Latest News

Saturday, March 4, 2017

ရှေ့နေဦးကိုနီအား လုပ်ကြံသူကြည်လင်း အပါအဝင် လေးဦးကို စတင်တရားစွဲ

ရှေ့နေဦးကိုနီအား လုပ်ကြံသူကြည်လင်း အပါအဝင် လေးဦးကို

စတင်တရားစွဲ


ရန်ကုန်၊ မတ် ၎

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနှင့် အငှားယာဉ်မောင်း ကိုနေဝင်းအား သေနတ်ဖြင့် ပစ်သတ်သူ ကြည်လင်းနှင့် ပူးပေါင်း ပါဝင်သူများကို မတ်လ ၃ ရက် မွန်းလွဲပိုင်းက မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း ယင်းတရားရုံးထံမှ သိရသည်။

အဆိုပါ တရားစွဲဆိုခံရသူများမှာ ဦးကိုနီအား သေနတ်ဖြင့် ပစ်သတ်သူ အသက် ၅၄ နှစ်အရွယ် ကြည်လင်း၊ အသက် ၄၆ နှစ်အရွယ် အောင်ဝင်းဇော်၊ အသက် ၄၂ နှစ်အရွယ် ဇေယျာဖြိုးနှင့် ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်းခိုင်တို့ဖြစ်ပြီး ခရိုင်တရားရုံးမှ ရာဇဝတ်အမှုကြီးအမှတ် ၄၅/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်လည်းကောင်း၊ ထွက်ပြေး တိမ်းရှောင်နေသူ အောင်ဝင်းခိုင်အား ရာဇဝတ် အထွေထွေအမှတ် ၂၀/၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/ကျင့် ၅၁၂ ဖြင့် လည်းကောင်း၊ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ကို ရာဇဝတ်အမှုကြီးအမှတ် ၄၆/ ၁၇၊ ၁၈၇၈ ခုနှစ် လက်နက်များ ဥပဒေပုဒ်မ ၁၉(ဃ) (စ)ဖြင့်လည်းကောင်း၊ မြောက်ပိုင်းခရိုင် တရားသူကြီး ဦးတင်ထွေးမှ စစ်ဆေးသွားရန် လက်ခံ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“မတ်လ ၃ ရက်နေ့က အမှုနှစ်မှုနဲ့ စတင် တရားစွဲခဲ့တာပါ၊ လူသတ်မှုပုဒ်မ ၃၀၂ နဲ့ကတစ်မှု၊ လက်နက်ပုဒ်မ ၁၉ (ဃ)(စ) နဲ့က တစ်မှုပါ၊ မတ်လ ၁၇ ရက်နေ့ ကျရင်တော့ အမှုကို စစ်မယ်လို့ သိရပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဇန်နဝါရီလ ၂၉ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့်အတူ အင်ဒိုနီးရှားနိုင်ငံတွင် Senior Leadership Prigram ကို တက်ရောက်ပြီး ပြန်လာသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal (1) ဂိတ်အနီးတွင် ဦခေါင်းကို အနီးကပ် သေနတ်နှင့်ပစ်သတ်ခဲ့သူ အသက် ၄၆ နှစ်အရွယ် ကြည်လင်းအား ဖမ်းမိရာမှ နောက်ကွယ်မှ စေခိုင်းသူ စစ်ထောက်လှမ်းရေးဟောင်း ဇေယျာဖြိုးနှင့် ပူးပေါင်း ပါဝင်သူများဖြစ်သော ဗိုလ်ကြီးဟောင်း အောင်ဝင်းဇော်နှင့် အောင်ဝင်းခိုင်တို့ကို ဖော်ထုတ်ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

လူသတ်မှု ကျူးလွန်သည့် ကြည်လင်းအား  အနီးရှိ ပြည်သူများနှင့် လေဆိပ် အငှားယာဉ်မောင်းအဖွဲ့မှ  ဝိုင်းဝန်းဖမ်းဆီးစဉ် ၎င်းမှ သေနတ်ဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ မြတောင်ညို (၁) လမ်းတွင် နေထိုင်သူ အသက် ၄၈ နှစ်အရွယ် အငှားယာဉ်မောင်း ကိုနေဝင်း (ခ) ဝင်းလွင်မှာ ဆီးအိမ်တွင် သေနတ် ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံသို့ တင်ပို့စဉ် သေဆုံးခဲ့ကြောင်း သိရသည်။

The Voice

No comments:

Post a Comment