တပ်ချုပ်ကိုထောက်ပြဝေဖန်ခွင့် ရှိကြောင်းကိုမျိုးရန်နောင်သိန်းထွက်ဆို
ရန်ကုန်၊ မတ် ၂၈
ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆို ခံရသည့် ကိုမျိုးရန်နောင်သိန်း က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှာ နိုင်ငံဝန်ထမ်း ဖြစ်သည့် အတွက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၉၉ တွင် ပြဋ္ဌာန်း ထားသည့် အသရေဖျက်မှု အဓိပ္ပါယ် ဖွင့်ဆိုချက် အရ ထောက်ပြ ဝေဖန်ခွင့် ရှိကြောင်း တရားခွင်တွင် ထွက်ဆို လိုက်သည်။
ယနေ့ (မတ် ၂၈ ရက်) မွန်းလွဲပိုင်းက ကမာရွတ်မြို့နယ် တရားရုံးတွင် ပြုလုပ်သော တရားခွင်တွင် ကိုမျိုးရန်နောင်သိန်း က အသရေဖျက်မှု အဓိပ္ပါယ် ဖွင့်ဆိုချက် ရာဇသတ်ကြီး ပုဒ်မ ၄၉၉ တွင် ပြည်သူ့ ဝန်ထမ်းများ အဖြစ် အလုပ် ဝတ္တရားများ ဆောင်ရွက် ရာတွင် ပြည်သူ့ဝန်ထမ်း၏ အပြုအမူနှင့် သော် လည်းကောင်း၊ ထိုပြည်သူ၏ အကျင့်စာရိတ္တသည် ထိုသူ၏ အပြုအမူ ပေါ်၌ ထင်ပေါ်နေသည့် အတွက် ထိုသူ၏ အကျင့် စာရိတ္တနှင့် စပ်လျဉ်း၍သော် လည်းကောင်း၊ တစ်ဦး တစ်ယောက်သော သူက သဘောရိုးဖြင့် မိမိ ထင်မြင်ချက်ကို ဖော်ပြခြင်းသည် အသရေဖျက်မှု မမြောက်ဟု ပြဋ္ဌာန်း ပါရှိသည့် အတွက် နိုင်ငံ့ဝန်ထမ်း ဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို ထောက်ပြ ဝေဖန်ခွင့် ရှိကြောင်း ထွက်ဆိုခဲ့ခြင်း ဖြစ်သည်။
“ရခိုင်ပြည်နယ် ဘင်္ဂါလီ အရေးအခင်းက မြန်မာသာမက ကမ္ဘာကပါ စိတ်ဝင်စားတယ်၊ တာဝန်ရှိသူတွေ ကိုယ်တိုင်က ပြည်သူကို လေးစားတဲ့ အနေနဲ့ အသိပေး ရှင်းပြခြင်း မရှိခဲ့ဘူး၊ အဲဒါကြောင့် ဒီပို့စ်ကို မရေးချင်ဘဲ ရေးခဲ့ရတာ ဆိုတာ ပထမ စာပိုဒ်မှာ ကတည်းက ရေးထားပြီးသားပါ၊ ဒီပို့စ် တစ်ခုလုံးမှာ ရှိတဲ့ စာကြောင်းတွေဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ်၊ နယ်/လုံ ဝန်ကြီးတို့ အပေါ်မှာ အသရေ ပျက်စေတဲ့ အကြောင်း အရာ မပါပါဘူး” ဟု တရားခွင်တွင် ထွက်ဆိုခဲ့သည်။
Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် Myo Yan Naung Thein အကောင့်ပိုင်ရှင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို “အရှက်ရှိတဲ့ ကာချုပ် မဟုတ်တော့၊ တာဝန် အရှိဆုံး ဖြစ်ပါလျက် ခပ်တည်တည်ပဲ၊ မနှုတ်ထွက်ဘူး၊ ပြည်သူ့ အကျိုးစီးပွား အဓိက၊ ဘာညာ ဆိုပြီး ခက်တည်တည် ပြောသေးတယ်၊ မျက်နှာပြောင် တိုက်တာလား၊ အရှက် မရှိတာလား၊ ရှက်ရကောင်းမှန်း မသိတော့တာလား” ဟု ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က ရေးသားခဲ့သည် ဟုဆိုကာ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး လင်းထွန်းက လှိုင်မြို့မ ရဲစခန်းတွင် တရားလိုပြု တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
“အခု ရေးသားတဲ့ပို့က အများပြည်သူ အကျိုးစီးပွား အတွက် သဘောရိုးနဲ့ ရေးခဲ့တာပါ၊ တပ်မေတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တာဝန်ရှိသူတွေ အပေါ် ထောက်ပြ ဝေဖန်ခြင်း ဖြစ်ပါတယ်၊ ပြည်သူတွေ နိုင်ငံရေး ကိစ္စ ရှင်းရှင်း လင်းလင်း သိစေရန် ကျွန်တော့်မှာ တာဝန် ရှိပါတယ်၊ အခု စွဲဆိုတာ ကလည်း ရေးသားတဲ့ အကြောင်းအရာ အပေါ်မှာ ဒီထက် ပိုညင်သာတဲ့ စကား အသုံးအနှုန်းနဲ့ ရေးသားခဲ့မယ် ဆိုရင် အခုလို ဖြစ်လာမှာ မဟုတ်ဘူး” ဟု ကိုမျိုးရန်နောင်သိန်း က တရားခွင် နိဂုံးချုပ် စကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
The Voice
Tuesday, March 28, 2017
တပ်ချုပ်ကိုထောက်ပြဝေဖန်ခွင့် ရှိကြောင်းကိုမျိုးရန်နောင်သိန်းထွက်ဆို
တပ်ချုပ်ကိုထောက်ပြဝေဖန်ခွင့် ရှိကြောင်းကိုမျိုးရန်နောင်သိန်းထွက်ဆို
Reviewed by Ar Ti
on
8:11 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment