Latest News

Wednesday, March 1, 2017

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသော ဒေါက်တာအေးဇံ၏ ကိုယ်ရေးအကျဉ်း

မွန်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရသော ဒေါက်တာအေးဇံ၏
ကိုယ်ရေးအကျဉ်း

ဒေါက်တာအေးဇံကို မွန်ဘာသာသင်ဆရာတစ်ဦးဖြစ်သော အဘ ဦးကျော်ဇံ (မုဒုံမြို့နယ် သမဝါယမဌာနမှူး) နှင့် မိခင် ဒေါ်ရင်မြတို့က မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် မွေးဖွာခဲ့သည်။
ဒေါက်တာအေးဇံသည် ငယ်စဉ်က မွေးဖွားရာဇာတိဖြစ်သည့် မုဒုံမြို့၊ သင်္ဘောဦးရပ်ကွက်၊ မူလတန်းကျောင်း အ.ထ.က (၁)၊ မုဒုံ (အ.ထ.က) သံဖြူဇရပ်၊ ရှမ်းပြည်နယ် (အ.ထ.က) သီပေါတွင် အခြေခံပညာများ သင်ယူခဲ့ပြီးနောက် ရန်ကုန်ဆေးတက္ကသိုလ် (၂) မင်္ဂလာဒုံတွင် M.B.B.S YGN ဘွဲ့ရရှိခဲ့သည်။

ဖခင်ဖြစ်သူမှာ ကျိုက်ထိုမြို့နယ် သမဝါယမသို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်စဉ် ဒေါက်တာအေးဇံသည် ဒေါ်ခင်အေးမူနှင့် အိမ်ထောင်ကျပြီး သားသုံးယောက် သမီးတစ်ယောက် ထွန်းကားခဲ့သည်။

ကျိုက်ထိုမြို့နယ်သို့ ဇနီးသည်နှင့် သွားရောက်နေထိုင်စဉ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို သွားရောက်ကြည့်ရှုရင်း ဒေါ်အောင်ဆန်းစုကြည်ကားမောင်းသူ ကိုညွှန်ရွှေနှင့် စကားပြောကြရာမှ နောက်ပိုင်းတွင် ပါတီကိစ္စများ ဝင်ရောက်လုပ်ကိုင်ရင်း ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲတွင် ဝင်ရောက် ရွေးချယ်ခံရာ အနိုင်ရရှိခဲ့ပြီး မဲအနိုင်ရရှိခဲ့သည်။

၁၉၉၂  ခုနှစ်တွင် ကျိုက်ထိုမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဖြစ်ခဲ့သည့်အပြင် ပြည်နယ်ဗဟိုကော်မတီဝင်ဖြစ်ခဲ့သည်။

နိုင်ငံရေးကိစ္စဖြင့် ၁၉၉၆ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရပြီး မော်လမြိုင်ထောင်တွင် ထိန်းသိမ်းခံခဲ့ရသည်။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ပြစ်ဒဏ်ရွေ့ဆိုင်းခံရသဖြင့် လွှတ်မြောက်လာခဲ့သည်။

ဒေါက်တာအေးဇံသည် ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် ကျိုက်ထိုမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် မဲအနိုင်ရရှိခဲ့ပြီးနောက် မွန်ပြည်နယ်လွှတ်တော်တွင် စီမံကိန်းနှင့် ဘဏ္ဍာရေးကော်မတီ ဥက္ကဋ္ဌ၊ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေပြီး ၂၀၁၆ မှ ၂၀၂၁ ခုနှစ်ထိ ငါးနှစ်တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

သတင်း-ရွှေစင်
ဟင်္သာမီဒီယာ

ZN.H

No comments:

Post a Comment