ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း
‘‘အကွဲကြီးကြီးကို ရတဲ့သူက နိုင်တယ်ဆိုတဲ့ အယူအဆနဲ့ သွားနေသမျှကတော့ ကျွန်တော်တို့နိုင်ငံက နိုင်ငံတော်ဆိုတဲ့အဆင့်ကို ရောက်ကိုမရောက်သေးဘူး’’
နိုင်ငံရေးမျိုးဆက်များ ပါဝင်သည့်ပါတီသစ်တစ်ခု မကြာမီ ပေါ်ထွက်လာတော့မည်ဖြစ်သည်။ သို့ ဖြစ်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နှင့် ပြည်ခိုင်ဖြိုး ကြီးစိုးသော ပါတီနိုင်ငံရေးတွင် ပြည်သူများအ နေဖြင့် နောက်ထပ်ရွေးချယ်စရာ ပါတီသစ်တစ်ခုတိုးလာသည့် အလားအလာလည်းဖြစ်သည်။ ပါတီ သစ်ပေါ်ပေါက်လာရေး ပြင်ဆင် ကြိုးပမ်းလျက်ရှိသူများထဲတွင် တစ်ဦးအပါအ၀င်ဖြစ်သည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သည့် ဦးကိုကိုကြီးနှင့် တွေ့ဆုံကာ ပါတီတည် ထောင်ဖြစ်သည့်အကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ဆက်ဆံရေး၊ အခြား ၈၈ မျိုးဆက်ခေါင်းဆောင်များပါဝင်လာမည့် အခြေအနေနှင့် ပါတီသစ်၏ မျှော်လင့်ချက်တို့ကို 7Day News က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
နိုင်ငံရေးမျိုးဆက်တွေပါဝင်မယ့် နိုင်ငံရေးပါတီသစ်တစ်ခု တည်ထောင်ဖို့ စီစဉ်နေတယ်လို့ကြားရပါတယ်။ ပါတီတည်ထောင်ဖြစ်တဲ့အကြောင်း ရှင်းပြပေးပါဦးခင်ဗျ။
ပါတီတည်ထောင်ဖြစ်တဲ့အဆင့်တော့ မဟုတ်သေးဘူးပေါ့။ပါတီတည်ထောင်ဖို့အတွက် ပြင်ဆင်နေတဲ့အဆင့်လို့ ပြောရမှာ ပေါ့။ အဓိကကတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ် ၃၀ လောက်ကို ပြန်ပြောရမယ်ထင်တယ်။ ရှစ် လေးလုံးအရေးတော်ပုံကာလ ပေါ်ပေါက်ဖို့ ကျွန်တော်တို့ ကျောင်းသားဘ၀နဲ့ စတင်ချိန်ကတည်းက အာဏာသိမ်းပြီးတဲ့အခါ နိုင်ငံရေးပါတီထူထောင်ခွင့်ဆိုတာ ပေါ်လာတယ်။ ပေါ်လာတော့ ကျွန်တော်တို့ကို ဒါမင်းတို့ ကျောင်းသားတွေ စခဲ့တာ၊ မင်းတို့နိုင်ငံရေးပါတီအ ဖြစ်နဲ့ အဆင့်တစ်ဆင့်တက်ဖို့လိုတယ်၊ ပါတီထောင်ပြီးတော့ တကယ့်ကို ပရော်ဖက်ရှင်နယ် နိုင်ငံရေးပုံစံမျိုးကို သွားသင့်တယ်လို့ တိုက်တွန်းအကြံပြုတာတွေရှိ ခဲ့တယ်၊ အဲဒီကတည်းက။ ဒါပေမဲ့ ကျွန်တော်တို့ စဉ်းစားတာကအဲဒီအချိန်က ပါတီလည်း ၂၀၀ ကျော် လောက်ဖြစ်လာတယ်။ ဒီတော့ ပြည်သူတွေကြားထဲမှာ တစုတစည်းတည်း မဲမကွဲဖို့ဆိုတဲ့ အယူအဆပေါ့။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ဒီမိုကရေစီဖြစ်ပေါ်ပြောင်းလဲမှုကိုပဲ ဦးစားပေးဆောင်ရွက်ခဲ့တယ်။ အဲဒါကြောင့် ၁၉၉၀ ရွေးကောက်ပွဲမှာ သုံးချောင်းထောက် ညီညွတ်ရေးဆိုတာလုပ်ခဲ့တယ်။ ကျွန်တော်က ဗကသ (ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ)ကို ဦးဆောင်နေတဲ့အချိန်။ နောက်လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်)ရယ် ပူးပေါင်းပြီးတော့ သုံးချောင်းထောက်လို့ လူသိများတဲ့ ကြေညာချက်တစ်ခု ထုတ်ခဲ့တယ်။ အဲဒီမှာလည်း ဒီမိုကရေစီအင်အားစုများ အောင်နိုင်ရေး၊ ရွေးကောက်ပွဲဖြတ်သန်းရေး၊ ကျောင်းသားလူငယ်တွေ လွှတ်တော်ထဲမှာ ပါဝင်နိုင်ရေး၊ တိုင်းရင်းသားတန်းတူညီမျှရေးဆိုတဲ့ လေးချက်ထုတ်ခဲ့တယ်။ နောက်တော့ထောင်တွေထဲမှာ နှစ်တွေအကြာကြီး ကျွန်တော်တို့ ရောက်ခဲ့ရတယ်။၂၀၀၅မှာ ပြန်ထွက်လာတော့ ပထမဆုံး ကြုံရတာက ညောင်နှစ်ပင်ဖွဲ့စည်းပုံရေးဆွဲရေးအတွက် ကြိုးစားနေကြတဲ့အချိန် ပေါ့။ ညောင်နှစ်ပင်ဟာ တစ်ဖက်သတ်ရေးဆွဲတာဖြစ်တယ်၊ ညောင်နှစ်ပင်ကို ကျွန်တော်တို့ သဘောမတူဘူး၊ ကန့်ကွက်တယ်လို့ ကျွန်တော်တို့ လူသိရှင်ကြား ပြောခဲ့ တယ်။ နောက်တစ်ခါ ပြန်အဖမ်းခံရတယ်။ ၆၅ နှစ်နဲ့ ခြောက်လကျတယ်ပေါ့။၂၀၁၂ ပြန်လွတ်လာတယ်။ လွတ်လာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တဲ့အချိန်မှာ ကျွန်တော်တို့က ဒီဆုံးဖြတ်ချက်ကို ၀န်းရံပံ့ပိုးသွားမယ်ဆိုပြီး ကျွန်တော်တို့ ရပ်တည်ခဲ့တယ်။နောက်ပိုင်းမှာ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ၄၃၆ ပြင်ဆင်ရေးအတွက် တစ်နိုင်ငံလုံးအနှံ့ ဟောပြောတာတွေ၊ လက်မှတ်စုဆောင်းတာတွေ။ လက်မှတ်ငါးသန်းကျော်ပေါ့။ ရခဲ့တယ်။ ပြောချင်တာက တစ်လျှောက်လုံးမှာ ဒီမိုကရက် တိုက်ဇေးရှင်းအတွက်ပေါ့။ ဒီမိုကရေစီပြောင်းလဲရေးကိုပဲ ဦးတည်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။ အခုနောက်ဆုံး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီမိုကရေစီအင်အားစုများ အောင်နိုင်ရေးမူအပေါ် မူတည်ပြီးတော့ တစ်နိုင်ငံလုံးအနှံ့ မဲဆွယ်စည်းရုံးရေးတွေ၊ ဟော ပြောပွဲတွေ ကျွန်တော်တို့ ပြုလုပ်ခဲ့တယ်။ ပထမအဆင့်ကတော့ ကျွန်တော်တို့ ဖြတ်သန်းခဲ့ပြီလို့မြင်တယ်။ ဒီမိုကရေစီလိုလားတဲ့၊ လူထုထောက်ခံတဲ့ပါတီကို ၀န်းရံပြီးတော့ မဲပေးခြင်းအားဖြင့် စနစ်ဟောင်းတစ်ခုကို ဖယ်ရှားပစ်ခဲ့တဲ့ အဆင့်တစ်ခုတော့ ကျွန်တော်တို့ရခဲ့ပြီ။ နိုင်ငံရေးစကားအရ ပြောရရင်တော့ Protest Vote လို့ ခေါ် တာပေါ့။ အရင်စနစ်ဟောင်းကို ဆန့်ကျင်ကြောင်း၊ မကျေနပ် ကြောင်း မဲပေးပြီး ဖယ်ရှားပစ်ခဲ့တာပေါ့။ ဒီမိုကရေစီမှာ နောက်တစ်ဆင့်သွားရရင် Prefer Vote ပေါ့။ ပါတီစုံမှာ A,B,C,D ပေါ့။ ရှိကြတဲ့ အထဲမှာ ဘယ်သူပြောတာလဲ ဒီအချက်လေးတော့ ကြိုက်တယ်၊ ဘယ်ပါတီလဲ ဒါလေးတော့ ကြိုက်တယ်။ အားလုံးကိုခြုံလိုက်ရင် တော့ ဘယ်သူ့ကို ပိုကြိုက်လို့ ရွေးတယ်ဆိုတဲ့ အဆင့်တစ်ဆင့်ကို ရောက်ဖို့အတွက် လိုအပ်တယ်လို့ မြင်တယ်။ ဒါကြောင့်မို့ လူထုအတွက် ရွေးချယ်စရာပါတီ ကောင်းကောင်းတစ်ခု၊ အင်အားကောင်းကောင်းတစ်ခု ပေါ်ပေါက်ဖို့ ကြိုးစားကြမယ်လို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့တယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တောက်လျှောက်ဝန်းရံခဲ့တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရတဲ့အချိန်မှာ ပါတီထောင်ပြီဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော NLD နဲ့ပါ ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲခင်ဗျ။
ပါတီထောင်ဖို့ ပြင်ဆင်နေတဲ့ အချိန်ပေါ့။ ပြင်ဆင်နေတဲ့အချိန် မှာ အဓိကကျတာက မူပေါ်မှာ အခြေခံတဲ့ပါတီဖြစ်ဖို့ မျှော်လင့် ထားတယ်။ ကြိုးစားနေတယ်။ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့တူညီတဲ့ အဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ တာတွေ၊ လက်တွဲတာတွေဆောင် ရွက်သွားဖို့ရှိတယ်။ တစ်ခုကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာ မဟာမိတ်ဖွဲ့စည်းမှု၊ နောက်တစ်ခုက ရွေးကောက်ပွဲပြီးသွားလို့ လွှတ် တော်ထဲရောက်သွားရင်လည်းပဲ မိမိနဲ့ မူဝါဒတူတဲ့အချက်တွေအ ပေါ်မှာ ပူးပေါင်းဆောင်ရွက်တာ၊ လက်တွဲဆောင်ရွက်တာ၊ ဒါတွေက ရှိသွားမှာပါ။ နှစ်ပိုင်းပေါ့။ ရွေးကောက်ပွဲမတိုင်မီ စုဖွဲ့မှု၊ ရွေး ကောက်ပွဲအလွန် လွှတ်တော်ထဲ မှာ စုဖွဲ့မှုရှိမယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုကော ဒီကိစ္စကို(ပါတီထောင်ဖို့ရှိတယ်ဆိုတာကို) အသိပေးထားသေးလား ခင်ဗျ။
ကျွန်တော်တို့ နောက်ဆုံးတွေ့တဲ့အချိန်မှာတုန်းကတော့ ကျွန်တော်တို့ တစ်ချိန်ချိန်မှာ ပါတီထောင်ဖို့လုပ်သွားမယ်လို့ ပြောထားတာရှိပါတယ်။
ပါတီနဲ့ မူဝါဒတူသူတွေကို ပူးပေါင်းမယ်ဆိုတော့ မူဝါဒမတူသူတွေနဲ့ ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲ။
ကျွန်တော်တို့က လူချင်းဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ်၊ ပါတီချင်းဆက်ဆံတဲ့အခါမှာပဲဖြစ်ဖြစ် အကုန်တူတယ်၊ အကုန်မတူဘူးဆိုတာတော့ မရှိဘူး။ တူတဲ့အချက်တွေရှိမယ်၊ မတူတဲ့အချက်တွေရှိ မယ်။ မတူတဲ့အချက်တွေဆိုတာ မတူသေးတာ။ တစ်ချိန်ချိန်မှာလည်း တူသွားနိုင်တယ်။ ဒီတော့ ကျွန်တော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးလို့သွားတော့မယ်ဆိုရင် တစ်ခါမတူတာနဲ့ နောက်လည်း ဘယ်တော့မှတူမှာ မဟုတ်တော့ပါဘူးလို့ ဆိုတာမျိုးပေါ့။ မျှော်လင့်ချက်ကို စွန့်လွှတ်ပစ်တာမျိုး ကျွန်တော်တို့လုပ်လို့ မရဘူး။ ဒါကြောင့် မတူသေးဘူး၊ တူတဲ့ကိစ္စတွေကို ရှာပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးစားခြင်းအားဖြင့် မတူတဲ့ဟာတွေတောင် တဖြည်းဖြည်းလျှော့ချနိုင်မယ်လို့ ကျွန်တော်တို့က မျှော်လင့်တယ်။
လက်ရှိ မြန်မာ့နိုင်ငံရေးမှာ နိုင်ငံရေးကျင့်ဝတ်ပြည့်ဝတဲ့ အတိုက်အခံတွေ ရှားတယ်ဆိုပြီး ထောက်ပြမှုတွေရှိလာတယ်။ အခုတည်ထောင်မယ့် ပါတီအနေနဲ့ကကော ဒီကွက်လပ်ကို ဖြည့်ဆည်းပေးဖို့ရှိမလား။
ကျွန်တော်တို့ ပါတီထောင်ဖို့ စဉ်းစားကတည်းက ရည်ရွယ်ချက်က ပါတီထောင်ဖို့ဆိုတာထက် ပိုပြီးတော့ကျယ်ပြန့်တယ်။ ဒီမိုကရက် တိုက်ဇေးရှင်းကိုသွားမှာ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးက နံပါတ် (၁)။ ကျွန်တော်တို့ ပါတီထောင်တယ်ဆိုတာက ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားဖြည့်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့။ အဲဒီတော့ကျွန်တော်တို့ ဦးတည်ချက်အ ပျောက်မခံဘူး။ ဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး။ နိုင်ငံကို ဒီမိုကရေစီစံချိန်စံညွှန်းပြည့်သည် ထက်ပြည့်အောင် ဦးတည်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားမှာဖြစ်တယ်။ ကျင့်ဝတ်ပိုင်းဆိုတာက လူတစ်ဦးချင်းစီမှာလည်း စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိတယ်။ ပါတီဖြစ်လာရင်လည်း ပါတီတစ်ခုမှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်တွေရှိတယ်။ ကျင့်ဝတ်ပျက်ပြီဆိုရင် လောကပါလတရားပျက်တာပဲ။ တစ်ခုပဲ ကျွန်တော်စိုးရိမ်တာက ကျွန်တော်တို့ နိုင်ငံမှာ အကွဲတွေ နေရာတိုင်းမှာ တွေ့နေရတယ်။ အကွဲတွေကိုစေ့ဖို့ နိုင်ငံတော်တည်ဆောက်ရေး အယူအဆနဲ့ပြောရ မယ်ဆိုရင် အကွဲတွေကို ကျွန်တော်တို့က တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ ဘယ်လိုကွဲမလဲ။ ကွဲတတ်အောင်ကျင့်ဖို့လို တာပေါ့။ အဲဒီလိုမဟုတ်ဘဲနဲ့ အ ကွဲတွေကို ကိုင်ပြီးဆက်ကစားတာပေါ့။ အကွဲကြီးကြီးကိုရတဲ့သူက နိုင်တယ်ဆိုတဲ့ အယူအဆနဲ့သွား နေသမျှကတော့ ကျွန်တော်တို့ နိုင်ငံက နိုင်ငံတော်ဆိုတဲ့အဆင့်ကို ရောက်ကိုမရောက်သေးဘူးလို့ ကျွန်တော့် အဲဒီလိုပဲမြင်တယ်။ ဒါ ကြောင့် အကွဲတွေ ကိုင်ကစားတာဟာ သိပ်ကိုအန္တရာယ်ကြီးတယ်။ တကယ်တော့ ကွဲတယ်ဆိုတာသဘာဝပဲ။ သို့သော် အဲဒီအကွဲတွေကို ဆက်ကိုင်ထားပြီးတော့ အကွဲကြီးကြီး အစိတ်အပိုင်းကိုရ အောင်ယူမယ်ဆိုတဲ့ ချဉ်းကပ်မှုမျိုး နဲ့ သွားနေသမျှကာလပတ်လုံးတော့ ကျွန်တော်တို့ နိုင်ငံက အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်ပဲဖြစ် ဖြစ်၊ နိုင်ငံတကာမိသားစုကြားမှာ ရင်ပေါင်တန်းနိုင်ဖို့ပဲဖြစ်ဖြစ် ကျွန်တော်တို့ နောက်ကျအောက်ကျ ကျန်ခဲ့လိမ့်ဦးမယ်၊ အန္တရာယ်ကြီးတယ်လို့ ကျွန်တော်တော့မြင် တယ်။
ဒီလကုန်မှာ ပါတီသစ်အတွက် မူဝါဒပိုင်းဆိုင်ရာ အကြံပြုချက်တွေ စုစည်းမယ့် တွေ့ဆုံဆွေးနွေးပွဲတစ်ခုလုပ်မယ်လို့ သိရပါတယ်။ ပါတီသစ်တစ်ခု တည်ထောင်ဖို့ ကြိုးစားတဲ့အခါ ဘာအခက်အခဲတွေ အဓိကရင်ဆိုင်ရလဲခင်ဗျ။
ပါတီသစ်တစ်ခုတည်ထောင်ဖို့က လွယ်လွယ်ကူကူမဟုတ်ဘူးဆိုတာ ကျွန်တော်တို့ မျှော်လင့်ပြီးသားပါ။ ရှိနေပြီးသား နိုင်ငံရေးအခင်းအကျင်းမှာ ကိုယ်၌ကအထူးသဖြင့် ဖေ့စ်ဘွတ်ခ်မှာပေါ့။ အကွဲတွေပဲမြင်နေရတယ်။ သူ့လူ၊ ငါ့လူဆိုပြီး တံဆိပ်ကပ်တဲ့ဟာပေါ့။ အဲဒါက ဖြစ်ရိုးဖြစ်စဉ်ဆိုပေမယ့် အကန့်အသတ်ကို ကျော်ရင်တော့ အန္တရာယ်ရှိတယ်လို့ မြင်တယ်။
ပါတီစပြီးထောင်မယ်လို့ ရည်ရွယ်ကတည်းက ကိုယ့်ပါတီက ဘာလုပ်မယ်၊ ဘာတွေတော့မလုပ်ဘူးလဲဆိုတာကိုပဲပြော။ အဲဒါကောင်းတယ်။ အဲဒီလိုမဟုတ် ဘဲနဲ့ တစ်ယောက်ယောက်ကို၊ တစ် ဖွဲ့ ဖွဲ့ကို ဦးတည်ပြီးတော့ စဉ်းစား တယ်၊ ချဉ်းကပ်တယ်ဆိုတဲ့ ပုံစံ ကိုယ်၌က ကိုယ့်ကိုယ်ကိုယ် ခိုင် မာအောင်၊ ကျစ်လျစ်အောင်လုပ် တာ မဟုတ်ဘဲနဲ့ ဦးတည်ရန်သူရှာ ပြီးတော့ တစ်ဖက်ဘက်ကို တည် ပြီးတော့ လူစုတာမျိုး၊ စဉ်းစားတာ မျိုးကတော့ အန္တရာယ်ကြီးတယ် လို့မြင်တယ်။
အဓိကကြုံရတဲ့ အခက်အခဲတွေက ဘာဖြစ်မလဲခင်ဗျ။
ပါတီထောင်ပြီဆိုကတည်းက လူကအများလေ။ လူများပြီဆိုကတည်းက ညှိရတာနှိုင်းရတာ၊ သဘောထားမတိုက်ဆိုင်တာတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေပါ။ ကျွန်တော်တို့ တွဲလုပ်နေတဲ့သူတွေထဲမှာတောင်မှ မူဝါဒ တစ်ခုခုချမှတ်လိုက်ပြီဆိုရင် ဒီအပေါ်မှာ ဆက်ပြီးတော့ မပါနိုင်လို့၊ မလုပ်နိုင်လို့ဆိုပြီးတော့ ချန်နေခဲ့တဲ့ သူတွေရှိကောင်းရှိမယ်။ ဒါတွေလည်း ကျွန်တော်တို့ ကြိုပြီးမျှော်လင့်ထားတယ်။ နောက်တစ်ခုက ၈၈၊ ၈၉ တုန်းက ပါတီထောင်တယ်ဆိုတာက ရှစ်လေးလုံးအရှိန်ကြီးနဲ့ ဆက်ပြီးတော့ သယ်သွားတာ။ အခုချိန်မှာကျတော့ တကယ့်ကို ယုံကြည်ချက်တူတဲ့၊ နားလည်မှုရှိတဲ့သူတွေရဖို့ စုစည်းနိုင်ဖို့ဆိုတာ ကျွန်တော်တို့ ပထမဆုံးဖြတ်သန်းရမယ့် အခြေအနေတစ်ခုပါ။ ကျန်တာကတော့ တိုင်းပြည်မှာရှိနေတဲ့ အခြေအနေပေါ့။ နေရာတိုင်းမှာ ပွက်ပွက်ဖြစ်နေတဲ့ဟာ တွေပေါ့။ ဒေသအလိုက်ဖြစ်နေတာတွေရှိတယ်။ အကြောင်းအရာ လိုက်ဖြစ်နေတာတွေရှိတယ်။ အဲဒါတွေကလည်း ကျွန်တော်တို့ပါတီအနေနဲ့ မလွဲမသွေရင်ဆိုင်ရမယ့်ကိစ္စတွေလို့မြင်တယ်။
အခုပါတီသစ်မှာ ၈၈ မျိုးဆက် တချို့ပါမယ်။ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အ စည်းကလည်း ဆက်ရှိနေမယ်ဆိုတော့ ဘယ်သူတွေက ပါတီမှာ ပါလာပြီး ဘယ်သူတွေက ကျန်ခဲ့မလဲခင်ဗျ။
နိုင်ငံရေးပါတီအဖြစ်နဲ့ ဆက်ပြီးသွားမယ်လို့ ပိုင်းဖြတ်တဲ့သူ တွေကတစ်ပိုင်း။ လက်ရှိ ပုံစံအတိုင်း အရပ်ဘက်အဖွဲ့အစည်းပုံစံနဲ့ သွားချင်တဲ့လူတွေကတစ်ပိုင်း။ ဒါပေမဲ့ အဲဒါက ကျွန်တော်တို့အချင်းချင်းကြားမှာ သဘောထားကွဲ ကြတာ မဟုတ်ဘူး။ ကိုယ့်ရဲ့ရွေးချယ်မှုပဲ။ ကိုယ်သန်တဲ့ပုံစံနဲ့ သွားကြတာဆိုတော့ လောလောဆယ်ထိပ်ပိုင်းမှာ ရှိနေတဲ့သူတွေထဲကလည်း ပါတီဘက်သွားမယ့်သူတွေရှိတယ်။ နယ်တွေမှာလည်း ပါတီဘက်ကိုလာမယ်လို့ သဘောထားပေးထားတဲ့သူတွေလည်းရှိတယ်။ ပါတီသွားပြီဆိုရင်တော့ ၈၈ ပွင့်လင်းဆိုတဲ့ဟာကြီးကို ပါတီထောင်တာမဟုတ်ဘူး။ ပါတီဘက်သွားဖို့ စိတ်သန်တဲ့သူတွေကသွားမယ်။ ပွင့်လင်းမဟုတ်တဲ့ ရဲဘော်တွေလည်း ပါတီထဲပါမယ်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ဖို့ ရည်ရွယ်ထားပါတယ်။
ကိုမင်းကိုနိုင်ကကော။
သူနဲ့၊ ကျွန်တော်နဲ့က ရဲဘော်ရဲဘက်ဆိုတာထက် သူငယ်ချင်းလို၊ ညီအစ်ကိုလိုမျိုးပါ။ အမေဆိုရင် (ကိုမင်းကိုနိုင်အမေ) ကျွန်တော်က မိဘနှစ်ပါးဆုံးပါးသွားတဲ့အချိန်မှာ အမေကပြောရင်တောင်မှ ကိုကိုကြီးက ငါ့သားအကြီး။ပေါ်ဦးက အငယ်ဆိုပြီးတော့ အမြဲပြောလေ့ရှိတယ်။ ကျွန်တော်တို့က လုပ်ဖော်ကိုင်ဖက်လိုသာမက မိသားစုချင်းပါ။ အဲဒီလိုဆက်ဆံရေးကောင်းရှိတယ်။ သူ (ကိုမင်းကိုနိုင်) ကနဂိုကတည်းက အနုပညာဆန်တယ်။ အထူးသဖြင့် စာရိတ္တတန်ဖိုးတွေ ဟောပြောမယ်၊ စည်းရုံးမယ်။ အစရှိသဖြင့် ဒီလိုပုံစံမျိုးသန်တယ်။ သူကျွန်တော့်ကို နဂိုကတည်းကပြောတယ်။ သူ့အနေနဲ့ အားပေးတယ်။ ကျွန်တော် နိုင်ငံရေးသန်တာလည်း သိတယ်။ သို့သော် သူမပါနိုင်ဘူးဆိုတာက သူက အရပ်ဘက်ပုံစံမျိုးနဲ့ပဲ ဆက်သွားမယ်။
ပါတီက ၂၀၂၀ အတွက် ရည်ရွယ်တယ်လို့မြင်တယ်။ ၂၀၂၀ ရွေးကောက်ပွဲကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။ အစိုးရတစ်ရပ် ဖွဲ့နိုင်တဲ့အထိ မျှော်လင့်ထားပါသလား။
ကျွန်တော်တို့က နယ်အသီးသီးမှာရှိနေတဲ့ ကျွန်တော်တို့ ရဲဘော်တွေ၊ ကွန်ရက်တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်သွားမှာပါ။ ဒီကြားကာလ ၂၀၁၈၊ ၂၀၁၉ ကတော့ ပါတီတည်ဆောက်ရေး၊ စည်းရုံးရေးကာလပေါ့။ အဲဒီတော့ ၂၀၂၀ မှာကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဖြစ်ပေါ်ပြောင်းလဲတဲ့ အခြေအနေပေါ်မှာလည်း မူတည်တယ်။ ပါတီထောင်တယ်။ ရွေးကောက်ပွဲမှာ သဲကြီးမဲကြီးဝင်ပြိုင်တယ်။ အောင်နိုင်မယ်ဆိုတာက ပါတီတစ်ခုရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်ရပ်တစ်ခုပါ။ ကျွန်တော်တို့စိတ်ထဲမှာ ဒီထက်ပိုလေးနက်တာကတော့ ဒီကြားထဲမှာ တိုင်းပြည်အတွက် အပြောင်းအလဲတွေ၊ အချိုးအကွေ့တွေ အရေးကြီးလာရင် ပါတီအကျိုးစီးပွားထက်နိုင်ငံရဲ့ အကျိုးစီးပွား၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် အကျိုးစီးပွားကိုကျွန်တော်တို့က မျက်ခြည်ပြတ်မခံပါဘူး။ သာမန်အခြေအနေမှာဆိုရင်တော့ ၂၀၂၀ မှာ ကျွန်တော်တို့ တတ်နိုင်သလောက် ရွေးကောက်ပွဲဝင်သွားမယ်။ ပါတီဆိုတာက တော့ ခပ်ကြမ်းကြမ်းပြောရရင်အာဏာရဖို့လုပ်တာပေါ့။ အာဏာဆိုတာ စကားလုံးက ကြမ်းနေတာ တကယ်ကလုပ်ပိုင်ခွင့်ပေါ့။ ဆိုတော့ လုပ်ပိုင်ခွင့်ရမှလည်း ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေ အနေနဲ့က စိတ်ကူးစိတ်သန်းတွေ၊ စေတနာတွေကို အကောင်အထည်ဖော်ခွင့်ရမှာပေါ့။ ရေရှည်မှာတော့ အဲဒီအဆင့်ရောက်အောင် သွားရမှာပေါ့။ သို့သော် ဒီကြား ကာလမှာလည်း ကျွန်တော်တို့က လူထုရဲ့အသံကို ဖော်ထုတ်ပေးတာတွေ၊ ပြဿနာတွေ၊ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ပေါ်လစီဒီဘိတ်လိုမျိုး၊ ဆွေးနွေးတာမျိုးတွေကို ဆက်လုပ်သွားဖို့ မျှော်လင့်တယ်။ အဲဒီကရလာတဲ့ရလဒ်တွေကို တာဝန်ရှိတဲ့သူတွေ ကို ကျွန်တော်တို့က တင်ပြနိုင်ဖို့။ ဒါဟာ ပါတီတစ်ခုအနေနဲ့ ရွေးကောက်ပွဲ နိုင်နိုင်၊ မနိုင်နိုင်လူထုရဲ့အသံကို ထင်ဟပ်နေရမယ်။ လူ ထုနဲ့ပတ်သက်တဲ့ အခက်အခဲပြဿနာတွေကို ဖြေရှင်းဖို့အတွက် အကြံပြုချက်တွေ လုပ်နေရမယ်လို့ ကျွန်တော်တော့ အဲဒီလိုမြင်ပါတယ်။( 7Day News )
Thursday, March 30, 2017
ဦးကိုကိုကြီးနှင့် တွေ့ဆုံခြင်း
Reviewed by Ar Ti
on
2:51 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment