Latest News

Saturday, March 4, 2017

နစ်နာကြေး ပိုမိုရရှိရန် ရည်ရွယ်ချက်ဖြင့် တရုတ် ကျေးရွာတစ်ခုတွင် လင်မယား ၁၆၀ ကျော် ကွာရှင်း

နစ်နာကြေး ပိုမိုရရှိရန် ရည်ရွယ်ချက်ဖြင့် တရုတ် ကျေးရွာတစ်ခုတွင်

လင်မယား ၁၆၀ ကျော် ကွာရှင်း

နစ်နာကြေး ပိုမိုရရှိရန် ရည်ရွယ်ချက်ဖြင့် တရုတ်နိုင်ငံရှိ ကျေးရွာတစ်ခုတွင် လင်မယား ၁၆၀ ကျော် တပြိုင်တည်းနီးပါး ကွာရှင်းခဲ့ကြကြောင်း သိရသည်။

စီမံကိန်း တစ်ခုကြောင့် ဂျင်းဆုဒေသရှိ ဂျန်ဘိုင်း ကျေးရွာတွင် နေအိမ်များကို ဖြိုဖျက်ပစ်ရန် တာဝန်ရှိသူများက စီစဉ်ထားသည်။ အဆိုပါ ကျေးရွာနေရာတွင် နည်းပညာမြင့် ဆောက်လုပ်ရေး စီမံကိန်းတစ်ခု အကောင်အထည် ဖော်မည် ဖြစ်သည်။ ထို့ကြောင့် ဒေသခံများကို မိသားစုအလိုက် နစ်နာကြေး ပေးချေရာ လျော်ကြေး ပိုရစေရန်အတွက် အိမ်ထောင်ကွဲများအဖြစ် ကွာရှင်းခဲ့ကြခြင်း ဖြစ်သည်။


အိမ်ထောင်တစ်ခုအတွက် အိမ်သစ်တစ်လုံးနှင့် ဒေါ်လာ နှစ်သောင်းနီးပါးမျှ နစ်နာကြေး ပေးချေမည်ဟု ဆောက်လုပ်ရေး စီမံကိန်း တာဝန်ရှိသူများက ကမ်းလှမ်းခဲ့ရာ ကွာရှင်းလိုက်သည့် ဇနီးမောင်နှံများက အိမ်နှစ်လုံးနှင့် နစ်နာကြေးနှစ်ဆ ရရှိရန်  မျှော်လင့်နေကြသည်။ ၎င်းတို့က အမျိုးသားနှင့် အမျိုးသမီး သီးခြားစီ နစ်နာကြေး ရသင့်သည်ဟု တောင်းဆိုထားကြသည်။

ယင်းဇနီးမောင်နှံများသည် ဥပဒေကြောင်းအရ ကွာရှင်းခဲ့သော်လည်း အများစုက အတူဆက်နေမည်ဟု အတည်ပြု ပြောကြားထားသည်။ အဆိုပါ ဒေသတွင် အစဉ်အဆက် နေထိုင်ခဲ့သူများသည် ဒေသခံ အစိုးရ၏ စီမံကိန်းကြောင့် နစ်နာကြေးယူပြီး အခြားနေရာသို့ ပြောင်းရွှေ့ရန်မှလွဲ၍ ရွေးချယ်ခွင့် များများစားစား မရှိချေ။ ၎င်းတို့သည် စတုရန်းမီတာ ၂၂၀ မျှ ကျယ်ဝန်းသော အိမ်တစ်လုံးကို ရရှိမည်ဟု ကမ်းလှမ်းခံရသည်။

ယခုလို ဇနီးမောင်နှံများ အလျင်စလို ကွာရှင်းမှုကို ဥပဒေကြောင်းအရ အကျုံးဝင်စေရန် ဥပဒေ အကြံပေး ကုမ္ပဏီ တစ်ခုက ဒေါ်လာ ၂၀၀၀ စီ ရယူပြီး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဇနီးမောင်နှံများက နစ်နာကြေးကိစ္စ အဆင်ပြေ အခြေကျသွားပြီးပါက ပြန်လည် လက်ထပ်ရန်လည်း ရည်ရွယ်ထားသည်။

“တစ်ရွာလုံး ဒီလိုလုပ်ကြတာပါပဲ။ နောက်ကိစ္စတော့ နောက်မှပဲ ရှင်းတော့မယ်”ဟု ရွာသားတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းတို့ အနေဖြင့် အိမ်ထောင်ခွဲပြီး နစ်နာကြေး နှစ်ဆရအောင် ကြံဆောင်ထားသော်လည်း အမှန်တကယ် ထိုသို့ ရမည် မရမည် မသေချာသေးကြောင်းလည်း သိရှိရသည်။

Ref: China Daily

7Day News Journal

No comments:

Post a Comment