့ မိန်းမအတွက် ယောက်ျားဖြစ်သူက နားကပ်တစ်ရန် ဝယ်လာပြီး ကိုယ်တိုင်ဆင်ပေးသည့်နေ့ဖြစ်ပါသည်။ နားကပ် ကလေးဆင်ပေးနေချိန်တွင် မစန်းမျက်ရည်ကျရှာသည်။
နားကပ်ကလေးတစ်ရန် ဝတ်ဆင်လိုက်ရသည့်အတွက် မစန်းမျက်ရည်ကျသည်ဟု မထင်မိပါ။ ယောက်ျားဖြစ်သူ ၏ ဂရုစိုက်ကြင်နာတတ်မှုကိုကြည်နူးမိ၍ဟု ထင်ပါသည်။ အိမ်ထောင်သက်ဆယ်နှစ်ကျော်၍ ကလေးသုံးယောက် မွေးဖွားခဲ့ပြီဖြစ်သော အခြေခံလူတန်းစားဖြစ်သည့် သူတို့ဘဝ အိမ်ထောင်ရေးတွင် ရန်တကျက်ကျက် ည၊ မနက် ဆက်ခဲ့ရသည်မှာများခဲ့ပေပြီ။ ရန်မည်မျှပင်ဖြစ်စေ မစန်း ဘက်မှ မယားဝတ္တရားမပျက်ခဲ့။ ယောက်ျားဖြစ်သူသည်လည်း သောက်စားမူးယစ်၍ မိန်းမကိုရန်လုပ်တတ်သော်လည်း အိမ်ထောင်ရေးဖောက်ပြန်မှုမရှိခဲ့။
လင်မယားနှစ်ယောက်ရန်ဖြစ်ပြီး ထမင်းစားသောက် ပြီးချိန်တွင် မစန်းအိမ်ပေါ်သို့ ရပ်ကွက်ထဲမှ ငွေတိုးချေး သည့် ဒေါ်အေးခင် ရောက်လာသည်။ ညကြီးအချိန်မတော် အကြွေးလာတောင်းနေခြင်းပင်။ ဈေးရောင်းရင်း ဒိုးဇက် ဆက်ရာ အရှုံးများသဖြင့် ယောက်ျားမသိအောင် ငွေတိုးချေးသော်လည်း အိမ်တိုင်ရာရောက်လာတောင်းသဖြင့် ယောက်ျားဖြစ်သူ သိသွားလေပြီ။ သို့သော် ကိုစိုးသန်းက သူဆပ်ပေးပါမည့်အကြောင်း ကတိပေးလိုက်သဖြင့် ဒေါ်အေးခင်လည်းပြန်သွား၏။
ပူပူနွေးနွေးရန်ဖြစ်ထားသော်လည်း မိမိအမှားအတွက် ယောက်ျားဖြစ်သူကို မျက်နှာပူပူနှင့်ပင် မစန်းတောင်းပန်လိုက်သည်။
''ဈေးရောင်းမကောင်းလို့ ဟင်းချက်စရာဖိုးလေးများ ရနိုင်မလားဆိုပြီး ဝင်ဆော့ရင်းရှုံးသွားလို့ ယောက်ျားရေ နောက်မဆော့တော့ပါဘူး။ ခွင့်လွှတ်နော်''
ထိုအခါ ကိုစိုးသန်းက အာလေးလျှာလေးနှင့်ပင် မိန်းမဖြစ်သူကို ''နင့်ယောက်ျားနဲ့ နင့်သားသမီးတွေ အတွက် နင်လုပ်တာပဲမိန်းမရာ။ ဒါအပြစ်မဟုတ်ပါဘူး။ငါ့မိန်းမက အိမ်ထောင်ရေးဖောက်ပြန်တာမှမဟုတ်တာ ပဲ ခွင့်လွှတ်ပါ့။ ငါလည်း နောက်နေ့ အရက်လျှော့သောက် ပါ့မယ်ဟာ''ဟု ပြန်ပြောလိုက်၏။ လင်ယောက်ျားဆီမှ နားလည်ခွင့်လွှတ်သံကိုကြားလိုက်ရသောအခါ မစန်းမျက်နှာ ဝင်းပကြည်လင်သွား၏။
နောက်တစ်နေ့တွင် ကိုစိုးသန်း ပို၍ပင်မူးလာပါ သည်။ မစန်းကလည်း ဗျစ်တောက်ဗျစ်တောက်နှင့် ပြန် ပြော၍ ရန်ဖြစ်ဆဲ။ ထမင်းခူးခပ်ကျွေးဆဲ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment