Latest News

Friday, March 24, 2017

ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့

ပြည်ပသို့ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့

ရန်ကုန်၊ မတ် ၂၃

ပြည်ပသို့ ဆန်တင်ပို့မှုသည် ယခုဘဏ္ဍာနှစ်စမှ  မတ်လ ၂၀ ရက်နေ့အထိ ဆန်တန်ချိန် ၁ ဒသမ ၅ သန်းခန့် တင်ပို့ထားကာ ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန်တစ်သိန်းခန့် ပိုမိုတင်ပို့နိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

“ဒီနှစ် ပင်လယ်ရေကြောင်း တင်ပို့မှုက သိသိသာသာ များလာတယ်။ ပင်လယ်ရေကြောင်းကနေ သီရိလင်္ကာနိုင်ငံက အဝယ်များလာတာကြောင့်လည်း ဒီနှစ် မြန်မာ့ဆန်တင်ပို့မှုက များလာတာပါ။ ပင်လယ်ရေကြောင်း တင်ပို့မှုက ရာခိုင်နှုန်း ၂၀ ကနေ ၄၀ အထိ တက်လာတယ်။ မနှစ်က နယ်စပ်တင်ပို့မှု များတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ယခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံဘက်က ဖမ်းဆီးစစ်ဆေးမှု များပြားလာခြင်း ကြောင့် ပင်လယ်ရေကြောင်းမှ ပိုမိုတင်ပို့လာကြခြင်း ဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် မြန်မာ့ဆန်ကို ဈေးကွက်မြှင့်တင်နိုင်ရန်အပြင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ယခင်ဘဏ္ဍာနှစ် ကာလတူက ဆန်တန်ချိန် ၁ ဒသမ ၄ သန်းခန့်သာ တင်ပို့နိုင်ခဲ့ပြီး ယခုနှစ် တင်ပို့မှုသည် တန်ချိန် တစ်သိန်းခန့် ပိုမိုနေခြင်းဖြစ်ကာ မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဆန်များကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ တစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက် ရှိကြောင်း၊ ယခင်က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှ ၈၀ ရာခိုင်နှုန်း၊ ပင်လယ်ရေကြောင်းမှ ၂၀ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ကာ လက်ရှိတွင် ပင်လယ်ရေကြောင်းမှ ၄၀ ရာခိုင်နှုန်းအထိ တက်လာကာ နယ်စပ်မှ ၆၀ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

ပြည်ပနိုင်ငံများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်က ဆန်တန်ချိန် ၁ ဒသမ ၈ သန်းတင်ပို့နိုင်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာ နှစ်က တန်ချိန် ၁ ဒသမ ၄ သန်းတင်ပို့နိုင်ခဲ့ကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် လက်ရှိ အချိန်အထိ တန်ချိန် ၁ ဒသမ ၅ သန်း အထိ တင်ပို့ထားနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

The Voice

No comments:

Post a Comment