Latest News

Friday, March 3, 2017

ကျပ် ၅၀၀ တန်ထီရောင်းချသည့် ကိုယ်စားလှယ်များအား အမြတ်ငွေ တိုးမြှင့်ပေးရန်စီစဉ်

ကျပ် ၅၀၀ တန်ထီရောင်းချသည့် ကိုယ်စားလှယ်များအား အမြတ်ငွေ

တိုးမြှင့်ပေးရန်စီစဉ်


 ကျပ် ၅၀၀ တန် ထီလက် မှတ်ဈေးနှုန်း ကြီးမြင့်မှုမရှိစေရန် ကိုယ်စားလှယ်ယူ ရောင်းချမည့် သူများအား အမြတ်ငွေတိုးမြှင့် ပေးရန် စီစဉ်ထားကြောင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိ ရောင်းချနေသည့် ကျပ် ၅၀၀ တန် ထီလက်မှတ် ၁၀ စောင်တစ်အုပ်လျှင် ကျပ် ၅,၀၀၀ နှုန်းဖြင့် ကိုယ်စားလှယ်များအား ရောင်းချပေးနေကာ အမြတ်ငွေ အတွက် တစ်စောင်ပိုပေးသည့် စနစ်ကို ကျင့်သုံးနေခြင်းဖြစ် သည်။

‘‘၁၀ စောင်ကို တစ်စောင်ပို ပေးတဲ့စနစ်က ရောင်းချတဲ့သူတွေ အတွက် ထီတစ်အုပ်အမြတ်ငွေ ၉ ဒသမ ၁ ရာခိုင်နှုန်းပဲရှိနေတယ်။  ဒါကို တိုးမြှင့်ပေးဖို့ စဉ်းစားထား တယ်။ နိုင်ငံတကာမှာတော့ ကိုယ်စားလှယ်တွေကို ပေးတဲ့အမြတ် က ၁၂ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းရှိတယ်။ ဒီမှာတော့ ၁၂ ရာခိုင်နှုန်း အမြတ်ငွေတိုးပေးဖို့မှန်းထား တယ်။ ဘယ်လိုတိုးပေးမလဲဆို တာကတော့ ထီလုပ်ငန်းရှင်အ သင်းဆီက တင်ပြစာကို စောင့်နေ တယ်။ ပြီးရင် ဘယ်လိုလုပ်သင့် တယ်ဆိုတာကို အထက်ကို ဆက် ပြီး တင်ပြသွားမယ်’’ဟု အောင် ဘာလေသိန်းဆုဌာနခွဲ ညွှန်ကြား ရေးမှူး ဦးထွန်းထွန်းအောင်က ပြောသည်။

ထိုသို့အမြတ်ငွေတိုးမြှင့်ပေး နိုင်မည့်အစီအစဉ်ကို သက်ဆိုင် ရာ ထီလုပ်ငန်းရှင်များတင်ပြချက် အပေါ် မူတည်၍ ဝန်ကြီးဌာနက စိစစ်ဆုံးဖြတ်မည်ဖြစ်သဖြင့် မည်သည့်အချိန်တွင် စတင်မည်ကို မသိနိုင်သေးပေ။

‘‘အမြတ်ငွေ တိုးပေးမယ်ဆို တာကတော့ ကောင်းပါတယ်။ တိုးပေးတဲ့ပမာဏက ကိုယ်စား လှယ်ကြီးတွေပဲရပြီး အောက်ခြေ ထိဖြန့်နေတဲ့ တစ်နိုင်တစ်ပိုင်သ မားတွေအထိ ခံစားခွင့်မရောက်ခဲ့ ဘူးဆိုရင်တော့ ထီလက်မှတ်ဈေး တင်ရောင်းတာကို ထိန်းဖို့လွယ်မှာ မဟုတ်ဘူး’’ဟု ထီအရောင်းကိုယ် စားလှယ်တစ်ဦးကပြောသည်။

ကျပ် ၅၀၀ တန် ထီအရောင်း ဆိုင်ကြီးအချို့တွင် သတ်မှတ်နှုန်း အတိုင်းသာ ရောင်းချသော်လည်း ကိုယ်စားလှယ်များထံမှ တစ်ဆင့် ခံ ဝယ်ယူရောင်းချသည့် တွန်း လှည်းနှင့် တစ်နိုင်တစ်ပိုင် အ ရောင်းဆိုင်အချို့၌ ဈေးတင် ရောင်းချမှုများရှိနေသည်။

အဆိုပါ တစ်နိုင်တစ်ပိုင်အ ရောင်းဆိုင်များသည် ကျပ် ၅၀၀ တန် ထီတစ်စောင်ကို ကျပ် ၆၀၀၊ ကျပ် ၇၀၀ နှုန်းများဖြင့် ရောင်းချ မှုများ ရှိနေကြောင်း ထီထိုးသူအ ချို့က ပြောသည်။

သတ်မှတ်နှုန်းထားထက် ပို ၍ ရောင်းချနေမှုများနှင့်ပတ်သက် ၍ ထီစတင်ရောင်းချသည့် ရက် ပိုင်းအတွင်း ဖုန်းဖြင့်ဆက်သွယ် တိုင်ကြားမှုများရှိနေပြီး အများစု မှာ အမည်နှင့်နေရပ်ကို မပြောဘဲ တိုင်ကြားမှုများ ဖြစ်နေကြောင်း ဦးထွန်းထွန်းအောင်က ပြောကြား သည်။

အောင်ဘာလေသိန်းဆုဌာန မှ ကိုယ်စားလှယ်ယူရောင်းချသူ များသည် ထီဈေးနှုန်းကို သတ်မှတ် ဈေးထက် ပိုမိုရောင်းချပါက ထီလက်မှတ်ဝယ်ယူခွင့် ရုပ်သိမ်း ခြင်း၊ အမည်ပျက်စာရင်းသွင်း ခြင်းနှင့် ထီဝယ်ယူခွင့်အာမခံသွင်း ထားသည့် ငွေများကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရ မည်ဟု သတိပေးထားသည်။

‘‘တစ်နိုင်တစ်ပိုင်သမားတွေ ကျတော့ ဌာနဆီကနေ တိုက်ရိုက် ကိုယ်စားလှယ် ယူထားတာ မ ဟုတ်တော့ ကိုယ်စားလှယ်တွေကို အရေးယူတဲ့ပုံစံမျိုး လုပ်လို့မရ ဘူး။ ဒါကြောင့် သူတို့ကိုခေါ်ပြီး ဌာနကနေ ၁၀ စောင်အုပ်ဝယ်ပြီး ရောင်းဖို့ တိုက်တွန်းသွားမယ်။ ထီဝယ်ရ အခက်အခဲမရှိအောင် လည်း အခုဆိုရင် အရန်ထီတွေပါ ထုတ်ရောင်းပေးနေတယ်’’ ဟု ဦးထွန်းထွန်းအောင်ကဆိုသည်။

လက်ရှိတွင် အောင်ဘာလေ ထီဥပဒေသည် လွှတ်တော်၌ အ တည်ပြုထားနိုင်ခြင်း မရှိသေး၍ ထီလက်မှတ်များ ဈေးတင်ရောင်း ချနေခြင်းများအပေါ် ဥပဒေကြောင်းအရ အရေးယူနိုင်ရန် မဖြစ်နိုင်သေးကြောင်း ပြည်တွင်း အခွန်များဦးစီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။

ကျပ် ၅၀၀ တန်ထီသည်အမြင့်ဆုံးဆုငွေ ကျပ်သိန်းတစ် သောင်းအထိ ပေးမည်ဖြစ်၍ ထီ ကံစမ်းလိုသူများအကြား စိတ်ဝင် စားမှုမြင့်တက်နေသည်။

လက်ရှိဈေးကွက်တွင် ကျပ် ၅၀၀ တန် ထီကို ဝယ်ယူကံစမ်းမှု အရေအတွက်သည် ကျပ် ၂၀၀ တန် ထီလက်မှတ်ထက် ငါးဆခန့် ပိုမိုများပြားနေသည်ဟု ထီအ ရောင်းဆိုင်များကဆိုသည်။


7Day News Journal

No comments:

Post a Comment